မြန်မာ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ထောက်ခံကြောင်း The Elders အဖွဲ့ပြော
2014.03.26

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ကို ရောက်ရှိနေတဲ့ ကမ္ဘာ့ရပ်မိရပ်ဖများအဖွဲ့ The Elders အဖွဲ့က ခေါင်းဆောင်တစ်ဦးဖြစ်သူ နော်ဝေနိုင်ငံ ဝန်ကြီးချုပ်ဟောင်း Mrs. Gro Harlem Brundtland က သူတို့အဖွဲ့ဟာ အစိုးရရဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေ ကို ထောက်ခံကြောင်း ပြောပါတယ်။
ဒီနေ့ မြစ်ကြီးနားမြို့မှာ ရှိနေစဉ် RFA က မေးမြန်းရာ မှာ နော်ဝေဝန်ကြီးချုပ်ဟောင်းက အခုလို ပြောပါတယ်။
မိမိတို့အဖွဲ့ဟာ ဒီနေ့ မြစ်ကြီးနားမြို့မှာ လူပုဂ္ဂိုလ် အတော်များများနဲ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ရလာဒ်တွေကို မိမိတို့အနေနဲ့ ထောက်ခံပါတယ်လို့ နော်ဝေ ဝန်ကြီးချုပ်ဟောင်း Mrs. Gro Harlem Brundtland က ပြောခဲ့တာပါ။
The Elders အဖွဲ့က ခေါင်းဆောင်တွေနဲ့ ဒီနေ့ တွေ့ဆုံဆွေးနွေးခဲ့တဲ့ ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးလဂျွန်ငန်ဆိုင်းက နှစ်ဖက် ဆွေးနွေးမှုအပေါ် အခုလို ပြောပါတယ်။
"ြိငိမ်းချမ်းရေးကိစ္စတွေကို တနေ့ကပဲ အင်ဒိုနီးရှားမှာ ဆောင်ရွက်ခဲ့တာ ပါဝင်ခဲ့တာတွေကိုလည်း သူတို့ပြောပါတယ် ဒါတွေကတော့ အဓိကအားဖြင့်တော့ဒီအင်ဒိုနီရှားမှာ ဆောင်ရွက်ခဲ့တာ သုံးနှစ်လောက်ဆွေးနွေးဆောင်ရွက်ခဲ့ရတယ်၊ ပြီးတော့ဒါတွေက အောင်အောင်မြင်မြင် ဆောင်ရွက်နိုင် ခဲ့တယ်၊ ဒါတပ်မတော်ရဲ့အခန်း ကဏ္ဍ ပါဝင်မှှုတွေက သူတို့အနေနဲ့ အကြမ်းဖျင်းလောက်ပဲ ပြောသွား ပါတယ်"
ဒါ့အပြင် The Elder အဖွဲ့ဟာ မြစ်ကြီးနားမြို့အခြေစိုက် လူမှုအဖွဲ့အစည်းတစ်ချို့နဲ့လည်း တွေ့ဆုံခဲ့ပါတယ်။ သူတို့ခရီးစဉ်နဲ့ ပတ်သက်တဲ့ အသေးစိတ်ကိုတော့ ထုတ်ဖော်ပြောဆိုခြင်းမရှိပါဘူး။
အဲ့ဒီကမ္ဘာ့ရပ်မိရပ်ဖများအဖွဲ့မှာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း Kofi Anan နဲ့ ကွယ်လွန်သွားပြီဖြစ် တဲ့ တောင်အာဖရိကသမ္မတဟောင်း Nelson Mandela တို့လည်း အဖွဲ့ဝင်အဖြစ်ပါဝင်ပါတယ်။ သူတို့အဖွဲ့ဟာ ပြီးခဲ့တဲ့နှစ် ၂ဝ၁၃ ခုနှစ်ကလည်း မြန်မာနိုင်ငံကို ပထမဆုံးအကြိမ် လာရောက်ခဲ့ဖူးပါတယ်။