မြန်မာအပေါ် စုံစမ်းစစ်ဆေးဖို့ ICC ဆုံးဖြတ်ချက် ပြည်ပရောက် ကချင်တိုင်းရင်းသားတွေ ကြိုဆို


2018.09.21
wkc-statement-622.JPG နိုင်ငံတကာ ရာဇဝတ်တရားရုံးက မြန်မာအပေါ် ကနဦးစုံစမ်းစစ်ဆေးမှုပြုလုပ်ဖို့ ဆုံးဖြတ်ချက်ကို ကြိုဆိုကြောင်း ပြည်ပရောက် ကချင်တိုင်းရင်းသားများရဲ့ ထုတ်ပြန်ချက်ကို တွေ့ရစဉ်
.

ရိုဟင်ဂျာတွေကို နိုင်ငံက အဓမ္မမောင်းထုတ်တာ၊ လူမျိုးတုံးသတ်ဖြတ်ခဲ့တာတွေအပေါ် နိုင်ငံတကာ ရာဇဝတ် တရားရုံး ICC က  မြန်မာကို ကနဦး စုံစမ်းစစ်ဆေးဖို့ ဆုံးဖြတ်တာကို ကြိုဆိုကြောင်းနဲ့ ရခိုင်အပါအဝင် တိုင်းရင်းသားဒေသတွေမှာ နောက်ထပ် ဒီလိုအဖြစ်ဆိုးတွေမဖြစ်အောင် နိုင်ငံတကာအဖွဲ့တွေအနေနဲ့ ဆောင်ရွက်ပေးဖို့ တောင်းဆိုကြောင်း ပြည်ပရောက် ကချင်လူမျိုးများကွန်ဂရက် WKC က ဒီနေ့ ကြေညာချက် ထုတ်ပြန် ပြောကြားလိုက်ပါတယ်။

WKC ထုတ်ပြန်ချက်နဲ့ ပက်သတ်ပြီး ကချင်အမျိုးသမီးအစည်းအရုံး အထွေထွေအတွင်းရေးမှူး မွန်းနေလီက RFA ကို အခုလို ပြောပါတယ်။

"ထိုးစစ်တွေကြောင့် ခံစားနေရတဲ့ ကချင်ဒေသနဲ့ မြောက်ပိုင်းရှမ်း ရခိုင်ဒေသမှာဖြစ်နေတဲ့ အခြေနေတွေပေါနော်၊ ဒါတွေအားလုံးကိုကြည်မယ်ဆိုလို့ရှိရင် တော်တော်ဆိုးဆိုးဝါးဝါးဖြစ်နေတဲ့အပေါ်မှာ UN ရဲ့အစီရင်ခံစာကို ကျမတို့အနေနဲ့ ကြိုဆိုတယ်၊ ထောက်ခံတယ်၊ ဆက်ပြီးတော့လည်း UN အနေနဲ့ ဒီလိုမျိုးအဖြစ်ဆိုးကြီး ထပ်မံပြီးတော မြန်မာနိုင်ငံမှာမဖြစ်အောင် နိုင်ငံတကာရဲ့ တာဝန်ခံမှုနဲ့ ဆက်လက်လုပ်ဆောင်သွားဖို့အတွက် ကျမတို့အများကြီး တိုက်တွန်းလိုတယ်ပေါ့နော်"

ကချင်နဲ့ ရှမ်းပြည်နယ်မှာ အစိုးရစစ်တပ်က ထိုးစစ်ဆင်နေတာတွေ ရပ်တန့်ပေးဖို့၊ တိုင်းရင်းသားဒေသတွေက တပ်တွေကို ထွက်ခွာဖို့နဲ့ စစ်တပ်က နိုင်ငံရေးအာဏာ ရယူစွက်ဖက်ထားတာတွေကို ဖယ်ရှားပေးဖို့အတွက် ကုလသမဂ္ဂ လုံခြုံရေးကောင်စီကို တောင်းဆိုကြောင်းလည်း ကြေညာချက်မှာ ပါရှိပါတယ်။

လူနည်းစုတိုင်းရင်းသားတွေအပေါ် ကျူးလွန်ခဲ့တဲ့ စစ်ရာဇဝတ်မှုတွေအပေါ် ကုလသမဂ္ဂက ဖွဲ့စည်းထားတဲ့ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော နိုင်ငံတကာ အချက်အလက် ရှာဖွေရေးအထူးအဖွ့ဲ IFFM က အစီရင်ခံစာကိုလည်း ကြိုဆိုတယ်လို့ ဖော်ပြထားပါတယ်။

ငြိမ်းချမ်းရေးရရှိဖို့နဲ့ စစ်မှန်တဲ့ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံဖြစ်ဖို့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဖျက်သိမ်းပြီး ပြည်တွင်းစစ်ရပ်တန့်စေဖို့အတွက် အကူညီပေးနိုင်တဲ့ လမ်းပြမြေပုံကိုလည်း ကူညီပြဌာန်းအတည်ပြုပေးဖို့ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ေံတွကို တောင်းဆိုတယ်လို့လည်း မွန်းနေလီက ပြောပါတယ်။

ဒီကြေညာချက်မှာ အမေရိကန်၊ အင်္ဂလန်၊ ဂျပန်၊ သြစတြေးလျ၊ မလေးရှား၊ ထိုင်း စတဲ့နိုင်ငံပေါင်း ၂၀ ကျော်မှာရှိတဲ့ ပြည်ပရောက် ကချင်တိုင်းရင်းသားတွေ ပါဝင်တယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။