ရေဦးနဲ့ ခင်ဦးက မီးဘေးဒုက္ခသည်တွေ စားနပ်ရိက္ခာနဲ့ အမိုးအကာတွေ လိုအပ်နေ
2024.06.03

စစ်ကိုင်းတိုင်း ရေဦးနဲ့ ခင်ဦးမြို့နယ်တွေမှာ စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခံရလို့ အိုးမဲ့အိမ်မဲ့ဖြစ်နေသူ တစ်သောင်းကျော် အခုမိုးတွင်းကာလအတွက် အမိုးအကာနဲ့ စားနပ်ရိက္ခာတွေ လိုအပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မီးလောင်ပြင်မှာကျန်ခဲ့တဲ့ အကြွင်းအကျန်ပစ္စည်းတွေကို ပြန်လည်အသုံးပြုပြီး တဲတိုးနေထိုင်တာနဲ့ ထန်းလက်တဲထိုးပြီး နေထိုင်နေရတာတွေကြောင့် အခုမိုးရာသီမှာ ရာသီဥတုကိုခံနိုင်ဖို့ အမိုးအကာတွေ အဓိကလိုအပ်နေတာလို့ ရေဦးမြို့နယ်က စစ်ဘေးဒုက္ခသည်တွေကို အကူအညီပေးနေသူ People Defense Comrade အဖွဲ့တာဝန်ခံ ကိုထူးခန့်ဇော်က RFA ကို ပြောပါတယ်။
“ဖြစ်သလို နေကြရတာ နှစ်လည်းကြာလာပြီ။ မိုးကလည်း မလုံကြတော့ဘူး။ နေဖို့လည်း အဆင်မပြေကြတော့ဘူး။ အကူအညီရတဲ့ ရွာတွေကတော့ ရနေတယ်။ မရတဲ့ရွာကျတော့လည်း တစ်ခါမှ မရတဲ့ရွာတွေလည်း ရှိတယ်။ အဖွဲ့အစည်း တာဝန်ခံမရှိတဲ့ ရွာတွေကျတော့ ပိုဒုက္ခရောက်တယ်။ ဒီမိုးကာလတော့ ပေနှစ်ဆယ် မိုးကာတွေ လိုအပ်တယ်”
လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ခင်ဦးမြို့နယ်က စစ်ဘေးဒုက္ခသည် အကူအညီပေးသူတစ်ဦးကတော့ ကျေးရွာတချို့မှာ စားနပ်ရိက္ခာ လိုအပ်တယ်လို့ RFA ကို ပြောပါတယ်။
ဒီမြို့နယ်တွေထဲမှာ စစ်ကောင်စီတပ်စွဲထားတဲ့ ရွာအနီးဝန်းကျင်က ဒေသခံတွေလည်း လယ်ယာလုပ်ငန်းတွေ မလုပ်ကြရတာ ကာလကြာပြီဖြစ်တာကြောင့် အလှူရှင်တွေနဲ့ အဖွဲ့အစည်းတွေရဲ့ ထောက်ပံ့မှုနဲ့ပဲ ရပ်တည်နေကြရတယ်လို့ ဆိုပါတယ်။
ခင်ဦးမြို့နယ်အခြေစိုက် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ အဖွဲ့အစည်းတွေကတော့ ခင်ဦးမြို့နယ်ထဲက စစ်ဘေးဒုက္ခသည်တွေရဲ့ နေထိုင်ရေးနဲ့ စားသောက်ရေးအတွက် ကူညီပေးနေတာတွေ ရှိတယ်လို့ RFA ကို ပြောပါတယ်။
စစ်ဘေးဒုက္ခသည်တွေကို အကူအညီပေးရေး အခြေအနေတွေနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်း ပြောခွင့်ရ လူမှုရေးဝန်ကြီး ဦးညွန့်ဝင်းအောင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေကြားတာ မရှိပါဘူး။
ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) ရဲ့ စာရင်းတွေအရ တစ်နိုင်ငံလုံးမှာ အိုးအိမ်စွန့်ခွာထွက်ပြေးနေရတဲ့ ဒုက္ခသည် သုံးသန်းကျော် ရှိနေပါတယ်။