အင်းစိန်ထောင်က လွတ်လာတဲ့အကျဉ်းသား ၂၃၀ ကျော်မှာ နိုင်ငံရေးအကျဉ်းသား မပါဝင်

RFA Burmese
2023.04.17
အင်းစိန်ထောင်က လွတ်လာတဲ့အကျဉ်းသား ၂၃၀ ကျော်မှာ နိုင်ငံရေးအကျဉ်းသား မပါဝင် ၂၀၂၃ ခုနှစ်၊ ဧပြီလ ၁၇ ရက်နေ့ မြန်မာနှစ်ဆန်းတစ်ရက်နေ့ ရန်ကုန်မြို့အင်းစိန်ထောင်ရှေ့မြင်ကွင်း။
RFA

အကျဉ်းသားသုံးထောင်ကျော်ကို လွတ်ငြိမ်းသက်သာခွင့်ပေးမယ်လို့ စစ်ကောင်စီက မြန်မာနှစ်ဆန်း ၁ ရက်မှာ ကြေညာပါတယ်။ ဒါကြောင့် ရန်ကုန်အင်းစိန်အကျဉ်းထောင်ကနေ အကျဉ်းသား ၂၃၀ ကျော် လွတ်‌မြောက်လာပေမဲ့ နိုင်ငံရေးအကျဉ်းသားတစ်ယောက်မှ ပါလာတာမတွေ့သေးဘူးလို့ အင်းစိန်ထောင်ရှေ့ရောက်လာတဲ့ နိုင်ငံရေးအကျဉ်းသား မိသားစုဝင်တစ်‌ယောက်က RFA ကို ပြောပါတယ်။

"ဒီနေ့လွှတ်ပေးလိုက်တဲ့အထဲမှာ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်လို့ ဖမ်းဆီးချုပ်နှောင်ခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားတွေပါလာတာမတွေ့ရဘဲ ရာဇဝတ်မှုနဲ့ထောင်ကျနေတဲ့သူတွေ၊ မူးယစ်ဆေးဝါး နဲ့စိတ်ကိုပြောင်းလဲစေတတ်တဲ့ပြစ်မှုနဲ့ကျနေတဲ့သူတွေပဲလွတ်လာတာပဲ တွေ့ရပါတယ်" လို့ပြောပါတယ်။

signal-2023-04-17-031624_005.jpeg
( ၂၀၂၃ ခုနှစ်၊ ဧပြီလ ၁၇ ရက်နေ့ မြန်မာနှစ်ဆန်းတစ်ရက်နေ့ ရန်ကုန်မြို့အင်းစိန်ထောင်ရှေ့မြင်ကွင်း။Photo - RFA)

မြန်မာနှစ်သစ်မင်္ဂလာ အထိမ်းအမှတ်အရရော၊ ပြည်သူလူထုနှလုံးစိတ်ဝမ်း အေးချမ်းစေရေးနဲ့ လူသားချင်း စာနာထောက်ထားမှုကိုအလေးထားတဲ့အနေနဲ့ရော အကျဉ်းသူ/အကျဉ်းသား ၃၀၁၅ ယောက်ကို ပုဒ်မ ၄၀၁ အပိုဒ်ခွဲ (၁) အရ စစ်ကောင်စီက လွှတ်ပေးခဲ့ပါတယ်။

လွတ်လာသူတွေဟာ ပြစ်မှုထပ်ပြီးကျူးလွန်ရင် အဲဒီပြစ်ဒဏ်အပြင် အခုကျန်နေတဲ့ ပြစ်ဒဏ်ပါ ဆက်ပြီး ကျခံရမယ်ဆိုပြီး ခံဝန်ကတိနဲ့လွှတ်ပေးတာလို့ ကြေညာချက်မှာ စစ်ကောင်စီအတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေး လက်မှတ်ထိုးထားပါတယ်။

signal-2023-04-17-031624_024.jpeg
(၂၀၂၃ ခုနှစ်၊ ဧပြီလ ၁၇ ရက်နေ့ မြန်မာနှစ်ဆန်းတစ်ရက်နေ့ ရန်ကုန်မြို့အင်းစိန်ထောင်ရှေ့မြင်ကွင်း။ Photo:RFA)

မြန်မာနိုင်ငံမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတဦးဝင်းမြင့်တို့ကို စစ်ကောင်စီက နှစ်ရှည်ထောင်ဒဏ်တွေချထားသလို စစ်အာဏာသိမ်းတာကို နည်းမျိုးစုံနဲ့ဆန့်ကျင်လို့ ဖမ်းဆီးချုပ်နှောင်ခံနေရတဲ့ သူတွေ အကျဉ်းထောင်အသီးသီးမှာ ၁၇၄၆၀ ကျော်ရှိနေသေးတယ်လို့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့် ရှောက်ရေးအသင်း AAPP ရဲ့ ဧပြီလ ၁၂ ရက်စာရင်းမှာ ဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။