မကွေးတိုင်းမှာ တစ်နှစ်ကျော်အတွင်း ၁၅၅ ယောက် အသတ်ခံရပြီး ၇၀၀ နီးပါး အဖမ်းခံထားရ

2022.05.09
မကွေးတိုင်းမှာ တစ်နှစ်ကျော်အတွင်း ၁၅၅ ယောက် အသတ်ခံရပြီး ၇၀၀ နီးပါး အဖမ်းခံထားရ စစ်ကောင်စီတပ်မှ မီးရှို့ခဲ့သည့် မကွေးတိုင်း ဂန့်ဂေါမြို့နယ် မြင်သားကုန်းရွာအား ၂၀၂၂ ခုနှစ် မတ်လ ၁ ရက်နေ့က တွေ့ရစဉ်
Photo: CJ

ဒေသခံတွေရဲ့ ပြောဆိုချက်၊ လွတ်လပ်တဲ့အဖွဲ့အစည်းအတွေရဲ့ ထုတ်ပြန်ချက်နဲ့ ပြည်တွင်း သတင်းမီဒီယာတွေပေါ် အခြေခံပြီး RFA က သီးသန့်ပြုစုထားတဲ့ စာရင်းတွေအရ မကွေး တိုင်း ဂန့်ဂေါ၊ ဆော၊ ထီးလင်း၊ ပေါက်၊ ဆိပ်ဖြူ၊ ပခုက္ကူ၊ မြိုင်၊ ရေစကြို၊ ငဖဲ၊ စေတုတ္တရာ စတဲ့မြို့နယ်တွေမှာ စစ်တပ်က အာဏာသိမ်းထားတဲ့ တစ်နှစ်ကျော်အတွင်း ၁၅၅ ယောက် အသတ်ခံရပြီး ၆၈၃ ယောက် အဖမ်းခံထားရပါတယ်။

မကွေးတိုင်းမှာ နေအိမ်အလုံးပေါင်း ၂၁၀၀ ကျော် မီးရှို့ဖျက်ဆီးခံရပြီးဖြစ်လို့ စစ်ကိုင်းတိုင်း ပြီးရင် တစ်နိုင်ငံလုံးမှာ ဒုတိယ ပျက်စီးမှု အများဆုံးတိုင်း ဖြစ်ပါတယ်။ ဧပြီလ ပထမအပတ် ကစလို့ မကွေးတိုင်းမှာ လက်နက်ကိုင်ခုခံမှု မြင့်တက်လာတဲ့ ပေါက်မြို့နယ်မှာဆိုရင် ရွာပေါင်း ၂၀ ထက်မနည်း မီးရှို့ဖျက်ဆီးခံခဲ့ရပါတယ်။

"စစ်တပ်ရဲ့ဒဏ်ကို တိုင်းရင်းသားတွေပြီးရင် ပြည်မကြီးမှာ မကွေးဟာ တော်တော်ခံရတဲ့နေရာလို့ ပြောလို့ရတယ်"

ဧပြီ ၁၀ ရက်နဲ့ ၂၄ ရက်နေ့တွေမှာ စစ်တပ်နဲ့ ပျူစောထီးအဖွဲ့တွေရဲ့ နှစ်ကြိမ်တိုင်တိုင် မီးရှို့ ဖျက်ဆီးတာကိုခံခဲ့ရတဲ့ ပေါက်မြို့နယ် တောင်ဘက်ရွာက နေအိမ်ဆုံးရှုံးခဲ့သူ ဒေါ်အေးက နေစရာမရှိ၊ စားစရာမရှိနဲ့ အသက်ကြီးမှ ဒုက္ခအကြီးအကျယ် ရောက်ရတယ်လို့ ပြောပါ တယ်။

