ထားဝယ်မြို့က အဖမ်းခံရသူတစ်ဦး စစ်​ကြော​ရေးမှာ ​သေဆုံး

RFA Burmese
2023.05.22
ထားဝယ်မြို့က အဖမ်းခံရသူတစ်ဦး စစ်​ကြော​ရေးမှာ ​သေဆုံး စစ်ကြောရေးမှာ သတ်ဖြတ်ခံရသည့် တနင်္သာရီတိုင်း၊ ထားဝယ်မြို့မှ ကိုကျော်သူရအား တွေ့ရစဉ်။
Citizen Journalist

တနင်္သာရီတိုင်း၊ ထားဝယ်မြို့ပေါ်မှာ အစ္စလာမ်ဘာသာဝင် လူငယ်တစ်ဦးဖြစ်သူ ကိုကျော်သူရကို စစ်ကောင်စီက မေလ ၁၅ ရက်နေ့မှာ ဖမ်းဆီးသွားပြီး ၂၀ ရက်နေ့မှာ သေဆုံးကြောင်း အကြောင်းကြားခဲ့တယ်လို့ ထားဝယ်မြို့ ဒေသခံတွေက ပြောပါတယ်။

ကိုကျော်သူရဟာ မေလ ၁၅ ရက်နေ့ ညနေပိုင်း အလုပ်က ပြန်လာချိန် ထားဝယ် မြို့ပေါ်မှာပဲ စစ်ဆေးဖမ်းဆီးခံခဲ့ရတာဖြစ်ပြီး ဒီနေ့အထိ ရုပ်အလောင်းပြန်မရသေးဘူးလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။

"ဖမ်းခံရတာက ၁၅ ရက်နေ့ ညနေဘက် ထားဝယ်မြို့ထဲမှာပဲ ဆိုင်ကယ်နဲ့သွားနေရင်း အဖမ်းခံရတာ။ ၂၀ ရက်နေ့ မနက်ကျတော့ ရပ်ကွက်အုပ်ချုပ်ရေးမှူးကနေ သူ့အိမ်ကို အကြောင်းကြားလာတယ်လို့ ပြောတယ်။ အလောင်းရဖို့ သူ့မိသားစုဝင်တွေကတော့ အစ္စလာမ် လူမှုအသင်းအဖွဲ့တွေနဲ့ လိုက်ကြိုးစားကြည့်တယ်ပြောတယ်။ မရဘူးတဲ့ ဒီနေ့အထိလေ"

အသက် ၃၀ ခန့်အရွယ်ရှိ ကိုကျော်သူရဟာ ထားဝယ်မြို့နယ်၊ မြို့ပေါ်ရပ်ကွက်လို့ ပြောလို့ရတဲ့ ဒေါင်းငူရပ်ကွက်မှာ နေထိုင်သူတစ်ဦးဖြစ်ပြီး ဘာအတွက်ကြောင့် ဖမ်းဆီးသတ်ဖြတ်ခံလိုက်ရတယ်ဆိုတာကိုတော့ မသိကြပါဘူး။

ကိုကျော်သူရ ဖမ်းဆီးခံရပြီးနောက် မေလ ၁၈ ရက်နေ့မှာ ထားဝယ်မြို့မြ ကိုးဦး ထပ်မံဖမ်းဆီးခံခဲ့ရပြီး သူတို့ကိုတော့ ထားဝယ်မြို့နယ်ရဲစခန်းမှာ မေလ ၁၉ ရက်နေ့ မနက်က ပြန်လွှတ်ပေးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ တနင်္သာရီတိုင်းပြောခွင့်ရ လူမှုရေးဝန်ကြီး ဦးယဉ်ထွေးရဲ့ တုံ့ပြန်ချက်ရဖို့ RFA က ကြိုးစားခဲ့ပေမယ့် ဆက်သွယ်လို့ မရသေးပါဘူး။

RFA က လက်လှမ်းမီသလောက် ပြုစုထားတဲ့စာရင်းတွေအရ အာဏာသိမ်းပြီးနောက် နာရီပိုင်း၊ ရက်ပိုင်းအတွင်း ဖမ်းဆီးသတ်ဖြတ်ခံရတဲ့ စစ်ကြောရေး သေဆုံးသူ စုစုပေါင်းဟာ ကို‌ကျော်သူရ အပါအဝင် ၁၅၉ ဦးရှိလာပြီ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။