ယင်းမာပင်မြို့ လည်ငေါက်ရွာ အိမ်တစ်ရာနီးပါး မီးရှို့ခံရ

2022.06.29
ယင်းမာပင်မြို့ လည်ငေါက်ရွာ အိမ်တစ်ရာနီးပါး မီးရှို့ခံရ ၂၀၂၂ ခုနှစ် ဇွန်လ ၂၇ ရက်နေ့မှာ စစ်ကောင်စီတပ် မီးရှို့ခဲ့သည့် ယင်းမာပင်မြို့နယ်၊ လည်ငေါက်ရွာမှ နေအိမ်းများကို တွေ့ရစဥ်
ဓါတ်ပုံ - ယင်းမာပင်မြို့နယ် သတင်းမှန်ပြန်ကြားရေး
စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်၊ လည်ငေါက်ရွာကို ဇွန်လ ၂၇ ရက်က စစ်ကောင်စီတပ်ဖွဲ့ ဝင်တွေ ဝင်ရောက်ခဲ့ပြီးနောက် နေအိမ် ၉၀ ခန့် မီးလောင်ဆုံးရှုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
 
ဇွန်လ ၂၇ ရက်က လည်ငေါက်ရွာကို အင်အား တစ်ရာနီးပါးခန့်ရှိတဲ့ စစ်ကောင်စီတပ်သားတွေ တစ်ည တပ်စွဲခဲ့ပြီး ရွာထဲက နေအိမ်တွေကို မီးရှို့ခဲ့တာလို့ အမည်မဖော်လိုတဲ့ ရွာသားတစ်ဦးက RFA ကို ပြောပါတယ်။
 
“စစ်သားတွေက ယင်းမာပင်မြို့နယ်တစ်ဝိုက်မှာလှည့်ပြီး စစ်ကြောင်းထိုးနေတာ၊ အဲဒီနေ့က ဇီးဖြူပင်ရွာ က ထွက်လာတာ၊ လည်ငေါက်ရွာမှာ ညအိပ်တယ်။ ရွာထဲဝင်ဝင်ချင်း မီးရှို့တယ်။ နောက်ရက်ထွက်တော့ တစ်ခါ ထပ်မီးရှို့တယ်။ ဒေသခံတွေကတော့ သူတို့လာတာနဲ့ ထွက်ပြေးရတာပဲ"
 
ဒီကနေ့ ဇွန်လ ၂၉ ရက်မှာလည်း စစ်ကောင်စီတပ်ဟာ မင်းကံတိုက်ရွာကိုရောက်နေပြီး ဒေသခံတစ်ဦး အသတ်ခံထားရတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေပေမယ့် RFA က အတည်ပြုလို့မရသေးပါဘူး။
စစ်ကောင်စီတပ်တွေက လတ်တလော အဲဒီဒေသတွေမှာ နယ်မြေရှင်းလင်းရေးလုပ်ရင်း ရွာတွေကို မီးရှို့ တယ်၊ ဒေသခံတွေကို သတ်ဖြတ်တယ်ဆိုတဲ့ ဒေသခံတွေရဲ့ ပြောဆိုချက်တွေနဲ့ ပတ်သက်လို့ စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က ဆက်သွယ်နေဆဲ ဖြစ်ပါတယ်။
 
ယင်းမာပင် - ပုလဲ လမ်းမပေါ်မှာရှိတဲ့ လည်ငေါက်ရွာဟာ ဒီတစ်ကြိမ်နဲ့ဆိုရင် တစ်လအတွင်း သုံးကြိမ် မြောက် မီးရှို့ခံခဲ့ရတာဖြစ်ပြီး အခုဒီတစ်ကြိမ်နဲ့ဆိုရင် နေအိမ်စုစုပေါင်း ၁၇၀ မီးလောင် ဆုံးရှုံးခဲ့ပြီး ဖြစ်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။