မြန်မာနိုင်ငံတစ်ဝန်း စစ်ဘေးဒုက္ခသည် သုံးသိန်းနီးပါး ရှိလာ
2021.09.03

မြန်မာနိုင်ငံတဝှမ်း ဒုက္ခသည် အရေးလုပ်ဆောင်နေတဲ့ ကယ်ဆယ်ရေးအဖွဲ့တွေကို မေးမြန်းပြီး RFA က သီးခြားကောက်ယူထားတဲ့ စာရင်းတွေအရ ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းချိန်ကနေ ပြီးခဲ့တဲ့ ဩဂုတ် လကုန်အထိ ခုနစ်လအတွင်း ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ရှမ်း စတဲ့ တိုင်းရင်းသားပြည်နယ်တွေနဲ့ စစ်ကိုင်း တိုင်းတို့မှာ တိုင်းရင်းသား လက်နက်ကိုင်တွေ၊ ဒေသခံ PDF တပ်တွေနဲ့ စစ်ကောင်စီတပ်တွေအကြား တိုက်ပွဲတွေကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးရတဲ့ ဒုက္ခသည် စုစုပေါင်း နှစ်သိန်းရှစ်သောင်းကျော် ရှိနေပါပြီ။
ကချင်ပြည်နယ်က တိုက်ပွဲတွေကြောင့် စစ်ဘေးဒုက္ခသည် တစ်သောင်းကျော်၊ KNU ထိန်းချုပ်နယ်မြေတွေ ရှိရာ ကရင်နဲ့ မွန်ပြည်နယ်မှာ ခုနစ်သောင်းနီးပါး၊ ကယားပြည်နယ်မှာ တစ်သိန်းသုံးသောင်းကျော်၊ ချင်းပြည် နယ်မှာ တစ်သောင်းခွဲကျော်၊ စစ်ကိုင်းတိုင်းမှာ သုံးသောင်းနီးပါးနဲ့ ရှမ်းပြည်နယ်မှာ နှစ်သောင်းခွဲကျော် စုစုပေါင်း နှစ်သိန်းရှစ်သိန်းကျော် ရှိနေပြီလို့ ကယ်ဆယ်ရေးအဖွဲ့တွေက ပြောပါတယ်။
ဒုက္ခသည်အရေး လုပ်ဆောင်နေတဲ့ ကရင်ငြိမ်းချမ်းရေးအထောက်အကူပြုကွန်ရက် ပြောရေးဆိုခွင့်ရှိသူ နော်ဝါခူရှီးက စစ်အာဏာသိမ်း ခုနစ်လအတွင်း ကရင်ပြည်နယ်မှာ စစ်ဘေးဒုက္ခသည် ခုနစ်သောင်းနီးပါး ရှိလာတယ်လို့ ပြောပါတယ်။
“တချို့ စစ်ရှောင်တွေဆိုရင် များသောအားဖြင့် ကိုဗစ်နဲ့ပတ်သက်ပြီးမှ ခံစားနေရတာပေါ့နော်"
နောက်ထပ် ကယ်ဆယ်ရေးအဖွဲ့တစ်ခုဖြစ်တဲ့ “ဒေါကလူ” ကွန်ရက်က စောကော်နေမူး ကလည်း တိုက်ပွဲတွေ ပြင်းထန်တဲ့ KNU တပ်မဟာ ၅ ဖာပွန်မြို့နယ်မှာ ဒုက္ခသည်အရေအတွက် အများဆုံးဖြစ်တယ်လို့ RFA ကို ပြောပါတယ်။
“တပ်မဟာ ၅ မှာက အများဆုံးဖြစ်မယ်။ တပ်မဟာ ၅ ရယ်၊ နောက် တပ်မဟာ ၂ တို့၊ တပ်မဟာ ၃ တို့၊ တပ်မဟာ ၄ မှာတော့ နည်းတယ်။ ဒါပေမဲ့ တပ်မဟာ ၆ ရှိတယ်၊ တပ်မဟာ ၄ မှာလည်း ရှိတယ်။ လိုအပ်တာတွေကတော့ အခုကတော့ ဆေးဝါးရယ်၊ အဓိက အစားအသောက်ဖြစ်တဲ့ ဆန်တို့ ဆန်၊ ဆေးဝါးတော့ လိုအပ်တယ်။ ဆန်တမျိုးတည်းတော့ မဖြစ်ဘူးပေါ့နော်။ ငရုပ်၊ ဆီ၊ ဆားလေး ထည့်ပေးတာ ပိုအဆင်ပြေတယ်ပေါ့နော်”
