ဘူးသီးတောင်က စစ်ဘေးဒုက္ခသည်တွေ ရိက္ခာလိုအပ်နေ


2020.05.10

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့၊ ရပ်ကွက် ၄ မှာ မြေငှားရမ်းပြီး အထောက်အပံ့ အကူအညီမရဘဲ တဲဆောက်နေ ရတဲ့ စစ်ဘေးဒုက္ခသည်ပြည်သူတွေနဲ့ ဘုန်းကြီးကျောင်း အပါအဝင် နီးစပ်ရာကျေးရွာတွေမှာ ခိုလှုံနေရသူတွေ စားရေးသောက်ရေးနဲ့ သောက်သုံးရေ အခက်အခဲတွေကြုံနေရပါတယ်။

ဘူးသီးတောင်မြို့နယ် ရပ်ကွက် ၄ မှာ အထောက်အပံ့ အကူအညီမရတဲ့ စစ်ဘေးဒုက္ခသည်တွေနဲ့ ဘုန်းကြီးကျောင်း အပါအဝင် နီးစပ်ရာကျေးရွာတွေမှာခိုလှုံနေရသူတွေ စားဝတ်နေရေး အခဲတွေကြုံနေရကြောင်း ခမီချောင်းကျေးရွာ ဒေသခံ ဦးကျော်သာခိုင်က RFA ကိုပြောပါတယ်။

“အကူအညီ လိုအပ်တာတော့ စားဝတ်နေရေးပေါ့၊ အခုလောလောဆယ် စစ်ဘေးရှောင်နေရတယ်ဆိုတော့၊ ဆန်ရယ်၊ ဆီရယ်၊ ဆားရယ် အဲလိုပေါ့၊ ကျွန်တော်တို့ရွာ တစ်ရွာလုံး ထွက်ပြေးတယ်အခု၊ ဘုန်းကြီးကျောင်းမှာ တစ်ဖွဲ့၊ ဒီ ၄ ရပ်ကွက်ထဲမှာတော့ ကျွန်တော်တို့ တစ်ရွာတည်းတော့ မကဘူး၊ အခုလောလောဆယ်တော့ ဘာမှမရသေးဘူး၊ ကျွန်တော်တို့ ပြေးတာလည်းကြာပြီ၊ ဆယ်ရက်ကျော် ဆယ်ငါးရက်လောက်ရှိပြီထင်တယ်၊ သူများအိမ်မှာ ကပ်ပြီးတော့ နေရတယ်ဆိုတော့ အမိုးအကာရယ် လောလောဆယ် နေစရာတွေပေါ့၊ ပြီးရင် စားဝတ်နေရေး၊ အဲဒါပေါ့ အရေးကြီးဆုံးက”

ခမီချောင်းတစ်ဘက်ကမ်း ဆယ်ညဝေရွာဘက်ကိုတော့ မြို့နယ်အုပ်ချုပ်ရေးက ဆန်တွေလာပေးတာရှိပေမယ့် ရပ်ကွက် ၄ ထဲကို ရောက်ရှိခိုလှုံနေရတဲ့ ခမီချောင်းက စစ်ဘေးဒုက္ခသည်တွေဘက်တော့ နှစ်ပတ်လောက်အထိ လာလှူတာ မရှိသေးဘူးလို့ ဦးကျော်သာခိုင်က ဆိုပါတယ်။

သူတို့ဟာ ကျန်ခဲ့တဲ့ မတ်လက ခမီးချောင်းကျေးရွာကို လက်နက်ကြီးကျရောက်ခဲ့လို့ ကလေးတစ်ယောက် သေဆုံးပြီးနောက် ထွက်ပြေးလာကြတာဖြစ်ပါတယ်။

ဘူးသီးတောင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်သောင်းရွှေက ရပ်ကွက် ၄ က စစ်ဘေးဒုက္ခ သည်တွေတင် အခက်အခဲဖြစ်နေတာ မဟုတ်ဘဲ ဘူးသီးတောင်မြို့နယ်ထဲမှာရှိတဲ့ စစ်ဘေးဒုက္ခသည်တွေအားလုံး အခက်အခဲကြုံနေရတယ်လို့ ပြောပါတယ်။

