ရေစကြိုမှာ စစ်ကြောင်းဝင်လာတာကြောင့် ရွာဆယ်ရွာက ဒေသခံတစ်ထောင်ကျော် ထွက်ပြေးနေရ
2024.01.31

မကွေးတိုင်း၊ ရေစကြိုမြို့နယ်ထဲကို ဇန်နဝါရီလ ၂၈ ရက်ကနေ ဇန်နဝါရီ ၃၁ ရက်ဒီနေ့အထိ စစ်ကောင်စီတပ်သား အင်အားသုံးရာခန့် စစ်ကြောင်းထိုးနေပြီး ပစ်ခတ်ဖမ်းဆီးတာနဲ့ ရွာတွေကိုပါ မီးရှို့နေတာကြောင့် ရွာပေါင်းဆယ်ရွာက ဒေသခံတစ်ထောင်ကျော် ဘေးလွတ်ရာထွက်ပြေးနေရတယ်လို့ ဒေသခံတွေကပြောပါတယ်။
လက်ရှိ နှောင်းဘရွာ၊ ကိုရင့်ရွာ၊ ငါးမြာလေးရွာ၊ အင်းမရွာ၊ ကျော်ထင်ကုန်းရွာ၊ ဗလဘရွာ၊ ကွေ့ထောင့်ရွာ၊ ဇယမ (ကျွန်းလှရင်းရွာ)၊ ကြူရွာနဲ့ ဆင်ကြိုးရွာတွေက ဒေသခံတွေ ထွက်ပြေးနေရတာလို့ဆိုပါတယ်။
စစ်ကြောင်းတစ်လျှောက် ရွာတွေကနေ ဖမ်းဆီးခဲ့တဲ့ဒေသခံတွေထဲက အမျိုးသမီးနဲ့ သက်ကြီးရွယ်အိုတွေကို ပြန်လွှတ်ပေးပေမယ့် အမျိုးသားတွေကိုတော့ ဓားစာခံအဖြစ် ဆက်လက်ဖမ်းဆီးထားတယ်လို့ ဒေသခံတစ်ဦးက RFA ကိုပြောပါတယ်။
“သန်သန်မာမာ ယောက်ျားတွေ အကုန်လုံးက ရေလယ်ကျွန်းချွေးတပ်ဆိုပြီး ခေါ်သွားတယ်ဗျ။ ပစ္စည်းတွေ ထမ်းခိုင်းတာပေါ့ဗျာ။ စစ်ကြောင်းထိုးနေလို့ ရွာပေါင်းဆယ်ရွာလောက် ထွက်ပြေးနေရတယ်ဗျ”
ဇန်နဝါရီလ ၃၀ ရက်ညနေ လေးနာရီခန့်မှာလည်း (ဇယမ) ကျွန်းလှရင်းရွာ မီးရှို့ခံရတာကြောင့် နေအိမ်ခြောက်လုံး မီးလောင်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။
ဇန်နဝါရီလ ၂၈ ရက်နေ့ကလည်း ကြူရွာမီးရှို့ခံရတာကြောင့် နေအိမ် ၁၅၀ ခန့် မီးလောင်ပျက်စီးခဲ့ပြီး ရွာခံအမျိုးသားတွေကိုလည်း ဒီနေ့အချိန်အထိ စစ်ကောင်စီတပ်သားတွေ ဖမ်းဆီးထားတယ်လို့ဆိုပါတယ်။
ဘေးလွတ်ရာကို ထွက်ပြေးနေကြရတဲ့ရွာတွေက ဒေသခံတွေလည်း စားနပ်ရိက္ခာတွေ အရေးပေါ် လိုအပ်နေတယ်လို့ အဲဒီဒေသခံတွေကပြောပါတယ်။
ဒီကိစ္စတွေနဲ့ပတ်သက်ပြီး တုံ့ပြန်မှုရဖို့ စစ်ကောင်စီရဲ့ မကွေးတိုင်းပြောခွင့်ရသူ လူမှုရေးရာဝန်ကြီး ဦးဝင်းရဲထွန်းကို RFA က ဆက်သွယ်မေးမြန်းတဲ့အခါတိုင်း အဲဒီကိစ္စတွေကို သူမသိကြောင်းနဲ့ ပြည်ထောင်စုအဆင့်ကသာ ထုတ်ပြန်လေ့ရှိကြောင်း အကြိမ်ကြိမ် ငြင်းဆိုထားပါတယ်။
မီးရှို့ခံရမှုကိစ္စတွေကို မှတ်တမ်းပြုစုနေတဲ့ လွတ်လပ်တဲ့ သုတေသနအဖွဲ့ Data for Myanmar ရဲ့ စာရင်းအရ ၂၀၂၃ ခုနှစ်၊ တစ်နှစ်အတွင်းမှာတင် စစ်ကောင်စီတပ်သားတွေကြောင့် နိုင်ငံတစ်ဝန်းက နေအိမ် ၃၀၂၇၃ လုံး မီးလောင်ပျက်စီးခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) ရဲ့ စာရင်းအရ စစ်တပ်အာဏာသိမ်းပြီးနောက် နိုင်ငံတစ်ဝန်းမှာ စစ်ဘေးဒုက္ခသည် နှစ် ဒသမ ခြောက်သန်းကျော်အထိ ရှိလာပြီဖြစ်ပါတယ်။