အလုပ်သမားရေးရာ အငြင်းပွားမှု ဥပဒေကြမ်းမှာ ပြစ်မှုပြစ်ဒဏ်တွေကို တိုးမြှင့်ထား
2017.11.02

အလုပ်သမားရေးရာအငြင်းပွားမှု ဖြေရှင်းရေးဥပဒေကို ဒုတိယအကြိမ်မြောက်ပြင်ဆင်တဲ့ ဥပဒေကြမ်းမှာ ခုံသမာ ဓိကောင်စီဝင်တွေရဲ့ ဖွဲ့စည်းပုံနဲ့ ပြစ်မှုပြစ်ဒဏ်တွေကို တိုးမြှင့်ပြင်ဆင်ထားတယ်လို့ အမျိုးသားလွှတ်တော် ပြည်တွင်းပြည်ပ အလုပ်သမားဆိုင်ရာ ကော်မတီဥက္ကဌ ဦးကျော်ထွေးက ပြောပါတယ်။
ဥပဒေကို မလိုက်နာခဲ့ရင် ပေးဆောင်ရမယ့် ငွေဒဏ်ကို တိုးမြှင့်ထားတဲ့အပြင် ထောင်ဒဏ်တွေပါ တိုးမြှင့်ပြင် ဆင်ထားတယ်လို့ ဦးကျော်ထွေးက ပြောပါတယ်။
"ဒီဥပဒေချိုးဖောက်တဲ့သူတွေကို ဖြစ်တဲ့ဖြစ်စဉ်ပေါ်မူတည်ပြီးတော့ ခုံကောင်စီရဲ့ ဆုံးဖြတ်ချက်တွေကို မလိုက်နာလို့ရှိရင် အရင်ဥပဒေမှာက ဒဏ်ငွေဆယ်သိန်း ပေးဆောင်ရမယ်ဆိုတာပါတယ်၊ ကနော်တို့ ဒီဘက်မှာတော့ အဲဒါတွေကို တိုးမြှင့်ထားလိုက်တယ်၊ မဖြစ်မနေလိုက်နာအောင်လို့၊ အများဆုံးကတော့ ဒဏ်ငွေသိန်းတစ်ရာနဲ့ မလိုက်နာတဲ့ ရက်တိုင်းအတွက် တစ်ရက်ကိုတစ်သိန်း တချို့ပြစ်မှုတွေကို ထောင်ဒဏ်ထည့်ထားတယ်၊ ထောင်ဒဏ် ၆ လထိ ထည့်ထားတယ်"
မူလဥပဒေမှာ ခုံသမာဓိကောင်စီဝင်တွေရဲ့ ဖွဲ့စည်းပုံကို ပြဌာန်းရာမှာ ဝန်ကြီးဌာနက ဥက္ကဌ အတွင်းရေးမှူးကို တိုက်ရိုက်ခန့်အပ်တာဖြစ်ပြီး အခုပြင်ဆင်မယ့် ဥပဒေကြမ်းမှာတော့ ရွေးချယ်ခံရတဲ့ ကိုယ်စားလှယ်တွေထဲကနေပဲ အများသဘောဆန္ဒနဲ့ ခုံသမာဓိကောင်စီ ဥက္ကဌ၊ အတွင်းရေးမှူးတွေကို ဒီမိုကရေစီနည်းအရနဲ့ ရွေးချယ်ဖို့ပြင် ဆင်ထားတယ်လို့လည်း ပြောပါတယ်။
အလုပ်သမားရေးရာအငြင်းပွားမှု ဖြေရှင်းရေး ဥပဒေကိုပြင်ဆင်မယ့် ဥပဒေကြမ်းကို အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ပြည်တွင်းပြည်ပ အလုပ်သမားဆိုင်ရာကော်မတီ ဥက္ကဌ ဦးကျော်ထွေးက မနေ့က ကျင်းပတဲ့ အမျိုးသားလွှတ်တော်မှာ အဆိုတင်သွင်းခဲ့တာဖြစ်ပါတယ်။
လက်ရှိအခြေအနေမှာ အလုပ်ရှင် အလုပ်သမား နှစ်ဖက်လုံးအငြင်းပွားမှု ဖြစ်လာတဲ့အခါမှာ ရှိထားပြီးသား ဥပဒေကနေ ဖြေရှင်းလိုက်တဲ့ အဖြေရလဒ်တွေပေါ်မှာ အလုပ်သမားထုဖက်ကရော အလုပ်ရှင်ဖက်ကရော လက်ခံနိုင်စရာရလဒ်တွေမဟုတ်လို့ ပြင်ဆင်ဖို့ အဆိုတင်ရတာဖြစ်တယ်လို့ ဦကျော်ထွေးက ပြောပါတယ်။
ဒီပြင်ဆင်မယ့် ဥပဒေကြမ်းမှာ ပုဒ်မ ၄၁ ခု ကို စကားရပ်အနေနဲ့ အစားထိုးတာ၊ ပုဒ်မခွဲ ၉ ခုကို ဖြည့်စွက်တာနဲ့ မူလဥပဒေမှာပါရှိတဲ့ ပုဒ်မနှစ်ခုကိုပယ်ဖျက်ဖို့ အမျိုးသားလွှတ်တော်ကို တင်ပြထားတာဖြစ်ပါတယ်။