“ခမီတွေပဲ အခက်အခဲဖြစ်တယ် အဲလိုမဟုတ်ပါဘူး ရှိတဲ့သူတွေအားလုံး အခက်အခဲပါပဲ၊ ရွာထဲမှာ တချို့က အိမ်မြေငှားပြီးတော့မှနေတဲ့ မိသားစုတွေလည်း ရှိတယ်၊ အကုန်လုံးမှာတော့ အခက်အခဲ ကိုယ်စီရှိကြတာပဲ၊ အဲနေရာတစ်ခုတည်းတော့ မဟုတ်ပါဘူး၊ ရေအခက်အခဲရှိတယ် နောက်ပြီးတော့ နေရေးထိုင်ရေးပေါ့နော်၊ တန်းလျားလေးတစ်ခုမှာ မိသားစုအလိုက်နေရတာတော့ အဆင်မပြေဘူးပေါ့ဗျာ၊ ကျယ်ကျယ်ဝန်းဝန်း ဆောက် ပေးစေချင်တာပေါ့၊ အဲတာတွေလည်း အခက်အခဲ၊ နောက်တစ်ခုက စားဝတ်နေရေးပေ့ါ၊ လူကယ်ပြန်ဘက်က အစိုးရဘက်ကလည်း ဒီလောက်ပုံမှန်ပေးတာ မရှိဘူး၊ တစ်ခါတစ်ခါ နောက်ကျတာလည်းရှိတယ်၊ ပုဂ္ဂလိက အလှူရှင်တွေလာပြီးမှ ပေးတာလည်းရှိတယ်၊ သူတို့က အဲဒါကိုပဲ မျှော်ကိုးနေရတယ်ဆိုတော့ မလုံလောက် ဘူးပေါ့ဗျာ၊ မိသားစုတွေနဲ့ ဘာနဲ့ဆိုရင်”

လက်ရှိ ဘူးသီးတောင်မြို့နယ်ထဲက စစ်ဘေးဒုက္ခသည်စခန်း ၂၀ လောက်မှာရှိတဲ့ လူဦးရေ တစ်သောင်းကျော်ဟာ အစိုးရရဲ့ အကူအညီ အထောက်အပံ့ ပုံမှန်မရတဲ့အတွက် ပုဂ္ဂိလက အကူအညီတွေပဲ မျှော်လင့်နေရတယ်လို့ ဦးအောင်သောင်းရွှေက ဆိုပါတယ်။

ရပ်ကွက် ၄ ထဲမှာ အထောက်အပံ့ အကူအညီမရဘဲ မြေငှားနေရတဲ့ ခရစ်ယာန်ဘာသာဝင် ခမီလူမျိုး အယောက် ၂၀၀ လောက် ဟာလည်း စားဝတ်နေရေးအကူအညီတွေလိုအပ်နေလို့ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီအဖွဲ့ ICRC ကို အကူအညီ တောင်းထားတယ်လို့ ရခိုင်တိုင်းရင်းသား မျိုးနွယ်များ အစည်းအရုံး (REC) က ဖော်ပြထားပါတယ်။

ဘူးသီးတောင်မြို့မှာရှိတဲ့ ဒုက္ခသည်စခန်းတွေမှာ ခမီတိုင်းရင်းသားတွေ မရှိတာနဲ့ အရေးပေါ်ကိစ္စနဲ့ ရွာပြန်မယ် ဆိုရင် ခက်ခဲတာကြောင့် ဒုက္ခသည်စခန်းတွေမှာ သွားမနေဖြစ်တာလို့ စစ်ဘေးဒုက္ခသည်တွေက ပြောပါတယ်။

ICRC ဘက်ကတော့ သူတို့ဆီကို အခုအချိန်ထိ အကူအညီတောင်းတာ မရှိသေးဘူးလို့ RFA ကို ပြောပါတယ်။

ဒါပေမဲ့ ရပ်ကွက် ၄ ထဲက ဂန္ဓာရီဘုန်းကြီးကျောင်းမှာ ခိုလှုံနေတဲ့ စစ်ဘေးဒုက္ခသည် မိသားစုတွေအတွက်တော့ ၂၀၁၉ ခုနှစ် နိုဝင်ဘာလမှာ နှစ်လစာ စားနပ်ရိက္ခာတွေ ကူညီပေးခဲ့သလို ၂၀၂၀ ဇန်နဝါရီလမှာလည်း အမိုးအကာ ပစ္စည်းတွေနဲ့ ရေသန့်စက်တွေ အပါအဝင် ဆောင်းရာသီအတွက် လိုအပ်တဲ့ပစ္စည်းတွေကိုလည်း ပံ့ပိုးပေးခဲ့ပြီး ဖြစ်တယ်လို့ ICRC က ပြောပါတယ်။

တစ်နှစ်ကျော်ကာလအတွင်း ကျောက်တော်၊ ဘူးသီးတောင်၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံ၊ စစ်တွေနဲ့ အမ်းမြို့တွေမှာရှိတဲ့ စစ်ဘေးဒုက္ခသည်စခန်း ၁၀၀ ကျော်က စစ်ဘေးဒုက္ခသည် ခြောက်သောင်း ကျော်ကို စားနပ်ရိက္ခာ၊ ဆေးဝါးနဲ့ သောက်သုံးရေ အစရှိတာတွေကို ကူညီပေးထားတယ်လို့ ICRC က ဆိုပါတယ်။

