လက်ဆောင်ပစ္စည်းလက်ခံတဲ့ လမ်းညွှန်ချက်ကို လိုက်နာဖို့ သတိပေး


2016.04.09
winmyint-620.jpg တာမွေမြို့နယ် နတ်ချောင်းရပ်ကွက် နတ်ချောင်းအားကစားကွင်းမှာ မဲဆန္ဒရှင်ပြည်သူတွေနဲ့ တွေ့ဆုံခဲ့တဲ့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်ကို ဧပြီလ ၈ ရက်နေ့က က တွေ့ရစဉ်
Photo: Zarni Htun/RFA

နိုင်ငံတော်သမ္မတရုံး က ထုတ်ပြန်ထားတဲ့ လက်ဆောင်ပစ္စည်းလက်ခံခြင်း နဲ့ပတ်သက်တဲ့ လမ်းညွှန်ချက်ကို လိုက်နာကြဖို့ နဲ့ မလိုက်နာသူတွေကို ထိထိ ရောက်ရောက် အရေးယူသွားမှာဖြစ်ကြောင်း ပြည်သူ့လွှတ်တော် ဥက္ကဌ ဦးဝင်းမြင့် က သတိပေးလိုက်ပါတယ်။

ဒီနေ့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲရုံးမှာ တိုင်းအစိုးရအဖွဲ့၊ တိုင်းလွှတ်တော် ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံစဉ်မှာ ပြောကြားခဲ့တာဖြစ်တယ်လို့ ဒဂုံမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျ က ပြောပါတယ်။

"တန်ဖိုး ကျပ်ငွေ နှစ်သောင်းခွဲ ကိစ္စပေါ့၊ ဂါဝရပြုတာ အဲ့ဒါလည်းအသေးစိတ် သူပြောသွားတယ်၊ သတ်မှတ်ထားတာကို လိုက်နာဖို့၊ အရေးယူမှာ ကတော့ အဲ့ဒါကိုမလိုက်နာရင် ထိထိရောက်ရောက်အရေးယူမယ်၊ ညွှန်ကြားချက်အဆင့်ပဲ ရှိသေးတယ်၊ ဒါကိုမှ မထိရောက်ဘူးဆိုရင် ဥပဒေ အနေနဲ့ ထပ်ပြီးတော့ ထိရောက်တဲ့ အပြစ်ဒဏ်တွေကို စွဲပြီးလုပ်မယ်လို့ ပြောသွားတယ်"

လက်ဆောင်ပစ္စည်းလက်ခံခြင်း နဲ့ပတ်သက်တဲ့ လမ်းညွှန်ချက်မှာ တန်ဖိုး ကျပ်ငွေ နှစ်သောင်းခွဲထက် မပိုတဲ့ လက်ဆောင်ပစ္စည်းကိုသာ လက်ခံဖို့နဲ့ တစ်နှစ်ကို ကျပ်တစ်သိန်းထက် ပိုပြီး လက်ခံခြင်းမပြုဖို့ ညွှန်ကြားထားတာဖြစ်ပါတယ်။

ဒါ့အပြင် လွှတ်တော်မှာ မေးခွန်းတွေ၊ အဆိုတွေ တင်သွင်းတာကို ဥပဒေ၊ နည်းဥပဒေတွေနဲ့အညီ ဆောင်ရွက်ကြဖို့လည်း လွှတ်တော်ကိုယ်စားလှယ်တွေကို တိုက်တွန်းခဲ့ပါတယ်။

ပြည်သူ့လွှတ်တော် ဥက္ကဌ ဦးဝင်းမြင့်ဟာ သူရွေးချယ်တင်မြှောက်ခံရတဲ့ တာမွေမြို့နယ်က ဒေသခံတွေ ၊ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့တွေနဲ့လည်း မနေ့က တွေ့ဆုံခဲ့ပြီး လွှတ်တော်ရဲ့ ဆောင်ရွက်ချက်တွေကို ရှင်းပြခဲ့ပါတယ်။

ဒါ့အပြင် တိုင်းပြည်ဘဏ္ဍာငွေကို လျှော့ချနိုင်ဖို့အတွက် ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်တွေရဲ့ ချီးမြှင့်ငွေနဲ့ အဆောင်အယောင်ခံစားခွင့်တွေကို လျှော့ချဖို့ ဥပဒေတွေ ကို ပြင်ဆင်သွားမယ်လို့လည်း မနေ့က ပြောခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။