ကချင်ပြည်နယ်မှာတော့ ဖေဖော်ဝါရီ ၁ ရက်ကနေ ပြီးခဲ့တဲ့ ဇူလိုင်လကုန်အထိ ခြောက်လတာ ကာလအတွင်း အာဏာသိမ်းစစ်တပ်နဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) တို့အကြား တိုက်ပွဲပေါင်း ၃၃၆ ကြိမ် ဖြစ်ခဲ့တယ်လို့ ကချင်နိုင်ငံရေးဆိုင်ရာ ကြားဖြတ်ပူးပေါင်းဆောင်ရွက်ရေးအသင်း Kachin Political Interim Coordination Team (KPICT) က ဩဂုတ်လထဲမှာ စာရင်းထုတ်ပြန်ခဲ့ပါတယ်။
ဖေဖော်ဝါရီကနေ ဇူလိုင်လကုန်အထိ ခြောက်လနီးပါးကာလအတွင်း မြစ်ကြီးနား၊ မိုးမောက်၊ တနိုင်း၊ ရွှေကူနဲ့ ဖားကန့်မြို့တွေမှာ တိုက်ပွဲအများဆုံးဖြစ်ခဲ့ပြီး၊ ပြီးခဲ့တဲ့ ဩဂုတ်လထဲမှာတော့ တနိုင်းမြို့နယ်၊ နန့်ခန်းကျေးရွာနဲ့ ဒုန်ခွန်ကျေးရွာအနီးမှာ တိုက်ပွဲတွေ ဖြစ်ခဲ့ပါတယ်။
ဒီတိုက်ပွဲတွေကြောင့် စစ်ဘေးဒုက္ခသည် တစ်သောင်းကျော်ရှိနေတယ်လို့ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် KBC ဥက္ကဋ္ဌ ဒေါက်တာ ခလမ်ဆွမ်ဆန် က ပြောပါတယ်။
ကချင်ပြည်နယ်မှာ တိုက်ပွဲအသစ်တွေကြောင့် ထွက်ပြေးရတဲ့ စစ်ဘေးရှောင်တွေအတွက် သီးသန့်ဖွင့်ထားတဲ့ ဒုက္ခသည်စခန်းရယ်လို့ အတိအကျ မရှိတာကြောင့် ဖြစ်သလို တိမ်းရှောင်ကြရတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။
“အဲဒါကတော့ ရွာလေးခုလုံး လေးရွာလုံးဆိုတော့ လူကထောင်နဲ့ချီလောက်တော့ ရှိမယ်ထင်တယ်။ အိမ်ခြေကတော့ ၄၉၉ လောက်ရှိတယ်။ အဲဒီ လေးရွာ ပေါင်းရင်ပေါ့နော်။ တစ်ယောက်နဲ့တစ်ယောက် ထွက်ပြေးတိမ်းရှောင်တဲ့ နေရာကတော့ မတူကြဘူးလေ။ တချို့ကတော့ ဘုရားကျောင်းတွေမှာ လာပြီးခိုလှုံတဲ့သူတွေရှိတယ်။ ညညကျရင် အိပ်ပါတယ်၊ သူတို့က နေ့ခင်းတော့မရှိဘူး။ နေ့ခင်းတော့ သူတို့အိမ်ပြန်ပြီး အလုပ်သွားလုပ်ကြတယ်။ တချို့ကတော့ အမျိုးအိမ်မှာရှိတယ်”
ရှမ်းပြည်နယ်မှာ စစ်ဘေးရှောင်အရေး ကူညီဆောင်ရွက်နေတဲ့ ဆရာမ မိုင်းမိုင် ကလည်း လက်ရှိဖြစ်ပွားနေတဲ့ ကိုဗစ်ကပ်ရောဂါနဲ့ နိုင်ငံရေးအခြေအနေ မတည်ငြိမ်မှုတွေကြောင့် စစ်ဘေးဒုက္ခသည်တွေအတွက် အခက် အခဲတွေ ရှိနေတယ်လို့ ပြောပါတယ်။