"ဒေါ်လေးတို့အိမ်ဆိုရင် နွားစာတဲတွေရော၊ အိမ်မှ ကျမတို့မှာ အိမ်ကောင်းကြီး။ သစ်ဝါး ဆိုတာ တစ်ချောင်းမှမပါဘူး။ အဲဒါအကုန်ပါသွားတယ်ရှင့်။ ကျမတို့မှာ အသက်ကလည်း ကြီးနေပြီ။ ဒီလိုအိမ်မျိုးနဲ့ နေနိုင်ပါတော့မလား မသိဘူးရှင့်။ ဒုက္ခတွေ အကြီးအကျယ် ရောက်နေတာ။ အခုရွာထဲ ပြန်နေခိုင်းလို့တောင်မှ ကျမတို့မှာ နေစရာမရှိတော့ဘူး။ အောင်စေချင်လှပါပြီ။ ကျမတို့မှာ မအိပ်လည်း မအိပ်ရဲ။ စားတဲ့အချိန်လည်း အမြဲကြည့် နားထောင်ပြီး စားနေရတာ။ အိပ်တဲ့အချိန်လည်း အမြဲ ဝီရိယနဲ့ အိပ်နေရတာ။ အခု လည်း သတင်းကြားလို့ ရွှေ့နေရတာ”

သူ့အိမ်ဟာ ကာလတန်ဖိုး ကျပ်သိန်း ၂၀၀ ကျော်လောက်ရှိပြီး အသက် ၅၆ နှစ်အရွယ် အရောက်မှ ဒီလိုဒုက္ခမျိုးကို ပထမဆုံးအကြိမ် ကြုံတွေ့ရတယ်လို့ ဒေါ်အေးက ပြောပြ ပါတယ်။

တောင်ဘက်ရွာကို စစ်ကောင်စီတပ်နဲ့ ပျူစောထီးအဖွဲ့တွေ နှစ်ကြိမ် မီးရှို့ရာမှာ လူနေအိမ် စုစုပေါင်း ၃၆ လုံး မီးလောင်သွားတယ်လို့ ရွာသားတွေက ပြောပါတယ်။ တောင်ဘက်ရွာကို PDF ရွာလို့ စွပ်စွဲပြီး မီးရှို့တာကြောင့် ရွာသား ၈၀၀ ကျော်ဟာလည်း ဘေးလွတ်ရာမှာ ထွက်ပြေးတိမ်းရှောင်နေရပြီး အခုချိန်ထိ အိမ်မပြန်ရဲသေးဘူးလို့ ဆိုပါတယ်။ မကွေးတိုင်း ဂန့်ဂေါမြို့နယ်မှာလည်း ကျေးရွာ ၁၇ ရွာက နေအိမ် ၆၉၅ လုံး မီးရှို့ခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အသက် ၄၁ နှစ်အရွယ် ပေါက်မြို့နယ်၊ ထန်းပေါက်ကုန်းရွာသား ကိုသန်းထွန်းဦးကတော့ အခုနှစ် ဖေဖော်ဝါရီလ ၂၁ ရက်နေ့မှာ စစ်သားတွေရဲ့ ဖမ်းဆီးသတ်ဖြတ်တာကို ခံခဲ့ရ တယ်လို့ ဇနီးဖြစ်သူ ဒေါ်လဲ့လဲ့ဝင်းက ဆိုပါတယ်။

အဲဒီနေ့က ရွာက ရေစင်ကို ရေသွားတင်ရာမှာ ပခုက္ကူအခြေစိုက် တပ်မ ၁၀၁ က အင်အား ၃၀ ကျော်ပါတဲ့ စစ်ကြောင်းတစ်ခုရဲ့ ဖမ်းဆီးခြင်းကိုခံရပြီး နောက်တစ်ရက်မှာ သူ့ခင်ပွန်း အသတ်ခံလိုက်ရတာလို့ ဇနီးဖြစ်သူ ဒေါ်လဲ့လဲ့ဝင်းက RFA ကို ပြောပြပါတယ်။

