၄၈ လမ်း ဗလီကျောင်း မီးလောင်မှု စာသင်သား ၁၃ ဦး သေဆုံး
2013.04.02

ဒီကနေ့ မနက် အစောပိုင်း ၃ နာရီလောက်က ရန်ကုန်မြို့ ၄၈ လမ်းက ဗလီကျောင်းအတွင်း မီးလောင်မူဖြစ်ပွားခဲ့ရာမှာ ဗလီကျောင်းမှာနေထိုင်တဲ့ စာသင်သား ၁၃ ဦး သေဆုံးသွားကြောင်း ရန်ကုန်တိုင်း မီးသတ်ဦးစီးဌာနက အတည်ပြုပြောဆိုပါတယ်။
မီးစတင်လောင်ကျွမ်းပြီး ၁၅ မိနစ်အတွင်း မီးသတ်ကားတွေရောက်ရှိလာတယ်လို့ သိရပါတယ်။
မိနစ်သုံးဆယ်အတွင်း မီးငြိမ်းသတ်နိုင်ခဲ့ပေမယ့် ဗလီကျောင်ဝင်းအတွင်း ပိတ်မိနေတယ်လို့ ယူဆရတဲ့ ကျောင်းသား ၁၃ ဦး သေဆုံးသွားပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး ရန်ကုန်တိုင်း မီးသတ်ဦးစီးဌာနက အတည်ပြုပြောဆိုကြောင်း RFA သတင်းထောက် ကိုကျော်ထွန်းနိုင်က ပြောပါတယ်။
"အခုဒီမီးလောင်မှုနဲ့ ပတ်သက်ပြီးတော့ အထဲမှာလာပြီးတော့ ညအိပ်ပြီးစာလာသင်တဲ့ ကျောင်းသား ၁၃ ယောက်ရဲ့အလောင်းတွေကို တွေ့ရှိတယ်လို့တော့ ရန်ကုန်တိုင်းဒေသကြီး မီးသတ်ဦးစီးမှူး ဦးကြည်ဝင်းကပြောပါတယ်၊ မီးလောင်မှုကတော့ အောက်ထပ်မှာရှိတဲ့ မီးအားမြှင့်စက်ကနေစတင်ပြီး လောင်ကျွမ်းတယ်လို့ ယူဆရကြောင်း ဦးကြည်ဝင်းက ဆက်ပြောသွားပါတယ်ခင်ဗျ"
မီးစတင်လောင်ကျွမ်းချိန်မှာ ဗလီအတွင်း စာသင်သား ၇၀ ဝန်းကျင်ရှိပြီး ၅၀ ကျော်က ဗလီကျောင်းက ဆရာနဲ့အတူ လွတ်မြောက်သွားပါတယ်။ ပျောက်ဆုံးနေသူ ၄ ယောက်ကိုလည်း ပြန်ရှာတွေ့ခဲ့တယ်လို့ ဦးရဲထွဋ်ရဲ့ ဖေ့ဘုတ်မှာ ဖော်ပြထားပါတယ်။
ဗလီနဲ့ ကပ်လျက်ရှိနေတဲ့ သုံးထပ်တိုက်တစ်လုံးကိုတော့ ကူးစက်လောင်ကျွမ်းမှုမရှိဘူးလို့ သိရပါတယ်။
ဒီမီးလောင်မှုနဲ့ ပတ်သက်ပြီး အခင်းဖြစ်ပွားရာ နေရာကိုရောက်ရှိနေကြတဲ့ RFA သတင်းထောက် မအိအိခိုင်၊ ကိုကျော်ထွန်းနိုင်နဲ့ ကိုမိုးသူအောင်တို့ကို ဦးတင်အောင်ခိုင်က ဆက်သွယ်မေးမြန်းခဲ့ပါတယ်။