ရေဦးမြို့နယ် ရေမြက်ရွာကို စစ်ရဟတ်ယာဉ်တွေနဲ့ ပစ်ခတ်

2021.12.20
ရေဦးမြို့နယ် ရေမြက်ရွာကို စစ်ရဟတ်ယာဉ်တွေနဲ့ ပစ်ခတ် စစ်ကိုင်းတိုင်း ရေဦးမြို့နယ်ထဲမှာ ပျံသန်းနေတဲ့ စစ်ရဟတ်ယာဉ်တစ်စီးကို ၂၀၂၁၊ ဒီဇင်ဘာ ၂၀ ရက်နေ့က တွေ့ရစဉ်
Photo: Citizen Journalist

စစ်ကိုင်းတိုင်း ရေဦးမြို့နယ် ရေမြက်ရွာကို စစ်တပ်က တိုက်ခိုက်ရေး ရဟတ်ယာဉ် တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့အပြင် မြေပြင်ကပါ စစ်သည်အင်အား အလုံးအရင်းနဲ့ ပစ်ခတ်စီးနင်းကာ ရွာလည်း မီးလောင်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီဇင်ဘာလ ၂၀ ရက် ဒီနေ့ နေ့လယ် ၁ နာရီလောက်က ရေမြက်ရွာကို စစ်ရဟတ်ယာဉ် ငါးစီးရောက်လာပြီး ပစ်ခတ်ခဲ့တာလို့ ထွက်ပြေးနေရတဲ့ အဲဒီရွာသားတစ်ဦးက ပြောပါတယ်။

“ရုတ်တရက်ကြီးဆိုတော့ ဘယ်သူမှမထင်ဘူးလေ။ အပေါ်ကနေ တဒိုင်းဒိုင်း ပစ်တော့ အိမ်အောက် ဝင်နေရတယ်။ အဲဒီမှာ မြေပြင်ကပါ ထပ်ပစ်တော့ မဖြစ်တော့ဘူးဆိုပြီး ထွက်ပြေးတာ။ လေယာဉ် ကျည်ဆံတွေကြားကပဲ ထွက်ပြေးခဲ့ရတာ”

ရွာသား ခြောက်ရာကျော်လောက်က ထွက်ပြေးနိုင်ခဲ့ပြီး အနီးအနား ရွာတွေနဲ့ တောတောင်တွေထဲမှာ ပုန်းနေရပြီး ရွာထဲမှာ သုံးရာလောက်က ပိတ်မိနေတယ်လို့ ပြောပါတယ်။

အခုပစ်ခတ်မှုတွေကြောင့် ဒဏ်ရာရသူတွေ၊ သေဆုံးသူတွေ ရှိနိုင်ကြောင်းနဲ့ အရေအတွက်ကိုတော့ အတည် မပြုနိုင်သေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။

ညနေ လေးနာရီခွဲလောက်မှာတော့ စစ်သားတွေက ရေမြက်ရွာထဲက အိမ်တချို့ကို မီးရှို့ဖျက်ဆီးနေတယ်လို့ မီးလောင်နေတာမြင်နေရတယ်လို့လည်း ဒေသခံတွေက ပြောကြပါတယ်။

စစ်ကောင်စီပြောခွင့်ရ ပြန်ကြားရေး ဒု-ဝန်ကြီး ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က ဆက်သွယ်ဖို့ ကြိုးစား နေပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။