သနပ်ပင်မြို့နယ်က လူ ၅ သောင်း သောက်သုံးရေ ရှားပါးမှု ကြုံတေ့ွ
2016.04.18

ပဲခူးတိုင်းဒေသကြီး သနပ်ပင်မြို့နယ်က ကျေးရွာပေါင်း ၂၀လောက်က လူဦးရေ ၅သောင်းကျော်ဟာ သောက်သုံးရေ ရှားပါးမှုနဲ့ ကြုံတေ့ွနေရတဲ့အတွက် အရေးပေါ် အကူအညီလိုအပ်နေပါတယ်။
သနပ်ပင်မြို့နယ်အတွင်းက သစ်ခုံရွာကုန်း၊ ကပင်၊ အောင်ဘုံ၊ ကျွဲတဲ၊ နတ်ရေကန် စတဲ့ ကျေးရွာပေါင်း ၂၀ လောက် မှာ ရေတွင်းရေကန်တွေ ခမ်းခြောက်သွားတယ်လို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်ဦး က ပြောပါတယ်။
"ကျေးရွာ ၂ဝ လောက် သောက်သုံးရေမရှိတော့ဘူး၊ ရေကန်တွေက ခန်းကုန်တာရှိတယ်၊ အန်ကယ်က ဌာန ဆိုင်ရာ အဖွဲ့အစည်းတွေ၊ ပုဂ္ဂလိကအလှူရှင်တွေနဲ့ ချိတ်ဆက်ပြီး သွားလှူဖို့ အစီအစဉ်ဆွဲနေတယ်၊ ရေပြတ်တာ ကတော့ လွန်ခဲ့တဲ့တစ်လလောက်ကတည်းက စပြတ်တာ၊ တဖြည်းဖြည်းနဲ့ ပိုဆိုးလာတာပေါ့နော်၊ သနပ်ပင်က ပဲခူးတိုင်းအရှေ့ပိုင်းမှာဆိုရင် သောက်သုံးရေပြတ်တဲ့ အဆိုးဆုံးမြို့နယ်တစ်ခုဖြစ်တယ်"
ကသစ်ခုံရွာကုန်းမှာ အိမ်ခြေ ၂၀၀ ဝန်းကျင် နဲ့ လူဦးရေ ၇၀၀ လောက်ရှိတာကြောင့် သောက်ရေအတွက် တစ်နေ့ကို ရေဂါလံ တစ်ထောင်လောက် လိုအပ်နေပြီး လတ်တလောမှာ သုံးရေလည်း ရှားပါးလာကြောင်း ရွာသား ဦးစိုးသိန်း က ပြောပါတယ်။
"ကသစ်ခုံရွာကုန်းက တော်တော်လေးကို အခြေအနေဆိုးတယ်၊ သုံးရေကလည်း သိပ်မကောင်းတော့ဘူး၊ နေက လည်း ပြင်းတဲ့အခါကတော့ သောက်ရေက အခက်အခဲဖြစ်တယ်၊ ဘေးပတ်ဝန်းကျင်ရွာတွေမှာလည်း ခပ်လို့မရပဲ၊ သနပ်ပင်အရှေ့ခြမ်း ရွာတိုင်းလိုဖြစ်နေကြတယ်"
ကသစ်ခုံရွာကုန်းကျေးရွာမှာ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်က လှူဒါန်းထားတဲ့ ရေဂါလံ တစ်ထောင်ဆံ့တဲ့ ယာယီရေလှောင်ကန် ၁၀ ခု လောက်ရှိပြီး လာလှူတဲ့ရေတွေကို အဲ့ဒီထဲမှာ သိုလှောင်ထားရတာဖြစ်ပါတယ်။
မိုးရေလှောင်ကန်တွေထဲကို ရေငန်စိမ့်ဝင်မှုကြောင့် သောက်သုံးလို့ မရတော့ဘဲ လတ်တလော မှာ အဲ့ဒီရေတွေကို သုံးရေအဖြစ် အသုံးပြုနေရတယ်လို့ ဦးစိုးသိန်းက ပြောပါတယ်။
ပြီးခဲ့တဲ့နှစ်က သနပ်ပင်မြို့နယ်မှာ ကျေးရွာ ၁၀ ရွာလောက်သာ ရေပြတ်လပ်ခဲ့ပြီး ဒီနှစ်မှာ အယ်လ်နီညို ရာသီဥတုကြောင့် လာမယ့် မေလကုန်အထိ ကျေးရွာ ၄၀ ကျော်လောက်မှာ ရေပြတ်လပ်မှုတွေ ကြုံလာနိုင်တယ်လို့လည်း ခန့်မှန်းထားကြပါတယ်။
သနပ်ပင်မြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်ဦး ကို RFA သတင်းထောက် မသီရိမင်းဇင် က ဆက်သွယ်မေးမြန်းထားပါတယ်။