ရခိုင် ရေဘေးအတွက် WFPနဲ့ Care Myanmar တို့ကူညီ
2015.08.10

ရခိုင်ပြည်နယ် ရေဘေးသင့်ဒေသတွေအတွက် ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ WFP က တစ်လစာ စားနပ်ရိက္ခာတွေနဲ့ Care Myanmar အဖွဲ့က တောင်သူတွေအတွင်း မျိုးစပါး တင်း ၅၀၀၀၀ (ငါးသောင်း) ကူညီထောက်ပံ့မယ်လို့ သိရပါတယ်။
WFPနဲ့ Care Myanmar အဖွဲ့တာဝန်ရှိသူတွေက စစ်တွေမြို့မှာ စနေနေ့က ကျင်းပခဲ့တဲ့ ပြည်နယ်အဆင့် အရေးပေါ်ပေါင်းစပ်ညှိနှိုင်းရေးစင်တာ(ECC) အစည်းအဝေးမှာ ကတိပေးပြောဆိုသွားခဲ့ကြောင်း ECC အဖွဲ့ဝင် ဦးသန်းထွန်း က ပြောပါတယ်။
"မနေ့က ECC အစည်းအဝေးလုပ်ပါတယ်ခင်ဗျာ၊ အဲ့အစည်းအဝေးမှာ WFPနဲ့ Care Myanmar တို့က ဒီလိုထောက်ပံ့မယ်ဆိုတဲ့ ဂတိပေးသွားတာပါ၊ WFP ကထုတ်ဖော် ပြောကြားတာကတော့ ရေဘေးသင့်အိမ်ထောင်စု ၁၆၆၅၆ စု၊ လူဦးရေ ၈၅၄၂၆ ယောက်အတွက် ၁ လစာ ဆန်ရယ်၊ ဆီရယ်၊ ဆားရယ်၊ ပဲရယ်၊ ပစ္စည်း ၄ မျိုး ထောက်ပံ့ မယ်ဆိုပြီး ထုတ်ဖော်ပြောကြားသွားပါတယ်၊ Care Myanmar ဆိုတဲ့အဖွဲ့ကလည်း မျိုးစပါးတင်း ၅ သောင်း ထောက်ပံ့မယ်လို့ ပြောကြား သွားပါတယ်"
ရခိုင်ပြည်နယ်မှာ ရေဘေးဒဏ်အများဆုံးခံစားခဲ့ရတဲ့ ဘူးသီးတောင်၊ မောင်တော၊ မြောက်ဦး၊ ကျောက်တော်၊ မင်းပြား၊ မြောက်ဦးစတဲ့ မြို့နယ်တွေကို အဓိက ကူညီ ထောက်ပံ့ပေးသွားမှာ ဖြစ်တယ်လို့လည်း သိရပါတယ်။
ရခိုင်ပြည်နယ်အတွင်းမှာဖြစ်ပေါ်ခဲ့တဲ့ရေဘေးကြောင့် လူ ၅၆ ဦးသေဆုံးခဲ့ရပြီး နေအိမ်အလုံးပေါင်း တစ်သောင်း ကျော်၊ စာသင်ကျောင်း ၃၀၀ ကျော်၊ ဘုန်းကြီးကျောင်း ၃၀၀ ကျော်၊ တံတား ၂၁ စင်းနဲ့ လယ်ယာမြေဧကပေါင်း နှစ်သိန်း တစ်သောင်းကျော် ပျက်စီးခဲ့ရပါတယ်။
ဒါ့အပြင် ကျွဲနွားကောင်ရေ ငါးထောင် နီးပါး သေဆုံးခဲ့ရပြီး အိမ်ထောင်စုပေါင်း ရှစ်သောင်းငါးထောင်ကျော် ရေဘေးဒဏ် ခံခဲ့ရပါတယ်။
ရေဘေးဒဏ်ခံစားခဲ့ရတာ သီတင်း တစ်ပတ်ကျော်လာခဲ့ပေမဲ့၊ စားနပ်ရိက္ခာ အကူအညီတွေ မရသေးတဲ့ ကျေးရွာတွေ ရှိနေသေးပြီး၊ လတ်တလောမှာ လယ်ယာမြေတွေ အချိန်မီ ထွန်ယက်စိုက်ပျိုးနိုင်ဖို့နဲ့ ရေလွှမ်းသွားခဲ့တဲ့ သောက်သုံးရေ ကန်တွေကို အရေးတကြီး ပြန်လည်ပြုပြင်ပေးဖို့ လိုအပ်နေတယ် လို့ ပြည်နယ်အဆင့် ECC အဖွဲ့ဝင် ဦးသန်းထွန်း က ပြောပါတယ်။
ဒီအတွင်း တရုတ်နိုင်ငံအခြေစိုက် CITIC Group ကော်ပိုရေးရှင်းက ရခိုင်ဒေသ ရေဘေးကယ်ဆယ်ရေးနဲ့ ပြန်လည် ထူထောင်ရေးကာလအတွင်း အသုံးပြုနိုင်အောင် ရဟတ်ယာဉ် တစ်စီးနဲ့ အမေရိကန် ဒေါ် လာ ၃ သိန်း ရခိုင်ပြည်နယ် ဝန်ကြီးချုပ်ကို ဒီနေ့ ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။