"ကိုသန်းထွန်းဦးကို သူ့ကိုလည်း နှိပ်စက်တယ်တဲ့။ တုတ်ချွန်တွေနဲ့လည်း ထိုးတယ်တဲ့။ မျက်နှာကိုလည်း သေနတ်ဒင်ကြီးတွေနဲ့ ထိုးတယ်၊ ထုတယ်တဲ့။ သွေးတွေလည်း အန် တယ်တဲ့။ သူတို့နဲ့အတူ ထိတ်တုံးအတူခတ် ဖမ်းထားတဲ့ကလေးတွေ ပြောပြမှ ကျမတို့ သိရတာ။ သူတို့က ဘာအကြောင်းကြားထားခြင်းလည်း မရှိဘူး"

ကိုသန်းထွန်းဦး သေဆုံးတာနဲ့ ပတ်သက်ပြီး စစ်တပ်က မိသားစုကို အကြောင်းမကြားသလို အလောင်းကိုလည်း ပြန်မပေးဘူးလို့ ဇနီးဖြစ်သူက ဆက်ပြောပါတယ်။ သူဟာ ရပ်ရွာလူမှု ရေး ကိစ္စတွေမှာ တက်ကြွတဲ့ ပရဟိတ သမားတစ်ယောက်ဖြစ်ပြီး PDF တွေကို ထောက်ပံ့ ကူညီသူဆိုပြီး သတင်းပေးတွေက စစ်တပ်ကို တိုင်ကြားခဲ့တာကြောင့် အခုလို အသတ်ခံရ တာလို့လည်း ဒေါ်လဲ့လဲ့ဝင်းက ဆိုပါတယ်။ ကိုသန်းထွန်းဦး သေဆုံးချိန်မှာ သားသမီးနှစ်ဦး အပြင် ဇနီးဖြစ်သူ ဒေါ်လဲ့လဲ့ဝင်းမှာ ကိုယ်ဝန်လေးလ ကျန်ခဲ့ပြီး စားဝတ်နေရေးကို ခက်ခက်ခဲခဲ ရုန်းကန်နေရတယ်လို့ ပြောပါတယ်။

စစ်ကောင်စီကို တူမီးသေနတ်နဲ့ အစောဆုံး ခုခံတော်လှန်ခဲ့တဲ့ ချင်းပြည်နယ်နဲ့ နယ်မြေချင်း ထိစပ်နေတဲ့ မကွေးတိုင်း ယောဒေသ ဂန့်ဂေါ၊ ဆော၊ ထီးလင်း စတဲ့ မြို့နယ်ထဲမှာ အခုနှစ် ဆန်းကစလို့ ဒေသကာကွယ်ရေးတပ်တွေနဲ့ စစ်ကောင်စီတပ်အကြား တိုက်ပွဲတွေ မကြာ ခဏဖြစ်ပွားလေ့ရှိပါတယ်။

တိုက်ပွဲတွေဖြစ်ပြီးတိုင်း စစ်တပ်က ရွာတွေထဲ ဝင်လာပြီး အင်အားသုံး စီးနင်းမှု၊ လေ ကြောင်းတိုက်ခိုက်မှု၊ မီးရှို့ဖျက်ဆီးမှု၊ ဖမ်းဆီးသတ်ဖြတ်မှုတွေကို အကြိမ်ကြိမ် လုပ်လေ့ ရှိတာကြောင့် စစ်ဘေးဒုက္ခသည်အရေအတွက်လည်း ပိုများလာတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ထီးလင်းမြို့နယ်ထဲက ကျင်းရွာနဲ့ ပုဏ္ဏားရွာ နှစ်ရွာမှာတင် စစ်ကြောင့်ထွက်ပြေးပုန်းရှောင် နေရသူ ၁၄၀၀ ခန့် ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။ သင်္ကြန်အပြီး နှစ်ဆန်းတစ် ရက်နေ့မှာ စစ်တပ်က ထီးလင်းမြို့နယ်၊ ကျင်းရွာကို လေကြောင်းကနေ တိုက်ခိုက်ခဲ့တာ ကြောင့် တစ်နေ့ကို လေးကြိမ်လောက် ထွက်ပြေးခဲ့ရတယ်လို့ ကျင်းရွာသား ဦးကျော်အေး က ပြောပါတယ်။

