ရန်လုံကျိုင်း နယ်စပ်ကုန်သွယ်ရေးဂိတ်ကို MNDAA သိမ်းလိုက်ကြောင်း ဒေသခံတွေပြော

RFA Burmese
2023.12.19
ရန်လုံကျိုင်း နယ်စပ်ကုန်သွယ်ရေးဂိတ်ကို MNDAA သိမ်းလိုက်ကြောင်း ဒေသခံတွေပြော MNDAA တပ်ဖွဲ့ ထိန်းချုပ်ထားသည့် လောက်ကိုင် ရန်လုံကျိုင်းဂိတ်ကို ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၁၈ ရက်နေ့တွင် တွေ့ရစဉ်။
Wechat

ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်မြို့နယ် ရန်လုံကျိုင်း နယ်စပ်ကုန်သွယ်ရေးဂိတ်ကို MNDAA က ဒီဇင်ဘာ ၁၈ ရက် မနေ့ညနေပိုင်းမှာ သိမ်းပိုက်လိုက်တယ်လို့ လောက်ကိုင်ဒေသခံတွေက ပြောပါတယ်။

ရန်လုံကျိုင်း နယ်စပ်စခန်းအနီးမှာ ဒီဇင်ဘာ ၁၈ ရက် မနက်ပိုင်းကစပြီး ပစ်ခတ်သံတွေ ကြားခဲ့ရတယ်လို့ လောက်ကိုင် ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“မနေ့က ရန်လုံကျိုင်းဂိတ် အဲဒီဘက်မှာ ပစ်တဲ့သံတွေ ဆက်တိုက်ပဲကြားရတာ။ မနက်ကတည်းက သိမ်းပြီးသွားတယ်လို့ ပြောလို့ရတယ်။ အဲဒီတစ်နေရာပဲ ကျန်နေတာ။ အဲဒါပြီးရင် ပြီးပြီလို့ပြောနေတာ။ အခုမနက်တော့ ဘာအသံမှ မကြားရတော့ဘူး”

အမည်မဖော်လိုတဲ့ မြေပြင်စစ်ရေးအခြေအနေကို သိသူတစ်ဦးကလည်း ရန်လုံကျိုင်းဒေသကို MNDAA တပ်ဖွဲ့က သိမ်းပိုက်လိုက်တာမှန်ကန်ပြီး အဲဒီမှာရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့၀င်တွေနဲ့ ပြည်သူ့စစ်တွေ လက်နက်ချခဲ့တာလို့ ပြောပါတယ်။

လက်နက်ချခဲ့သူတွေကို MNDAA က ထောက်ပံ့ငွေပေးနေတဲ့ ရုပ်သံဖိုင်တစ်ခုလည်း လူမှုကွန်ရက် ဆိုရှယ်မီဒီယာတွေမှာ ထွက်ပေါ်လာပါတယ်။

ရှမ်းပြည်အခြေစိုက် မီဒီယာတွေမှာလည်း ရန်လုံကျိုင်းနယ်စပ်ဂိတ်ကို MNDAA တပ်ဖွဲ့က သိမ်းပိုက်ခဲ့ကြောင်း ဖော်ပြထားပါတယ်။

ရန်လုံကျိုင်းနယ်စပ်ဂိတ် သိမ်းပိုက်မှုနဲ့ပတ်သက်ပြီး ကိုးကန့်တပ်ဖွဲ့ဘက်က သတင်းထုတ်ပြန်တာမရှိသေးသလို ကိုးကန့်တပ်ဖွဲ့ပြောခွင့်ရသူ လီကျားဝင်း (ခေါ်) ဦးကျော်နိုင်ကို RFA က ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ပြန်လည်ဖြေဆိုခြင်း မရှိသေးပါဘူး။

ဒီကိစ္စနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။

ရန်လုံကျိုင်းနယ်စပ်ဂိတ်ဟာ ကိုးကန့်ဒေသ လောက်ကိုင်နဲ့ တရုတ်နိုင်ငံကြား ကုန်သွယ်မှုပြုလုပ်နေတဲ့ နယ်စပ်ဂိတ်စခန်းတစ်ခု ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။