တရုတ်နဂါးနှစ်မှာ အာဏာရှင်စနစ်အပြီးသတ်နိုင်ဖို့ မျှော်လင့်ကြောင်း မြောက်ပိုင်းသုံးဖွဲ့ ပြော

RFA Burmese
2024.02.15
တရုတ်နဂါးနှစ်မှာ အာဏာရှင်စနစ်အပြီးသတ်နိုင်ဖို့ မျှော်လင့်ကြောင်း မြောက်ပိုင်းသုံးဖွဲ့ ပြော ချင်းပြည်နယ် ပလက်ဝမြို့နယ်ရှိ ထရွန်အိုင် စစ်ကောင်စီဗျူဟာကုန်းအား သိမ်းပိုက်ခဲ့သည့် ရက္ခိုင့်တပ်တော် (AA) တပ်ဖွဲ့ဝင်များကို ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၄ ရက်နေ့က တွေ့ရစဉ်။
AA Info Desk

မြန်မာပြည်သူတွေ မျှော်လင့်နေတဲ့ စစ်အာဏာရှင်စနစ် အမြစ်ဖြတ်ရေးဟာ အခုနှစ်မှာ ကျရောက်တဲ့ တရုတ်နဂါးနှစ်အတွင်းမှာပဲ ပြီးပြတ်နိုင်မယ်လို့ မျှော်လင့်ထားတဲ့အကြောင်း မြောက်ပိုင်းညီနောင် သုံးဖွဲ့က အခုလ ၉ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

"စစ်အာဏာရှင်စနစ် အမြစ်ဖြုတ်ဖို့အတွက် အရှိန်အဟုန်မြှင့်ပြီးတော့ အားလုံးအတူ လုပ်ဆောင်သွားမယ်လို့ ပြောကြားချင်ပါတယ်”

မူလရည်မှန်းချက်ဖြစ်တဲ့ အာဏာရှင်စနစ် ပပျောက်ရေးရည်မှန်းချက် မပြီးမြောက်သေးတာကြောင့် ထုတ်ပြန်တာလို့ TNLA ပြောခွင့်ရ ဒုတိယဗိုလ်မှူးကြီး မိုင်းအိုက်ကျော်က RFA ကို ပြောပါတယ်။

“တစ်နိုင်ငံလုံး အတိုင်းအတာအနေနဲ့ ဒီအာဏာရှင်စနစ်က ရှိနေသေးတာဖြစ်တယ်။ ဒီဟာကို ကျွန်တော်တို့ ဆက်ပြီးမှဆောင်ရွက်ရမယ့် လုပ်ငန်းတွေရှိသေးတယ်။ ကျွန်တော်တို့ ဦးတည်ချက် လုပ်ငန်းတွေလည်း ဆက်ပြီးမှ ဆောင်ရွက်နေတယ်။ ကျွန်တော်တို့ လုပ်ငန်းတွေ ပြီးမြောက်တယ်လို့ ကျွန်တော်တို့ မဆိုလိုသေးပါဘူးနော်”

၂၀၂၃ အောက်တို ၂၇ ရက်မှာ စတင်ခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေးမှာ TNLA က ခုနစ်မြို့၊ MNDAA တပ်ဖွဲ့က ခုနစ်မြို့ကို သိမ်းပိုက်နိုင်ခဲ့ပြီး UWSA "၀"တပ်ဖွဲ့က မြို့ နှစ်မြို့ကို ရခဲ့ပါတယ်။

အဲဒီကာလမှာပဲ တရုတ်နိုင်ငံရဲ့ ကြားဝင်မှုကြောင့် စစ်ကောင်စီနဲ့ TNLA နဲ့ MNDAA တပ်ဖွဲ့တွေကြား ဇန်နဝါရီလ ၁၁ ရက်နေ့မှာ အပစ်ရပ်ခဲ့ပါတယ်။ ဒါပေမဲ့ ရခိုင်ပြည်နယ်မှာတော့ စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် AA တို့ တိုက်ပွဲတွေဆက်ဖြစ်နေပြီး မြို့ ခြောက်မြို့ကို ရက္ခိုင့်တပ်တော်က သိမ်းပိုက်ထားပါတယ်။

စစ်ကောင်စီဘက်ကလည်း အပြင်းအထန်ပြန်တိုက်နေတဲ့အတွက် ရှမ်းမြောက်အခြေစိုက် တိုင်းရင်းသားအဖွဲ့တွေက AA ကို ကူညီဖို့ စစ်မျက်နှာတွေ ထပ်ဖွင့်လာတာမျိုး ဖြစ်နိုင်တယ်လို့ မြန်မာ့နိုင်ငံရေး လေ့လာသူ ဦးသန်းစိုးနိုင်က သုံးသပ်ပါတယ်။