"နှစ်ဆန်း တစ်ရက်နေ့က ကျနော်တို့ သေနတ်သံကြားတယ်ဗျ။ ကျနော်တို့လည်း ကြောက်လို့ အိမ်မှာကုပ်နေတာပေါ့ဗျာ။ ညနေကျတော့ လေယာဉ်နဲ့လာတော့ ကျနော်တို့ ထွက်ပြေးတယ်။ လေယာဉ်နဲ့လာပြီး လေယာဉ်ပေါ်ကနေ သေနတ်နဲ့ပစ်လို့ ထွက်ပြေးရတယ်။ အခုအချိန်ကျတော့ နီးစပ်တဲ့ ရွာလေးတစ်ရွာမှာ ခိုလှုံနေရတာပေါ့။ ရှောင်ပြေးခဲ့ရတာတော့ မနည်းပါဘူးဗျာ။ ကျနော်တို့မှာ ဒုက္ခသုက္ခနဲ့။ ဟိုပြေးလိုက် ဒီပြေးလိုက်နဲ့ တစ်နေ့ကို လေးကြိမ်လောက် ထွက်ပြေးခဲ့ရတာပေါ့။ အဲဒါတောထဲမှာ နှစ်ညလုံးလုံး အိပ်ပြီးတော့မှ ဒီဘက် ရွာလေးတစ်ရွာကို ရောက်လာခဲ့တာ။ ရှောင်တိမ်း နေရတာ များတယ်ဗျ”

သူနဲ့အတူ အမျိုးသမီး၊ ကလေးနဲ့ သက်ကြီးရွယ်အိုတွေအပါအဝင် လူ ၇၀ ကျော်လောက် ကျင်းရွာကနေ ထွက်ပြေးခဲ့ရပြီး တောထဲမှာ နှစ်ရက်ကြာ အစာငတ်ရေငတ် ပုန်းရှောင်ခဲ့ ရတယ်လို့ ဆိုပါတယ်။ သူ့ဘဝမှာ အသက် ၅၀ အရွယ်အထိ အခုလို အခြေအနေမျိုးကို တစ်ခါမှ မကြုံဖူးတာကြောင့် စိတ်ထိခိုက်ဝမ်းနည်းရတယ်လို့ ဦးကျော်အေးက ဆိုပါတယ်။

မကွေးတိုင်းထဲက ကျေးရွာတွေကို မီးရှို့ဖျက်ဆီးမှု၊ ဖမ်းဆီးသတ်ဖြတ်မှုတွေနဲ့ ပတ်သက်ပြီး စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က ဒီနေ့ဆက်သွယ်ခဲ့ရာမှာ အခုလို ပြောပါတယ်။

