ရန်ကုန်မြို့တော် စည်ပင်မှာ ရွေးချယ်ခံဖို့ အမည်စာရင်းပေးသွင်းနိုင်


2014.10.03
city-hall-b305 ရန်ကုန်မြို့တော် ခန်းမ
RFA

လာမယ့် ဒီဇင်ဘာလ ကုန်လောက်မှာ ကျင်းပမယ့် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ဝင် ရွေးကောက်ပွဲမှာ ဝင်ရောက်ရွေးချယ်ခံမယ့် သူတွေအနေနဲ့  ရန်ကုန်မြို့တော်ကော်မရှင်ထံ လာမယ့် အောက်တိုဘာလ ၆ ရက်နေ့ကစပြီး ၁၄ ရက်အတွင်း အမည်စာရင်း ပေးသွင်းနိုင်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက ဒီနေ့ သတင်းထုတ်ပြန်လိုက်ပါတယ်။

စည်ပင်သာယာရေးကော်မတီက ထုတ်ဝေတဲ့ မြို့တော် သတင်းစာမှာသာ ထုတ်ပြန်ကြေညာတာဖြစ်တဲ့ အတွက် အများပြည်သူ သိရှိမှုနည်းကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော် မတီ ရွေးကောက်ပွဲ နည်းဥပဒေကို ကန့်ကွက်ခဲ့တဲ့ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာညိုညိုသင်းက ပြောပါတယ်။

" ကြေညာတာတော့ကောင်းတယ်၊ သို့သော် အဲ့ကြေညာချက်ကို ပြည်သူ လူထုတွေက မသိဘူး၊ သူတို့က မြို့တော် သတင်းမှာပဲကြေညာတဲ့ အတွက်ကြောင့်မို့ လူထုတော်တော်များများက မသိဘူး၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးတွေ၊ မြို့နယ် အုပ်ချုပ်ရေးမှူးတွေကို ဒီသတင်းတွေကို သူတို့ပေးထားတယ်လို့ ပြောတယ်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး ရုံးတွေမှာ ဒါတွေကို ကြေညာထားတယ်လို့ ပြောတယ်၊ ဒါပေမယ့် လက်တွေ့မှာ အန်တီမနေ့က ရုံးတွေအားလုံးလိုက်ကြည့်တဲ့အခါမှာ မရှိဘူး၊ ဒီကြေညာချက်တွေ ဘာလို့မရှိလည်းဆိုတော့ သူတို့ကို စည်ပင်ကမပေးထားဘူးလို့ပြောတယ်၊ ဥပမာ ဘယ်လိုလူမျိုးက ရွေးကောက်ခံပိုင်ခွင့်ရှိတယ်၊ ဘယ်လို စာရင်းပေးရမယ်ဆိုတဲ့ အသေးစိတ် ညွန်ကြားချက်တွေရော သူတို့ ကြေညာချက်တွေရော ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးနဲ့ မြို့နယ် ရုံးတွေမှာ မကြေညာထားဘူး"

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီဝင်၊ မြို့နယ်နဲ့ ခရိုင်အဆင့် စည်ပင်သာယာရေး ကော်မတီဝင်တွေ အဖြစ် ရွေးချယ်ခံမယ့်ကိုယ်စားလှယ်လောင်းတွေဟာ မြို့ပြဖံ့ွဖြိုးမှုစီမံကိန်းတွေကို သိရှိနားလည်သူ၊ သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာအုပ်စုအတွင်းမှာ အနည်းဆုံး ၁၀ နှစ် နေထိုင်သူတွေ ဖြစ်ရမယ်လို့ သတ်မှတ်ထားပါတယ်။

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီဝင် အဆင့်ဆင့်ရွေးကောက် တင်မြှောက်ရေး နည်းဥပဒေကို မနေ့က အောက်တိုဘာလ ၂ ရက်နေ့က ပြင်ဆင် အတည်ပြုခဲ့တာဖြစ်ပါတယ်။

အဲ့ဒီနည်းဥပဒေအရ ရန်ကုန်မြို့တွင်းက အိမ်ထောင်စုတစ်စုမှာ တစ်ဦးနှုန်း မဲပေးနိုင်မှာဖြစ်ပြီး မဲဆန္ဒရှင် ၈သိန်းကျော်ရှိတယ်လို့ သိရပါတယ်။

ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီဝင် အဆင့်ဆင့်ရွေးကောက်ပွဲမှာ ဗဟိုအဆင့် ကော်မတီဝင် ၉ ဦး ခရိုင်အလိုက် ၄ ဦးစီနဲ့ မြို့နယ်အလိုက် တစ်ဦးစီ ရွေးချယ်သွားမှာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။