သတင်းမီဒီယာတွေအတွက် စိန်ခေါ်မှုအသစ်တွေ ကြုံတွေ့ရမယ်လို့ ဝန်ကြီးပြော


2015.12.10
yehtut-620.jpg ရန်ကုန်မြို့ Chatrium Hotel မှာ ၂ဝ၁၅ ခုနှစ် ဒီဇင်ဘာလ ၁ဝ ရက်နေ့က ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ် မီဒီယာတွေရဲ့ မေးမြန်းချက်များကို ပြန်လည်ဖြေကြားစဉ်
Photo: Kyaw Zaw Win/RFA

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဦးဆောင်တဲ့ အစိုးရလက်ထက်မှာ မြန်မာနိုင်ငံက သတင်းမီဒီယာတွေအတွက် စိန်ခေါ်မှုတွေဟာ သတင်းမီဒီယာတွေအနေနဲ့ တကယ်ပဲ ဘက်မလိုက်ဘဲ ဝေဖန်ရဲပါ့မလားဆိုတာနဲ့ အန်အယ်လ်ဒီ ကို ဝေဖန်မယ်ဆိုရင် ပြည်သူတွေကရော လက်ခံပါ့မလားဆိုတဲ့ စိန်ခေါ်မှုတွေကို မီဒီယာတွေအနေနဲ့ ရင်ဆိုင်ရ မှာဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးရဲထွဋ် က ပြောပါတယ်။

ဒီကနေ့ ရန်ကုန်မြို့ Chatrium Hotel မှာ စတင်ကျင်းပတဲ့ မီဒီယာဖွံ့ဖြိုးမှုညီလာခံမှာ အာအက်ဖ်အေ က နောင်တက် လာမယ့် အစိုးရလက်ထက် မီဒီယာတွေရဲ့ အခြေအနေကို ဘယ်လိုဖြစ်စေချင်ပါသလဲလို့ မေးမြန်းရာမှာ ဝန်ကြီး ဦးရဲထွဋ် က ဖြေကြားခဲ့တာ ဖြစ်ပါတယ်။

"ပထမတစ်ချက်ကတော့ ခင်ဗျားတို့ရဲ့စိန်ခေါ်မှုပေါ့၊ အဲဒီ့အစိုးရရဲ့ မူဝါဒတွေကို ခင်ဗျားတို့ လိုအပ်လို့ရှိရင် တိတိကျကျ ဘက်မလိုက်ဘဲနဲ့ ဓမ္မဓိဌာန်ကျကျ ဝေဖန်နိုင်စွမ်းရှိမလား၊ ခင်ဗျားတို့ ဝေဖန်လို့ရှိရင်ရော အဲဒီ့အစိုးရကို ထောက်ခံတဲ့သူတွေက မီဒီယာတွေအပေါ်မှာ နားလည်ပေးနိုင်ပါ့မလား ဆိုတဲ့ဟာတစ်ခုက စိန်ခေါ်မှုပေါ့၊ နောက်တစ်ခုက ပြည်သူတွေက ဘာပဲပြောပြော မျှော်လင့်ချက်က အရမ်းမြင့်မားနေတယ်၊ ဒါပေမဲ့ ဘယ်အစိုးရမဆို စတင်ဖွဲ့စည်းပြီးတဲ့အချိန်မှာ မူဝါဒတွေ အကောင်အထည်ဖော်ဖို့အတွက် အတိုင်းအတာတစ်ခုအထိ အချိန်ယူရမှာပဲ၊ အဲ့လိုအချိန်ယူဖို့လိုတယ်ဆိုတာကို ပြည်သူတွေနားလည်အောင် ခင်ဗျားတို့ မီဒီယာတွေဘက်က ပြောပေးနိုင်ဖို့လိုတာပေ့ါ"

ပြီးခဲ့တဲ့ ၅ နှစ်အတွင်း သတင်းမီဒီယာတွေကို လေ့လာကြည့်ရာမှာ ကျင့်ဝတ်နဲ့ အရည်အချင်းပိုင်းဆိုင်ရာမှာ လိုအပ်ချက်တွေ ရှိတယ်ဆိုတာကို တွေ့ရှိရကြောင်း၊ အစိုးရဘက်ကလည်း သတင်းထုတ်ပြန်မှုမှာ အားနည်းကြောင်း ဝန်ကြီးဦးရဲထွဋ်က ပြောပါတယ်။

နိုင်ငံပိုင် ပုံနှိပ်မီဒီယာတွေကိုလည်း လာမယ့်အစိုးရသစ်လက်ထက်မှာ ဆက်လက်ထားရှိသေးသင့်ကြောင်း လည်း ပြောပါတယ်။

သတင်းမီဒီယာဖွံ့ဖြိုးမှု ညီလာခံကို ဒီကနေ့ကနေ မနက်ဖြန်အထိ ၂ ရက်ကြာ ကျင်းပနေတာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။