ဖားကန့်မှာ လက်နက်ကြီးကြောင့် အရပ်သားရှစ်ဦးဒဏ်ရာရ
2024.06.26

ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆိပ်မူ (ဆိုင်းတောင်) ရွာမှာ ဇွန်လ ၂၆ ရက်မနက် ၁၀ နာရီလောက်က လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲပြီး အရပ်သားရှစ်ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
လက်နက်ကြီးကျည်က ဆိပ်မူရွာက လူနေအိမ်နဲ့ ဘောလုံးကွင်းထဲ ကျရောက်ပေါက်ကွဲခဲ့တာပါ။
ဒဏ်ရာရရှိသူတွေထဲ တစ်ယောက်က စိုးရိမ်ရတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
“ဒဏ်ရာရတာက ရှစ်ယောက်။ လက်နက်ကြီးက နေအိမ်တစ်အိမ်မှာ တစ်လုံးကျတယ် အဲမှာ လေးယောက် ဒဏ်ရာရတယ်။ နောက် စိန်မြသုခဘုန်းကြီးကျောင်းဘေးက ဘောလုံးကွင်းမှာ တစ်လုံးကျတယ်။ အဲဒီမှာ ဘောလုံးကန်နေတဲ့သူတွေ လေးယောက်ထိတယ်။ တစ်ယောက်ကတော့ အူပွင့်ထွက်သွားတဲ့အတွက် စိုးရိမ်ရတယ်”
ဒဏ်ရာရရှိသူတွေဟာ အသက် ၂၆ နှစ်ကနေ အသက် ၅၈ နှစ်အရွယ်တွေဖြစ်ပြီး အမျိုးသမီးနှစ်ယောက်နဲ့ အမျိုးသား ခြောက်ယောက်ဖြစ်ပါတယ်။
သူတို့ရဲ့ အသေးစိတ် အချက်အလက်တွေကိုတော့ မသိရသေးပါဘူး။
ဒီလက်နက်ကြီးကျည်ကို စစ်ကောင်စီတပ်က ပစ်ခတ်ခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။
ဒါနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ ကချင်ပြည်နယ် ပြောခွင့်ရသူ ပြည်နယ်လူမှုရေးဝန်ကြီး ဦးမိုးမင်းသိန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။
RFA ရဲ့ စာရင်းတွေအရ စစ်အာဏာသိမ်းချိန်ကနေ ၂၀၂၄ ခုနှစ် မေလကုန်အထိ လေကြောင်းနဲ့ လက်နက်ကြီးကြောင့် စုစုပေါင်း အရပ်သား ၁၉၄၂ ဦး သေဆုံးခဲ့ပါတယ်။ နောက်ထပ် အရပ်သား ၃၈၆၆ ဦးလည်း ဒဏ်ရာရရှိခဲ့ပါတယ်။