လှိုင်သာယာက ကိုးရီးယား အထည်ချုပ်စက်ရုံမှာ ဆန္ဒပြ
2013.05.18

ရန်ကုန်တိုင်း၊ လှိုင်သာယာ စက်မှုဇုန်မှာရှိတဲ့ ကိုရီးယားနိုင်ငံသားပိုင် ရက်စ် (YES) အထည်ချုပ်စက်ရုံမှာ အလုပ်သမား တစ်ထောင်ကျော်လောက်ဟာ လုပ်ခလစာ တိုးမြှင့်ရရှိဖို့ ဒီကနေ့ ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။
နေ့တွက်ကြေး ကျပ်နှစ်ရာတိုးပေးဖို့၊ ရှားပါးစရိတ်ပေးဖို့၊ နှစ်စဉ်အပိုဆုကြေးတွေ မျှမျှတတပေးဖို့စတဲ့ အချက် ၃ ချက်ကို မနေ့နေ့လည်ကတည်းက စတင်တောင်းဆိုခဲ့ကြတာလို့ ဆန္ဒပြနေတဲ့ အလုပ်သမတစ်ဦးက ပြောပါတယ်။
“၉၇ ခုနှစ်ကတည်းက ၉၅ ကျပ်ကစတာ၊ အခုချိန်အထိဆို ၁၁၉ဝ ပဲရသေးတယ်၊ အစစအရာရာအကုန်လုံး ကုန်ဈေးနှုန်းတွေက အစကြီးနေလို့ အဆောင်လစာနဲ့ဘာနဲ့ အကုန်လုံးကမလောက်ဘူး၊ စားဝတ်နေရေးနဲ့ အဆောင်လစာနဲ့တော့ မီအောင်လိုက်တောင်းရတာပေါ့”
စက်ရုံရှေ့မှာ ခွင့်ပြုချက်အမိန့်မရပဲ ဆန္ဒပြတောင်းဆိုနေတဲ့အပေါ် ဥပဒေအရ အရေးယူနိုင်တယ်လို့ အာဏာပိုင်တွေဘက်က ခြိမ်းခြောက်တာကိုလည်းခံရတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
ဒီစက်ရုံက အလုပ်သမားတွေကို ၈၈မျိုးဆက်ပွင့်လင်းလူ့အဖွဲ့အစည်းက စက်ရုံတာဝန်ရှိသူတွေနဲ့ လာရောက်ဆွေးနွေးညှိနှိုင်းပေးပေမယ့် ဒီကနေ့နေ့လည်ပိုင်းအချိန်ထိ ပြေလည်မှုမရသေးဘူးလို့ သိရပါတယ်။
ဒီဆန္ဒပြပွဲနဲ့ ပတ်သက်လို့ RFA သတင်းထောက် ကိုကျော်သူရဲ့ ဆက်သွယ်တင်ပြချက်ကို နားဆင်နိုင်ပါတယ်။