ပျက်ကျလေယာဉ်ရှာဖွေရေး ကူညီနေသူတစ်ဦး သေဆုံး
2017.06.23

တပ်မတော်ပို့ဆောင်ရေး Y-8 လေယာဉ် အစိတ်အပိုင်းတွေ ဆယ်ယူရာမှာ တပ်မတော်နဲ့ ပူးပေါင်း ကူညီဆောင် ရွက်ပေးနေတဲ့ ဒလမြို့နယ် အဏ္ဏဝါးမင်းရေငုပ်အဖွဲ့က ရေငုပ်သမား ဦးစောနောင်ဟာ ဇွန်လ ၂၂ ရက် မနေ့ည ၉ နာရီခွဲမှာ ကွယ်လွန်သွားခဲ့ပါတယ်။
အဏ္ဏဝါမင်းရေငုပ်အဖွဲ့က ဦးစောနောင်နဲ့ ဦးသန့်ဇင်ဦး တို့နှစ်ဦးဟာ ရေငုပ်ရင်းရေထုဖိအားကြောင့် ထိခိုက် ဒဏ်ရာရှိခဲ့ကြကာ ပြီးခဲ့တဲ့ ဇွန်လ ၁၈ ရက်နေ့ကစပြီး မင်္ဂလာဒုံ တပ်မတော်ဆေးရုံကြီးမှာ ဆေးကုသမှု ခံယူနေတာဖြစ်ပါတယ်။
တပ်မတော်(ကြည်း၊ ရေ၊ လေ) မိသားစုများက ကျန်ရစ်သူမိသားစုနဲ့ ထပ်တူဝမ်းနည်းပါကြောင်း၊ ကွယ်လွန်သူရဲ့ မိသားစုဝင်တွေအတွက် လိုအပ်တာတွေ စီစဉ်ဆောင်ရွက်ပေးသွားမယ်လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ ၇ ရက်နေ့က မြိတ်မြို့ကနေ ရန်ကုန်ကို ထွက်ခွာလာတဲ့ တပ်မတော် သယ်ယူပို့ဆောင်ရေးလေယာဉ် ဟာ ခရီးသည် ၁၂၂ ဦးနဲ့ ကုန်တန်ချိန် ၂ တန်ခွဲနီးပါး တင်ဆောင်လာစဉ် ထားဝယ်မြို့ အနောက်တောင်ဘက် ၄၃ မိုင်ခန့်အကွာမှာ အဆက်အသွယ်ပြတ်တောက်ပြီး ပျက်ကျခဲ့တာပါ။
ဇွန်လ ၂၀ ရက်နေ့အထိ ရုပ်အလောင်း ၉၃ လောင်းကို ရှာဖွေတွေ့ရှိထားတယ်လို့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ထားပါတယ်။