ရန်ကုန်သြင်္ကန်ပွဲတော် စီးပွားဖြစ် မဏ္ဍပ်များဆောက်လုပ်ခွင့် ပိတ်ပင်
2016.04.02

သြင်္ကန်ကို ယဉ်ကျေးမှုနဲ့အညီ ကျင်းပနိုင်ဖို့အတွက် စီးပွားဖြစ်ဆောက်လုပ်မယ့် သြင်္ကန်မဏ္ဍပ်တွေကို ခွင့်ပြုမှာ မဟုတ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ဒီကနေ့ ပြောလိုက်ပါတယ်။
ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးမှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက အခုလိုပြောတာဖြစ်ပါတယ်။
"ရန်ကုန်မြို့ရဲ့ မဟာသြင်္ကန်ပွဲတော်ကြီးကို ယဉ်ကျေးမှုနဲ့အညီ ဆောင်ရွက်နိုင်ဖို့အတွက် ဒီနှစ်မှာတော့ စီးပွားဖြစ်ဆောင်ရွက်နိုင်တဲ့မဏ္ဍပ်တွေကို ကျနော်တို့ မပေးတော့ဘူး၊ ဒီကာလဟာ အယ်လ်နီညိုရဲ့ အရိပ်အငွေ့တွေ အများကြီးလွှမ်းမိုးနေတဲ့ ကာလတစ်ခုဖြစ်ပါတယ်၊ ဒါကြောင့်မို့လို့ ကျနော်တို့ ကျန်းမာရေးရှုထောင့်ဘက်က ကြည့်မယ်ဆိုရင်လည်း ဒါဟာ အန္တရာယ်ရှိပါတယ်၊ ရေရှားပါးမှု အခြေအနေတစ်ရပ်ကလည်း ကျနော်တို့ ကြုံနိုင်ပါတယ်၊ ဒီအတွက်လည်း သတ်မှတ်ထားတဲ့ အချိန်ကာလတွေအတွင်းမှာပဲ ကစားကြဖို့နဲ့ တကယ့်ကို ရာသီဥတုအလွန်ပူပြင်းတဲ့အချိန်တွေ မှာ ရေကစားမှုကို ရှောင်ကြဉ်ပြီးတော့ ပျော်ပျော်ရွှင်ရွှင် ကျန်းကျန်းမာမာနဲ့ သြင်္ကန်ပွဲတော်ကို ကျနော်တို့ ဖြတ်သန်းစေချင်ပါတယ်"
မဏ္ဍပ်တွေကို စိစစ်ကြပ်မတ်ထားတဲ့အတွက် ကမ္ဘာအေးဘုရားလမ်းမှာ ဆောက်လုပ်ခွင့် လျှောက်ထားတဲ့ မဏ္ဍပ် ၃ဝဝ ကျော်ကို ခွင့်ပြုချက်မပေးထားကြောင်းလည်း ပြောပါတယ်။
သံချပ်စာသားတွေကို စိစစ်မှာမဟုတ်ဘဲ အမုန်းပွားစေတဲ့ စကားလုံးတွေပါခဲ့ရင် ဥပဒေကြောင်းအရ အရေးယူ သွားမှာဖြစ်တယ်လို့ ရန်ကုန်တိုင်းအစိုးရအဖွဲ့ဝင် ကရင်တိုင်းရင်းသားရေးရာဝန်ကြီး ဒေါ်ပန်းသဉ္စာမျိုးက သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
"ဒီမဟာသြင်္ကန် သံချပ်တွေကို ပေါ်ပေါက်ရေးအတွက်ပါ၊ အဲ့ဒီတော့ ဒီမဟာသြင်္ကန်မှာ သံချပ်တွေ အများကြီးပေါ်ပေါက်လာဖို့အတွက်က ရှေးယခင်ကတွေလိုမျိုး ကျမတို့ သြင်္ကန်သံချပ် စာသားတွေကို သေသေချာချာ စိစစ်နေတော့မှာ မဟုတ်ပါဘူး၊ တကယ်သံချပ်အဖွဲ့တွေအားလုံးရဲ့ တာဝန်ယူမှု၊ တာဝန်ခံမှု အပေါ်မှာပဲ မူတည်ပြီးတော့ ကျမတို့ လုပ်ဆောင်မှာပါ၊ အကုန်လုံး ဒီသံချပ်အဖွဲ့တွေကို လွတ်လပ်စွာ ယှဉ်ပြိုင်ပြောဆို ကျင်းပပိုင်ခွင့်ရှိပါတယ်၊ အမုန်းပွားစေတဲ့စကားမျိုး ပါဝင်တာမျိုး ဒါမျိုးတွေ ပါခဲ့မယ်ဆိုလို့ရှိရင်လည်း ပြောတဲ့ဆိုတဲ့သူတွေရဲ့ လက်ရှိတည်ဆဲတရား ဥပဒေအရလည်း ထိထိရောက်ရောက် အရေးယူသွားမှာပါ"
လာမယ့် သြင်္ကန်ကာလမှာ မဏ္ဍပ်ဆောက်လုပ်ခွင့် လျှောက်ထားသူတွေကို စည်းကမ်းချက် ၄၄ ချက်နဲ့ ကိုက်ညီမှသာ ရန်ကုန်တိုင်း အစိုးရအဖွဲ့က ခွင့်ပြုမှာဖြစ်ပြီး မဏ္ဍပ်တွေမှာ မူးယစ်ဆေးဝါး သုံးစွဲမှု ရှိ မရှိဆိုတာတွေကို ဝင်ရောက်စစ်ဆေးသွားမှာ ဖြစ်တယ်လို့လည်း ပြောပါတယ်။
သြင်္ကန်ကာလအတွင်း စည်းကမ်းကြီးကြပ်ရေး ကော်မတီအဆင့်ဆင့်ကိုလည်း ဖွဲ့စည်းထားပြီး ရန်ကုန်တိုင်း ဝန်ကြီးချုပ်အပါအဝင် လုံခြုံရေးနဲ့နယ်စပ်ရေးရာဝန်ကြီး၊ ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့နဲ့ တခြားကြီး ကြပ်ရေး ကော်မတီတွေကို ဖွဲ့စည်းထားပြီးဖြစ်ပါတယ်။
သြင်္ကန်မှာစီးပွားဖြစ်မဏ္ဍပ်တွေ ပိတ်ပင်လိုက်တဲ့အပေါ် အနုပညာရှင်တွေရဲ့အမြင်တွေကို RFA အဖွဲ့သူ မသင်းသီရိ တင်ပြထားတာ နားဆင်နိုင်ပါတယ်။