“သူတို့ရဲ့ စစ်ရေးလှုပ်ရှားမှုတွေ ပြန်စတော့မယ်လို့ ယူဆပါတယ်။ အခုက ရခိုင်ကို AA ကနေပြီးတော့ လုပ်နေတဲ့အနေအထားက မြောက်ပိုင်းက အကူအညီလိုလိမ့်မယ်ထင် ပတယ်။ AA ရဲ့ အကျပ်အတည်းကို မြောက်ပိုင်းကလည်း လှုပ်ရှားမှုတွေနဲ့ အားပြုပေးလိမ့်မယ်လို့ ကျွန်တော်ထင်ပါတယ်ခင်ဗျ”

တရုတ်နှစ်ကူးနောက်ပိုင်း ဒေသအတွင်း တိုက်ပွဲတွေပြန်ဖြစ်နိုင်တယ်ဆိုပြီး ရှမ်းမြောက်ဒေသခံတွေ ကြားမှာလည်း သုံးသပ်နေကြပါတယ်။

စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေးမှာ မြောက်ပိုင်းသုံးဖွဲ့ရဲ့ အခန်းကဏ္ဍ အရေးပါတယ်ဆိုပေမယ့် တစ်ဖက်မှာလည်း တရုတ်နိုင်ငံရဲ့ ဖိအားကြောင့် အဟန့်အတားတွေဖြစ်နိုင်မလားဆိုတဲ့ သုံးသပ်မှုတွေလည်း ရှိနေတာပါ။

စစ်တပ်အရာရှိဟောင်းတစ်ယောက်ကတော့ စစ်ကောင်စီ ပြုတ်ကျတဲ့အထိတော့ တရုတ်က လက်ခံမှာမဟုတ်ဘူးလို့ သုံးသပ်ပါတယ်။

“တရုတ်က ကြားထဲမှာ လေပြေအေးလေနဲ့ သူက အိတ်စပို့လုပ်ချင်နေတာကိုး။ အဲဒါလုပ်ပြီးတော့ သူက နေပြည်တော်ကစပြီး ရန်ကုန်အထိ ကသဲကရုန်းဖြစ်သွားအောင် အဲလိုတော့ သူ မလုပ်ချင်ဘူး။ မြန်မာနိုင်ငံ အဲဒီလို ထိန်းမနိုင်သိမ်းမရဖြစ်သွားရင် ပထမဆုံး အကျိုးစီးပွားပျက်စီးမှာ သူပဲ။ အဲတော့ သူတို့ကို တိုက်ခိုင်းမယ့်၊ မြှောက်ပေးမယ့်အရာသည် ကန့်သတ်စစ်ပွဲအထိပဲရှိမယ်။ လက်ရှိ န.စ.က အစိုးရ ပြုတ်ကျအောင် သူ မလုပ်ဘူး”

တရုတ်အရေး ကျွမ်းကျင်သူ ဒေါက်တာလှကျော်ဇောကတော့ တရုတ်နိုင်ငံအနေနဲ့ နယ်စပ်မှာသာ တားလို့ရနိုင်မယ်လို့ ရှုမြင်ပါတယ်။

“တရုတ်ဖိအားကလည်း သူ့ နယ်နိမိတ်ကို ကျော်ကျတာ၊ သူ့နိုင်ငံထဲ စစ်ဘေးဒုက္ခသည်တွေ ပြေးလာတာ ဒါမျိုးသာ သူက ဟိုဒင်းပြုတာလေ။ အခုတော့ သူက ဒီလိုပြောနေတာပေါ့၊ နိုင်ငံရေးစားပွဲပေါ်ရောက်အောင် သူတို့ ကြိုးစားနေပါတယ်နဲ့ အဲဒီဟာက ကျွန်မတို့နဲ့ မဆိုင်ဘူးလေ။ စစ်တပ်ပဲ အဓိကဖြစ်တာကိုး။ မြောက်ပိုင်းသုံးဖွဲ့ကလည်း ကျွန်မတို့ မြန်မာပြည်သူတွေ အထူးသဖြင့် နွေဦးတော်လှန်ရေးကို ဆုံးအောင်လုပ်ပါမယ်လို့ ကတိပေးထားတဲ့ဟာလေ။ သူတို့ လုပ်မယ့်ဟာက ဒီဘက်ပိုင်းဖြစ်မှာပေါ့။ တရုတ်နယ်စပ်နဲ့ ဘာမှမဆိုင်တာ ဖြစ်မှာပေါ့”

