ဝာရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ မြန်မာနိုင်ငံ လာမည်

RFA Burmese
2024.08.13
ဝာရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ မြန်မာနိုင်ငံ လာမည် သမ္မတဟောင်း ဦးသိန်းစိန်နှင့် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိတို့ တရုတ်နိုင်ငံ ပေကျင်းမြို့ရှိ နိုင်ငံတော် ဧည့်ဂေဟာတွင် ၂၀၂၄ ခုနှစ် ဇွန်လ ၂၉ ရက်နေ့က တွေ့ဆုံစဉ်။
Ministry of Foreign Affairs Myanmar

နိုင်ငံတစ်ဝန်း တိုက်ပွဲတွေ ပြင်းထန်နေချိန်မှာပဲ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိဟာ မြန်မာနိုင်ငံကို လာရောက်မှာဖြစ်တယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ဩဂုတ်လ ၁၃ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။

သူဟာ ကိုးကြိမ်မြောက် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်ရေး နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေး တက်ရောက်ဖို့အတွက် ထိုင်းနိုင်ငံကိုလည်း သွားရောက်ဖို့ရှိနေတယ်လို့ ဆိုပါတယ်။

အဲဒီမှာ ဩဂုတ် ၁၄ ရက်နေ့က ၁၇ အထိ တရုတ်၊ လာအို၊ မြန်မာနဲ့ ထိုင်း နိုင်ငံခြားရေးဝန်ကြီးတွေရဲ့ သီးခြား တွေ့ဆုံဆွေးနွေးမှုကိုလည်း ဝမ်ယိက တက်ရောက်မှာဖြစ်တယ်လို့ ဖော်ပြပါတယ်။

တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိရဲ့ မြန်မာနိုင်ငံ ခရီးစဉ်နဲ့ပတ်သက်လို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးကတော့ မြန်မာနိုင်ငံမှာဖြစ်နေတဲ့ ပဋိပက္ခတွေနဲ့ သဘောထားကွဲလွဲမှုတွေကို ဥပဒေဘောင်အတွင်းက နိုင်ငံရေးအရ ဖြေရှင်းဖို့ အပြုသဘောဆောင်တဲ့ အကူအညီတွေပေးမဲ့အကြောင်း ဩဂုတ်လ ၁၃ ရက်နေ့မှာပဲ ထုတ်ပြန်ပါတယ်။

ဝမ်ယိဟာ စစ်တပ်အာဏာသိမ်းပြီးတဲ့နောက် သူ့ရဲ့ပထမဆုံး မြန်မာနိုင်ငံခရီးစဉ်အဖြစ် ၂၀၂၂ ခုနှစ် ဇွန်လက မြန်မာမှာလက်ခံကျင်းပတဲ့ လန်ချန်း-မဲခေါင်အစည်းအဝေးကို တက်ရောက်ခဲ့ပြီး အခုတစ်ကြိမ်ဟာ ဒုတိယမြောက်ခရီးစဉ် ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လ ၈ ရက်နေ့ကလည်း တရုတ်နိုင်ငံခြားရေးဝန်ကြီး အာရှရေးရာ အထူးကိုယ်စားလှယ် မစ္စတာ တိန့်ရှီကျွင်းဟာ နေပြည်တော်ကိုရောက်လာပြီး စစ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တွေ့ဆုံခဲ့ပါတယ်။

တရုတ်ရဲ့ ကြားဝင်စေ့စပ်မှုအရ ရှမ်းမြောက်ဒေသ ၁၀၂၇ စစ်ဆင်ရေးကို ရပ်တန့်နိုင်ခဲ့တဲ့ ဟိုင်ဂင် သဘောတူညီချက်ပျက်ပြားခဲ့ပြီး မြန်မာနိုင်ငံတစ်ဝန်း တိုက်ပွဲတွေ ပြန်လည်ပြင်းထန်နေချိန်မှာ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထိပ်တန်းအရာရှိနှစ်ဦး ဆက်တိုက်ဆိုသလို မြန်မာနိုင်ငံကို လာရောက်တာလည်းဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။