“တချို့ စစ်ရှောင်တွေဆိုရင် များသောအားဖြင့် ကိုဗစ်နဲ့ပတ်သက်ပြီးမှ ခံစားနေရတာပေါ့နော်။ ဒီအခြေ ခံစားသောက်ကုန်နဲ့ပဲ အဆင်မပြေတဲ့ဟာတွေ အများကြီးရှိတယ်ပေါ့နော်။ ခါတိုင်းဆိုရင်တော့ ကူညီပံ့ပိုး တဲ့အဖွဲ့အစည်းတွေက ထပ်နေသလိုတောင်ဖြစ်တယ်။ အများကြီးရှိတယ် အကယ်၍ ကူညီတဲ့အဖွဲ့အစည်း မရှိရင်တောင်မှ သူတို့ဘာသာ သူတို့ ဝင်ငွေရတဲ့နည်းလမ်းကနေ ရှာကြံစားသောက်လို့ရတယ်။ အခုဟာက Camp မှာလည်း Lockdown ချထားတဲ့အချိန် ကိုဗစ်ပြန်ဖြစ်တယ်။ နိုင်ငံရေး မတည်ငြိမ်မှုကြောင့် ထောက်ပံ့တဲ့အဖွဲ့အစည်းတွေ မလာကြတဲ့အနေအထားမှာ တော်တော်လေး ဒုက္ခရောက်နေတာ ရှိတယ် ပေါ့နော်”
ရှမ်းပြည်တောင်ပိုင်းနဲ့ ထိစပ်နေတဲ့ ကယားပြည်နယ်မှာတော့ စစ်တပ်နဲ့ ကရင်နီတပ်မတော် (KA)၊ ကရင်နီ အမျိုးသားကာကွယ်ရေးတပ် (KNDF) တို့ကြား ပြီးခဲတဲ့ ဩဂုတ်လအတွင်း တစ်ကျော့ပြန် တိုက်ပွဲတွေ ခပ်စိပ်စိပ် ပြန်ဖြစ်လာတာကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးရတဲ့ စစ်ဘေးဒုက္ခသည် တစ်သိန်းသုံးသောင်းကျော် ရှိနေတယ်လို့ မြေပြင်ကယ်ဆယ်ရေး အဖွဲ့တွေက ပြောပါတယ်။
လွိုင်ကော်မြို့ အရှေ့ဘက်က စစ်ဘေးဒုက္ခသည်စခန်းတစ်ခုမှာ ဩဂုတ်လ ၁၄ ရက်နေ့အထိ ကိုဗစ်အတည် ပြုလူနာ ၅၀ ခန့်တွေ့ရှိခဲ့တယ်လို့လည်း လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ပရဟိတ ကူညီကယ်ဆယ်ရေး လုပ်နေသူတစ်ဦးက RFA ကို ပြောပါတယ်။
ချင်းပြည်နယ်မှာတော့ အာဏာသိမ်း စစ်တပ်နဲ့ ဒေသခံ CDF တပ်ဖွဲ့အကြား တိုက်ပွဲတွေကြောင့် ထွက်ပြေး တိမ်းရှောင်ရတဲ့ စစ်ဘေးဒုက္ခသည် တစ်သောင်းခွဲကျော်ရှိနေပြီး မင်းတပ်မြို့နယ်က အများဆုံးဖြစ်တယ်လို့ မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ပြောပါတယ်။

စစ်တပ်က တိုက်ပွဲတလျှောက်ဖြတ်သန်းသွားလာတဲ့ ကျေးရွာတွေမှာ ဆန်စပါးတွေကို အဓိက ဖျက်ဆီးပစ် လေ့ရှိတာကြောင့် စစ်ဘေးဒုက္ခသည်တွေအတွက် စားဝတ်နေရေး အခက်အခဲဖြစ်နေတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးက RFA ကို ပြောပါတယ်။
