ဇေကမ္ဘာကုမ္ပဏီ မင်္ဂလာဒုံမှာ သီးစားလုပ်ကိုင်ခွင့်ကျ

ရန်ကုန်တိုင်း မြောက်ပိုင်းခရိုင် မင်္ဂလာဒုံမြို့နယ် ရွှေနံ့သာကျေးရွာမှာ ကွင်းအမှတ် ၅၃၁ နဲ့ ၅၃၃ မှာရှိတဲ့ လယ်မြေ ၈၃၅ ဧက ကို သီးစားလုပ်ကိုင်ခွင့် အတွက် ဒေသခံ လယ်သမားတွေနဲ့ ဇေကမ္ဘာကုမ္ပဏီတို့ အပြိုင်လျှောက်ထားရာမှာ ဇေကမ္ဘာ ကုမ္ပဏီကိုသာ သီးစားလုပ်ကိုင်ခွင့် ပြုကြောင်း ကျေးရွာ အုပ်ချုပ်ရေးမှုးရုံးက ဒီကနေ့ နေ့စွဲနဲ့ စာထုတ်ပြန်လိုက်ပါတယ်။

2012.05.27
farmer-zaygabar3-b305 ရန်ကုန်တိုင်း မြောက်ပိုင်းခရိုင် မင်္ဂလာဒုံမြို့နယ် ရွှေနံ့သာကျေးရွာမှာ ဇေကမ္ဘာ ကုမ္ပဏီက အဓမ္မ သိမ်းထားသော လယ်သမားများ၏ လယ်ယာမြေပေါ်တွင် ၂၀၁၂ ခုနှစ် မေလ ၁၀ ရက်နေ့က ဝင်ရောက် ထွန်ယက်နေကြသော လယ်သမားများကို တွေ့ရစဉ်။
RFA

ရွှေနံသာကျေးရွာ လယ်သမား ဦးကျော်စိန် အပါအဝင် ၈၆ ဦးက အစဉ်အဆက်က မိမိတို့ စိုက်ပျိုးလုပ်ကိုင်ခဲ့တဲ့ လယ်မြေ ၈၃၅ ဧကကို သီးစားလုပ်ကိုင်ခွင့် အတွက် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခင်ရွှေပိုင်တဲ့  ဇေကမ္ဘာကုမ္ပဏီထက် အရင်စောပြီး လျှာက်ထားခဲ့တဲ့အကြောင်း လယ်သမား ဦးကျော်စိန်က ပြောပြပါတယ်။

"လေးလပိုင်း လေးရက်နေ့မှာ ဦးတို့ သီးစားတင်တယ်။ ဇေကမ္ဘာက လေးလပိုင်း ၂၅ ရက်နေ့ သူတို့တင်တယ်။ ဦးတို့က ရက် ၂၀ ကျော်စောပြီးတင်တယ်။ အခုကျလာတော့ ဇေကမ္ဘာက ကျတာဆိုတော့ ဦးတို့ လယ်သမားပိုင်းက နစ်နာတာပေါ့နော်။ အနှစ် ၂၀ ကျော် လုပ်လာတဲ့ ဦးတို့ လယ်သမားတွေကို နိုင်ငံတော်က ဘာလို့ သီးစားချမပေးတာလဲဆိုတာ ဦးတို့ စိတ်ဒုက္ခ ဖြစ်တာပေါ့နော်။ သူဌေးက ဒီလယ်တွေ မရရင် ဘာမှ မဖြစ်ဘူး။ ရောင်းစားတာပဲ။ ဦးတို့ တကယ့်တကယ် လယ်လုပ်နေတဲ့ လယ်သမားတွေရဲ့ မိသားစု စားဝတ်နေရေး ဒီလောက်အခက်အခဲ ဖြစ်နေတာ ဒီလို အဖြစ်မခံနိုင်ပါဘူး။"

ပြီးခဲ့တဲ့ ၂၀၁၀ ခုနှစ်ကတည်းက ရာအိမ်မှူးတွေ လယ်သမားတွေကို လယ်မြေကိစ္စနဲ့ ပတ်သက်ပြီး အကြိမ်ကြိမ် ခေါ်ယူပြီး စာရွက်လွတ်များမှာ လက်မှတ်ရေးထိုးခိုင်းသလို   ဒီလယ်မြေတွေအတွက် လျော်ကြေးငွေယူဖို့ ခြိမ်းခြောက်စည်းရုံးတာတွေ လုပ်ခဲ့တယ်လို့ လယ်သမားတွေက ပြောပါတယ်။

အာဏာပိုင်တွေနဲ့ပူးပေါင်းပြီး အခုလို မတရားမှုတွေ လုပ်ဆောင်နေတဲ့ ဇေကမ္ဘာကုမ္ပဏီကို တရားဥပဒေအရ ရင်ဆိုင်မယ်လို့ လယ်သမားအရေးကို လိုက်ပါဆောင်ရွက်ပေးတဲ့ မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီ ဥက္ကဋ္ဌ  ဦးနေမျိုးဝေက ပြောပါတယ်။

"ဇေကမ္ဘာကုမ္ပဏီရဲ့ ဥက္ကဋ္ဌဖြစ်တဲ့ ဦးခင်ရွှေက ကိုယ်က လယ်စိုက်တာ မဟုတ်ဘူး။ ကိုယ်က စက်မှုဇုန်လုပ်တာ။ ကိုယ့်ကို တားတာက လယ်မလုပ်ဖို့ တားတာလို့ Voice ဂျာနယ်မှာ ပြီးခဲ့တဲ့ အပတ်ထဲမှာ ပြောတယ်။ အခုက သီးစားချတယ်ဆိုတာ လယ်လုပ်ဖို့ ချတာ။ နိုင်ငံတော်ရဲ့ အခွင့်အာဏာကို အလွဲသုံးစားပြုပြီးတော့ ရပ်ကွက် အုပ်ချုပ်ရေးမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူးတွေနဲ့ ပူးပေါင်းဆောင်ရွက်တဲ့ ဦးခင်ရွှေကို မနက်ဖြန်ကျရင် ကျွန်တော်တို့ တရားစွဲမှာပါ။"

ဇေကမ္ဘာကုမ္ပဏီဟာ စက်မှုဇုန် လုပ်ပိုင်ခွင့် လန ၃၉ မကျသေးဘဲ အဲဒီလယ်မြေတွေမှာ ကန်သင်းရိုးတွေကိုဖျက်၊ မီးတိုင်တွေစိုက်၊ လမ်းတွေဖောက်၊ မြောင်းတွေဖော်တဲ့ လုပ်ငန်းတွေကို စတင် လုပ်ကိုင်နေပေမဲ့ သက်ဆိုင်ရာက တားမြစ်ဖို့ ပျက်ကွက်တယ်လို့ ဦးနေမျိုးဝေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။