မန်တုံပ စစ်ကောင်စီတပ်စခန်းအား သိမ်းယူရရှိကြောင်း ကိုးကန့်တပ်မတော် (MNDAA) မှ ၂ဝ၂၃ ခုနှစ်၊ နိုဝင်ဘာ ၁ ရက်နေ့က ထုတ်ပြန်ခဲ့စဉ်။ (Photo:  The Kokang)
မန်တုံပ စစ်ကောင်စီတပ်စခန်းအား သိမ်းယူရရှိကြောင်း ကိုးကန့်တပ်မတော် (MNDAA) မှ ၂ဝ၂၃ ခုနှစ်၊ နိုဝင်ဘာ ၁ ရက်နေ့က ထုတ်ပြန်ခဲ့စဉ်။ (Photo: The Kokang)

ပအိုဝ်းအမျိုးသား ဖက်ဒရယ်ကောင်စီ ဥက္ကဋ္ဌ ဦးခွန်မြင့်ထွန်းကတော့ မြောက်ပိုင်းသုံးဖွဲ့ရဲ့ ထုတ်ပြန်မှုဟာ ကောင်းတဲ့အချက်ဖြစ်တယ်လို့ ပြောပါတယ်။

“၂၀၂၄ ခုနှစ်အတွင်းမှာ အပြီးလုပ်မယ်၊ မလုပ်ဘူးထက် ကျွန်တော် နားလည်တာကတော့ သူတို့ရဲ့ စစ်အာဏာရှင်စနစ် ဆန့်ကျင်တော်လှန်ရေးအပေါ်မှာ သူတို့ ဆက်လက်ရပ်တည် ဖော်ဆောင်သွားမယ်လို့ အဲလို နားလည်ပါတယ်”

အမျိုးသားညီညွှတ်ရေးအစိုးရ NUG အနေနဲ့လည်း စစ်အာဏာရှင်စနစ် အမြစ်ပြတ်အောင် တိုင်းရင်းသား မဟာမိတ်တွေနဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ NUG ပြောခွင့်ရ ဦးကျော်ဇော်က ပြောပါတယ်။

“အခု ညီနောင်သုံးဖော်က နဂါးနှစ်မှာ စစ်အာဏာရှင်စနစ် မြန်မာ့မြေပေါ်မှာ အမြစ်ပြုတ်ဖို့အတွက် လုပ်သွားမယ်လို့ ပြောကြားသွားတာက သမ္မတကြီး မိန့်ခွန်းမှာပြောကြားတဲ့အချက်နဲ့ ဆက်စပ်နေတာကို သတိထားမိမယ်လို့ ထင်မြင်မိပါတယ်။ ဇန်နဝါရီလ ၃၁ ရက်နေ့ NUG နဲ့ တိုင်းရင်းသား မဟာမိတ်တွေရဲ့ ဘုံသဘောတူညီချက်မှာလည်း နှစ်သစ်ဟာ တော်လှန်ရေးအရှိန်ကို မြှင့်ပြီးတော့ အဖက်ဖက်က ကျရှုံးနေတဲ့ စစ်အာဏာရှင်စနစ် အမြစ်ဖြုတ်ဖို့အတွက် အရှိန်အဟုန်မြှင့်ပြီးတော့ အားလုံးအတူ လုပ်ဆောင်သွားမယ်လို့ ပြောကြားချင်ပါတယ်”

၁၀၂၇ စစ်ဆင်ရေးဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီအတွက် အထိနာခဲ့တဲ့ စစ်ဆင်ရေးဖြစ်ခဲ့ပြီး စစ်ကောင်စီဘက်က စစ်တပ်စခန်းတွေနဲ့ မြို့တွေကို အများဆုံး စွန့်လွှတ်ခဲ့ရတာပါ။

ဒီစစ်ဆင်ရေးအတွင်း ရှမ်းမြောက်ဒေသက မြို့နယ် ၁၆ မြို့နယ် အပါအဝင် တစ်နိုင်ငံလုံးမှာ စစ်ကောင်စီတပ်က လက်လွှတ်ခဲ့ရတဲ့ မြို့နယ်ပေါင်း ၄၀ ကျော်အထိ ရှိခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။