“မကွေးနဲ့ ချင်းပြည်နယ်အစပ် PDF များ လှုပ်ရှားနေတဲ့ နေရာတွေရှိတယ်၊ PDF တွေက အဲဒီဒေသမှာ အခြေပြုပြီး ချင်းပြည်နယ်ဘက်ကူးတာ၊ မကွေးဘက်ကူးတာတွေ လုပ် ဆောင်နေတာမျိုးတွေရှိတယ်၊ အဓိကတော့ မင်းတပ်နဲ့ ဆက်စပ်နေတာရှိတယ်၊ PDF အမည်ခံအဖွဲ့တွေက ဘုန်းကြီးကျောင်းတွေကို ဝိုင်းဝန်းတိုက်ခိုက်တာရှိတယ်၊ မြန်မာ နိုင်ငံရဲတပ်ဖွဲ့ကတော့ လုံခြုံရေးလိုက်လံဆောင်ရွက်ပေးနေတာ ရှိပါတယ်၊ ဖမ်းဆီးခံ ရတာတွေကတော့ ကျွန်တော်တို့ အကြောင်းမဲ့ဖမ်းဆီးတာမျိုး မရှိဘူး၊ မကွေးတိုင်း မြောက်ပိုင်းဘက်မှာဆိုရင် တပ်ကပဲမီးရှို့သယောင် ပြောတာသတင်းလွှင့်တာတွေရှိတယ်၊ လက်တွေ့ PDF တွေ ဖမ်းမိချိန်မှာ ဗီဒီယိုနဲ့ပြပြီးဖြစ်တယ်၊ တပ်ကမီးရှို့တာမဟုတ်ပါ ဘူးလို့ ပြောတာရှိတယ်၊ သူနာပြုဆရာမ တစ်ယောက်၊ ကျန်းမာရေးဝန်ထမ်းတစ် ယောက် သူတို့ ဖမ်းဆီးရမိပြီး သတင်းထုတ်ပြန်ရာမှာ သူတို့ရဲ့ ထွက်ဆိုချက်တွေ ပြသခဲ့တာရှိပါတယ်၊ ပြောချင်တာက ဒီအဖွဲ့အနေနဲ့ လက်တွေ့မှာမဖြစ်တာတွေကို လိမ်လည်ပြီးပြောနေတာပဲဖြစ်တယ်လို့ ပြောချင်တယ်’’

မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဗိုလ် Cross ကတော့ မြိုင်မြို့နယ်မှာ စစ် ကောင်စီတပ်ကို မောင်းထုတ်ပြီး သူတို့ PDF တပ်ဖွဲ့တွေကသာ နယ်မြေစိုးမိုးထားတယ်လို့ ပြောပါတယ်။

"သူတို့က စစ်ကြောင်းထိုးရုံလောက်ပဲ ထိုးနိုင်တော့တာ။ မြို့ထဲကနေ မထွက်ရဲတော့ဘူး။ မြို့တွေထဲ မြို့ပေါ်တွေ သူတို့ပိုင်တဲ့ ရွာလေးတွေမှာ ခြေကုပ်ယူနေကြတာ။ လမ်းပေါ် တွေတောင် သိပ်မသွားရဲတော့ဘူး။ အခုက တော်တော်လေးတော့ နယ်မြေစိုးမိုးမှုတွေ ရလာပါပြီ။ တော်တော်လေးတော့ အခြေအနေတွေ ကောင်းလာပါပြီ။ အဖွဲ့အစည်းတွေ ကလည်း အကုန်လုံး အချိတ်အဆက်မိမိ အတူတူလက်တွဲ လှုပ်ရှားနေကြပါပြီ"

မကွေးတိုင်းမှာ မြို့နယ်ပေါင်း ၂၅ မြို့နယ်ရှိပြီး အထက်ပိုင်း ဂန့်ဂေါ၊ ဆော၊ ထီးလင်း၊ ပေါက်၊ မြိုင်၊ ရေစကြို စတဲ့ ဒေသတွေဟာ အနောက်ဘက်မှာ ချင်းပြည်နယ်၊ အရှေ့ဘက်မှာ စစ်ကိုင်းတိုင်းအောက်ပိုင်းနဲ့ နယ်မြေချင်း ထိစပ်နေပါတယ်။

ဒါ့ကြောင့် လက်နက်ကိုင်တော်လှန်ရေး ကူးစက်ပျံ့နှံ့လာပြီး မကွေးအထက်ပိုင်း မြို့နယ် တိုင်းလိုလိုမှာ ဒေသကာကွယ်ရေးတပ်ဖွဲ့ PDF တွေ ရှိပါတယ်။ မြိုင်နယ်တစ်ခုတည်းမှာ တင် PDF တပ်ဖွဲ့ ၈ ဖွဲ့လောက်ရှိပြီး အင်အားတစ်သောင်းကျော်အထိ ရှိပါတယ်။

three-women-arrested.jpg
၂၀၂၂ ခုနှစ်၊ မတ်လ ၁၃ ရက်နေ့က စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဖမ်းဆီးခဲ့သည့် မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ တောင်အိုရွာမှ ဒေါ်ညိုစန်း၊ မဆွေဆွေဝင်း၊ မနှင်းယုဝေ တို့အား တွေ့ရစဉ် (Photo: Yesagyo Township Info Committee)

