ILO ညီလာခံတက်မယ့် အလုပ်သမားကိုယ်စားလှယ်တွေ သတင်းစာရှင်း
2018.05.25

အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ ILO က ဦးဆောင်ကျင်းပမယ့် အကြိမ် ၁၇၀ မြောက် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာ ညီလာခံမှာ မြန်မာနိုင်ငံက ILO ရဲ့စံနှုန်းတွေကို လိုက်နာကျင့်သုံးရေးနဲ့ အစိုးရ၊ အလုပ်ရှင်နဲ့ အလုပ်သမားတို့ကြား တွေ့ဆုံမှု အားကောင်းအောင် ဆောင်ရွက်ရေးတို့ကို ဆွေးနွေးတင်ပြသွားမယ်လို့ ညီလာခံတက်ရောက်မယ့် ကိုယ်စားလှယ်တွေက ပြောပါတယ်။
ဒီကနေ့ ရန်ကုန်မြို့ Orchid Hotel မှာဒီနေ့ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် CTUM လက်ထောက်အထွေထွေအတွင်းရေးမှူး ဒေါ်ဖြိုးစန္ဒာစိုး က သူတို့အဖွဲ့က တက်ရောက်မယ့် အစီအစဉ်ကို အခုလို ပြောပါတယ်။
"ကျမတို့နိုင်ငံထဲမှာ အလုပ်ရှင်တွေရယ်၊ အစိုးရတွေရယ် လွှတ်တော်ကိုယ်စားလှယ်တွေရယ်က ILO ရဲ့ယန္တရား၊ ILO ရဲ့ ပူးပေါင်းဆောင်ရွက်မှုကို ယူတဲ့နေရာမှာအားနည်းနေတာကို ကျမတို့တွေ့ရတယ်၊ အဲတာကိုလည်း ကျမတို့က လာမယ့်အစည်းအဝေးကျရင် တင်ပြသွားဖို့ရှိပါတယ်၊ အထူးသဖြင့် လွှတ်တော်ကိုယ်စားလှယ်တွေသည် အရမ်းအရေးကြီးတယ် ဥပဒေပြုရေးမှာ၊ အထူးသဖြင့် ILO စံနှုန်းတွေကို သူတို့သည် နားလည်ဖို့လိုတယ်၊ ကျမတို့ပြောမယ်ဆိုရင် သိရှိထားဖို့လိုတယ်၊ ဒါမှသာလျင် ဥပဒေပြုတဲ့နေရာမှာ ကျမတို့ရဲ့အလုပ်သမားစံနှုန်းတွေသည် အပြည်ပြည်ဆိုင်ရာစံနှုန်းထဲကိုဝင်နိုင် မှာဖြစ်တယ်၊ အဲတော့ ဥပဒေပြုရေးမှာ အမြင့်ဆုံးအာဏာပိုင်ဖြစ်တဲ့ လွှတ်တော်ကိုယ်စားလှယ်တွေသည် ILO ရဲ့ပူးပေါင်းဆေင်ရွက်မှုကို သူတို့သည် ထိထိရောက်ရောက်အသုံးချနိုင်ဖို့လိုတယ်၊ ဒါပေမဲ့ ကျမတို့မြန်မာနိုင်ငံအနေနဲ့ ပြောမယ်ဆိုရင် လွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့ ပြောမယ်ဆိုရင် ILO ရဲ့ယန္တရားကို ထိရောက်အောင်အသုံးပြုနိုင်မှု အားနည်းနေသေးတယ်။"
အလုပ်သမားအဖွဲ့အစည်းတွေ လွတ်လပ်စွာ ဖွဲ့စည်းခွင့်ရဖို့၊ အလုပ်သမားဥပဒေတွေ ပိုအားကောင်းဖို့နဲ့ ILO ရဲ့ အကူအညီတွေကိုရယူတာ အားနည်းနေတဲ့အချက်တွေကို တင်ပြသွားမယ်လို့ ဒေါ်ဖြိုးစန္ဒာစိုးက ပြောပါတယ်။
အဲဒီညီလာခံကို ကမ္ဘာ့နိုင်ငံအသီးသီးက အစိုးရကိုယ်စားလှယ်၊ အလုပ်ရှင်ကိုယ်စားလှယ်နဲ့ အလုပ်သမား ကိုယ်စားလှယ်တွေ တက်ရောက်ပြီး အလုပ်သမားအခွင့်အရေး ချိုးဖောက်မှုနဲ့ အခက်အခဲတွေ၊ အလုပ်သမား ဥပဒေ ပြင်ဆင်ပြောင်းလဲရေးနဲ့ ILO ကချမှတ်ထားတဲ့ စံနှုန်းတွေကို လိုက်နာကျင့်သုံးမှုနဲ့ဆိုင်တဲ့ အကြောင်းအရာတွေကို ဆွေးနွေးကြမှာဖြစ်ပါတယ်။
မြန်မာနိုင်ငံဟာ ILO က ထုတ်ပြန်ထားတဲ့ အလုပ်သမားအသင်းအဖွဲ့ လွတ်လပ်စွာဖွဲ့စည်းခွင့် အားနည်းနေသေး တဲ့နိုင်ငံတွေစာရင်းမှာ အဆိုးဆုံး အဆင့်လေးနေရာမှာရှိနေတာဖြစ်လို့ လာမယ့်ညီလာခံမှာ အလုပ်သမားအဖွဲ့တွေ လွတ်လပ်စွာ ဖွဲ့စည်းခွင့်ရရှိဖို့အချက်ကို ဆွေးနွေးပြီး စံနှုန်းတစ်ခုအတည်ပြုနိုင်မယ်လို့ ကိုယ်စားလှယ်တွေကပြော ပါတယ်။
အဲဒီညီလာခံကို မြန်မာအစိုးရဘက်က တာဝန်ရှိသူ ၁၂ ဦး၊ အလုပ်သမားအဖွဲ့အစည်းများက ကိုယ်စားလှယ် ၁၁ ဦးနဲ့ အလုပ်ရှင်ကိုယ်စားလှယ် ၁ ဦး တက်ရောက်မှာဖြစ်ပါတယ်။