နမ့်ခမ်းမြိုု့နယ်ဒုက္ခသည်များ ကူညီရေး တအာင်းလူငယ်များ အလှူငွေကောက်
2015.12.19

ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြို့ အနီးတဝိုက်မှာ စစ်ပွဲတွေရပ်စဲဖို့ စစ်ဘေးဒုက္ခသည်တွေကို ကူညီဖို့ဆိုတဲ့ရည်ရွယ်ချက်နဲ့ နမ့်ခမ်းမြို့မ တအာင်းလူငယ်တွေစုပေါင်းပြီး တအာင်းတိုင်းရင်းသားတွေရဲ့ နေအိမ်တွေမှာ လိုက်လံပြီး အလှူခံနေကြပါတယ်။
အလှူခံလို့ရတဲ့ငွေနဲ့ပစ္စည်းတွေကို နမ့်ခမ်းမြို့နယ် ပန်ဟန်လေးကျေးရွာက စစ်ဘေးဒုက္ခသည်တွေနဲ့ နမ္မတူနဲ့မန်တုံမြို့နယ်တွေကနေ ထွက်ပြေးလာတဲ့ ပလောင်တိုင်းရင်းသား စစ်ဘေးဒုက္ခသည်တွေကို သွားရောက်လှူဒါန်းမှာဖြစ်တယ်လို့နမ့်ခမ်းမြို့က တအာင်းလူငယ်ခေါင်းဆောင် မိုင်းသန်းညွှန့်က ပြောပါတယ်။
"စစ်ပွဲရပ်ဖို့ပေါ့ ကျနော်တို့ စစ်ပွဲရပ် ဆိုတဲ့အင်္ကျီဝတ်ပြီးတော့ အလှူခံပါတယ်၊ တအာင်း လူငယ်အဖွဲ့ကလုပ်တာ၊ လူအင်အား ၄ဝ လောက်ရှိမယ်၊ တအာင်းမိဖပြည်သူတွေရဲ့ အိမ်တိုင်းကို ကျနော်တို့ ဝင်ထွက်ပြီးတော့ ဒီဒုက္ခသည်တွေကိုကူညီဖို့ ဝင်ပြောတယ်ပေါ့နော်၊ မိုင်းဝေးမှာရောက်နေတဲ့ ပန်ဟန်လေးကျေးရွာက စစ်ဘေးရှောင်တွေရယ်၊ နောက်ပြီးတော့ နမ္မတူမြို့နယ် ပန်ခမ်းရွာက ဟိုတလောက တစ်ရွာလုံးမီးရှို့ခံရတဲ့ ရွာတစ်ရွာရယ် အဲ့ဒီနှစ်နေရာကိုလှူဖို့ အလှူခံတာဖြစ်ပါတယ်"
နမ္မတူမြို့နဲ့နမ့်ခမ်းမြို့နယ်တွေထဲမှာ အစိုးရတပ်နဲ့တအာင်းတပ်မတော် TNLA တပ်တွေ တိုက်ပွဲတွေ ပြင်းထန်လာနေတာကြောင့် ဒေသခံတွေ ရွာလုံးကျွတ် ထွက်ပြေးနေကြရပါတယ်။
နမ့်ခမ်းမြို့နယ်ထဲမှာတော့ ပြီးခဲ့တဲ့လ ၂၈ ရက်နေ့ကစပြီး အစိုးရတပ်ဘက်က တပ်မ ၇၇၊ ၈၈ တပ် တွေနဲ့ TNLA တပ်တွေတိုက်ပွဲတွေ ပြင်းထန်လာနေတာကြောင့် ထွက်ပြေးလာနေသူ သုံးရာကျော် ရှိနေပြီဖြစ်ပါတယ်။
ဒီလိုထွက်ပြေးလာသူတွေကို ကူညီဖို့နဲ့စစ်ပွဲတွေရပ်ဖို့ပြုလုပ်တဲ့ တီရှပ်လှုပ်ရှားမှုနဲ့အလှူခံတာကို တအာင်းလူငယ် လေးဆယ်လောက်ပါဝင်ခဲ့ပြီး ဒီကနေနဲ့ မနက်ဖြန် ၂ ရက် ပြုလုပ်မှာဖြစ်တယ်လ့ို သိရပါတယ်။