“အခုက အရေးကြီးဆုံးလိုအပ်တာက ဆန်တွေလိုအပ်လိမ့်မယ်။ တိုက်ပွဲတလျှောက် သူတို့ (စစ်တပ်) ရွာတွေဖြတ်သွားတာ ဖြတ်သွားတဲ့တလျှောက်မှာ ဆန်အိတ်တွေကို ဓာတ်ဆီလောင်းတာ၊ ဒီဇယ် လောင်းတာ၊ မြေကြီးပေါ်ဖွခဲ့တာ အဲဒီလိုမျိုးရှိတော့လေ ဆန်တွေ၊ စားနပ်ရိက္ခာတွေ ပြတ်လပ်လိမ့်မယ်။ အနောက်ခြမ်း၊ တောင်ခြမ်း၊ မြောက်ခြမ်းမှာဆိုရင် စကစ တွေ။ လောလောဆယ် အကုန်လုံးက (စစ်ဘေး ရှောင်တွေ) မြို့ရဲ့မြောက်ဘက်ခြမ်းက ရွာတွေ အကုန်လုံးပေါ့။ တိုက်နယ်နဲ့ပြောရင် တိုက်နယ် ၁၊ ၂၊ ၃ တို့မှာ ရောက်နေတာပေါ့။ အဲဒီလိုဆိုတော့ တိုက်နယ် ၁၊ ၂၊ ၃ က ရွာတော်တော်များများက ရှောင်နေရ တာပေါ့”
မြို့နယ်အလိုက် ဒေသခံ PDF အများစုရှိရာ စစ်ကိုင်းတိုင်းမှာတော့ နှစ်ဖက်တိုက်ပွဲတွေကြောင့် မင်းကင်း မြို့နယ်မှာ နှစ်သောင်းခုနှစ်ထောင်ကျော်၊ ကနီမြို့နယ်မှာ ၅၀၀ ကျော် စုစုပေါင်း စစ်ဘေးရှောင်သူ နှစ်သောင်းကျော် သုံးသောင်းနီးပါး ရှိနေပြီလို့ PDF တပ်ဖွဲ့ဝင်တွေနဲ့ ဒေသခံတွေက ပြောပါတယ်။
ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိုနှိုင်းရေးရုံး (UNOCHA) ကတော့ သူတို့ရရှိထားတဲ့ စာရင်းတွေအရ ကချင်၊ ကယား၊ ကရင်၊ ချင်း၊ စစ်ကိုင်းနဲ့ မကွေးတိုင်းက ပဋိပက္ခတွေကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးရတဲ့ ဒုက္ခသည်အရေအတွက် နှစ်သိန်းနီးပါး ရှိနေတယ်၊ ဒါဟာ သူတို့လက်လှမ်းမီတဲ့ စာရင်းသာဖြစ်တယ်လို့ RFA ရဲ့ အီးမေးလ်ကတဆင့် မေးမြန်းချက်ကို စက်တင်ဘာ ၂ ရက်နေ့က တုံ့ပြန်ဖြေကြားခဲ့ပါတယ်။
စစ်ကိုင်းတိုင်းအတွင်းမှာ မကြာသေးခင်ကမှ အိုးအိမ်စွန့်ခွာထွက်ပြေးရသူတွေ ရှိနေပြီး၊ သွားလာရေး ကန့်သတ် ချက်နဲ့ ရှုပ်ထွေးတဲ့အခြေအနေတွေကြောင့် နေရပ်စွန့်ခွာသူ အရေအတွက်နဲ့ စစ်ဘေးရှောင်ပြည်သူတွေ ရှိနေတဲ့ နေရာအတိအကျကို ပြောဆိုဖို့ ခက်ခဲတယ်လို့လည်း (UNOCHA) အဖွဲ့က ဆိုပါတယ်။
ဒုက္ခသည်တွေအတွက် အမိုးအကာ၊ ဆေးဝါးနဲ့ အခြားလိုအပ်တဲ့ ပစ္စည်းတွေကို ကူညီထောက်ပံ့ပေးနေတဲ့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR ကတော့ လက်တွေ့လုပ်ငန်းတွေမှာ အခက် အခဲတွေ ရှိနေပေမယ့် ပြည်တွင်း နေရပ်စွန့်ခွာ ရွှေ့ပြောင်းနေထိုင်သူတွေ အပါအဝင် မြန်မာနိုင်ငံက အခြား အကူအညီ လိုအပ်နေသူတွေရဲ့ အခြေအနေတွေကို သိရှိနားလည်နိုင်ဖို့အတွက် UNHCR အနေနဲ့ သက်ဆိုင်ရာ လူမှုအသိုက်အဝန်းတွေနဲ့ ဆက်လက်ဆက်သွယ်လုပ်ဆောင်နေကြောင်း စက်တင်ဘာ ၂ ရက်နေ့က RFA ကို အီးမေးလ်ကတဆင့် ပြန်လည်ဖြေကြားထားပါတယ်။