ဘူးသီးတောင်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးရွှေလှအောင်ကတော့ ရပ်ကွက် ၄ တင်မကဘဲ တစ်မြို့နယ်လုံးမှာရှိတဲ့ စစ်ဘေးရှောင်တွေအတွက် နေ့စဉ်စားဖို့ ဆန်အကူအညီပေးထားတယ်လို့ RFA ကို ပြောပါတယ်။

“စားဝတ်နေရေးကတော့ဗျာ ကိုယ့်အိမ်ပိတ်ပြီးမှ လာတဲ့အတွက် အနည်းနဲ့အများတော့ ရှိမှာပေါ့၊ ဟုတ်တယ်မလား၊ ဒါပေမဲ့ ကျွန်တော်တို့ နိုင်တဲ့ဟာပေါ့ဗျာ အစိုးရအဖွဲ့ကပေးတဲ့ ဆန် တစ်ယောက်ကို တစ်ရက်ကို နို့ဆီနှစ်လုံး ပေးထားတယ်လေ၊ ကျွန်တော်တို့ဆီမှာရှိတဲ့ ရပ်ကွက် ၄ ရယ်လို့ မဟုတ်ဘူး ကျွန်တော်တို့မှာ ဒုက္ခသည်စခန်း နှစ်ဆယ်ရှိတယ်၊ နှစ်ဆယ်စလုံးကို ပေးတယ်၊ သူ့ရက်နဲ့သူ၊ တချို့ဆိုရင် နှစ်ပတ်စာပေးတယ်၊ တချို့ဆိုရင် နည်းနည်းဝေးတဲ့နေရာဆိုရင် သွားရလာရခက်လို့ တစ်လစာပေးတယ်၊ ကျွန်တော်တို့ဘက်က ပြတ်သွားတယ်ဆိုတာ မရှိဘူး၊ ဒါပေမဲ့ အခက်အခဲကတော့ ရှိတာပေါ့ဗျာ၊ ဒီရာသီက ဟုတ်တယ်မလား၊ နေစရာထိုင်စရာ သူတို့မှာလည်း သူများဆီမှာ ကပ်နေရတော့ အခက်အခဲကတော့ ပြောရမယ်ဆိုရင် မကုန်ပါဘူး၊ ကျွန်တော်တို့ကတော့ ပုံမှန်အဲဒါပဲ ထောက်ပံ့တယ်၊ ကျန်တဲ့တချို့ NGO တွေဘာတွေကတော့ တစ်ကိုယ်ရည်သုံး လိုအပ်တဲ့ဟာတွေတော့ တစ်ခါတစ်ခါ လာပေးတာတော့ရှိတယ်၊ အဲဒါကတော့ ပုံမှန်တော့ မဟုတ်ပါဘူးဗျာ”

ကျန်းမာရေးအတွက် တစ်ပတ်ကိုတစ်ခါ စစ်ဆေးပေးတာနဲ့ အစိုးရက ဆန်ပဲကူညီပေးနိုင်တဲ့အတွက် သူများ နေရာမှာ ကပ်နေရတဲ့ စစ်ဘေးဒုက္ခသည်တွေအတွက် အခြားအကူအညီတွေကတော့ လိုနေမှာဖြစ်တယ်လို့ ဦးရွှေလှအောင်က ဆိုပါတယ်။

REC ရဲ့ လေ့လာဆန်းစစ်ချက်အရ ရခိုင်ပြည်နယ်အတွင်းမှာ အထောက်အပံ့ အကူအညီမရဘဲ ငှားရမ်းနေထိုင် နေရတဲ့ စစ်ဘေးဒုက္ခသည် အိမ်ထောင်စုပေါင်း ၃၇၀၀ ခန့်ရှိပြီး အစုအဝေးလိုက် စခန်းဖွင့်နေကြတာ မဟုတ်တဲ့ အတွက် အကူအညီတွေ မရသလောက်ပဲလို့ ဆိုပါတယ်။

တပ်မတော်နဲ့ ရက္ခိုင့်တပ်တော် AA တို့ရဲ့ တိုက်ပွဲတွေကြောင့် ဘူးသီးတောင်မြို့နယ်အတွင်းက စစ်ဘေးဒုက္ခသည် စခန်း ၂၀ လောက်နဲ့ နီးစပ်ရာ ဘုန်းကြီးကျောင်းတွေ၊ ကျေးရွာတွေမှာ ရောက်ရှိခိုလှုံနေရတဲ့ စစ်ဘေးဒုက္ခသည် အရေအတွက်ဟာ ၁၃၀၀၀ ကျော်ရှိပြီလို့ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးရွှေလှအောင်က ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။