ပေါက်မြို့နယ်သား ကိုပေါက်ကြိုင်းကတော့ ချင်းပြည်နယ်နဲ့ စစ်ကိုင်းတိုင်းက လက်နက် ကိုင်ခုခံမှုတွေ ကူးစက်ပျံ့နှံ့ရုံမက မကွေးတိုင်းဟာ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ဇာတိဒေသ လည်းဖြစ်တာမို့ အစကတည်းက အာဏာရှင်ဆန့်ကျင်ရေးနဲ့ ဒီမိုကရေစီရေးလှုပ်ရှားမှု တွေမှာ အားကောင်းခဲ့တယ်လို့ RFA ကို ပြောပါတယ်။

"မကွေးတိုင်းက ဟိုတုန်းကလည်း ဒီမိုကရေစီ ပြောင်းလဲရေး မဲပေးမှုတွေမှာ အား ကောင်းခဲ့တယ်။ ဗိုလ်ချုပ်ရဲ့ မွေးရပ်လည်းဖြစ်တယ်။ နောက်ပြီး စစ်တပ်ရဲ့ ဖိနှိပ်မှုကို အရင်တုန်းကလည်း ခံခဲ့ရတယ်။ ရထားလမ်းတွေ ဖောက်ခဲ့ရတာတွေ၊ ကြက်ဆူပင်တွေ စိုက်ခဲ့ရတာတွေရှိခဲ့တယ်။ သမိုင်းကြောင်းအရဆိုရင်လည်း ဂန့်ဂေါဘက်တွေ၊ ယော ဘက်တွေမှာ ဟိုတုန်းက ရွာလုံးကျွတ် သတ်ဖြတ်ခံရတာတွေ ရှိခဲ့တယ်။ စစ်တပ်ရဲ့ဒဏ် ကို တိုင်းရင်းသားတွေပြီးရင် ပြည်မကြီးမှာ မကွေးဟာ တော်တော်ခံရတဲ့နေရာလို့ ပြောလို့ရတယ်။ အာဏာရှင်စနစ်ကို တော်တော်ရွံမုန်းခဲ့တဲ့ နေရာလည်းဖြစ်တယ်။ ကျနော်တို့ဟာ နောက်မျိုးဆက်အတွက်ဆိုရင်၊ နိုင်ငံရဲ့လူမှုဘဝ မြင့်မားဖို့အတွက်ဆိုရင်၊ လွတ်လပ်မှုနဲ့ တရားမျှတမှု ရဖို့အတွက်ဆိုရင် ဒီတစ်ခါတိုက်မှ ရတော့မယ်ဆိုတဲ့ အမြင် ရယ်၊ အသိရယ်၊ သန္နိဋ္ဌာန်ရယ်က ပြည်သူတိုင်းမှာ ခိုင်ခိုင်မာမာရှိသွားပြီလို့ ပြောလို့ရ တယ်ဗျ"

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် စစ်တပ်အာဏာသိမ်းတာကို ငြိမ်းငြိမ်းချမ်းချမ်း ဆန္ဒပြနေ တဲ့ ပြည်သူတွေကို စစ်တပ်က အကြမ်းဖက်သတ်ဖြတ်တာ၊ နိုင်ငံရေးလှုပ်ရှားသူတွေကို ဖမ်းဆီးနှိပ်စက်ပြီး စစ်ကြောရေးမှာ လက်လွန်သေဆုံးတာတွေကြောင့်လည်း မကွေးတိုင်း မှာ အာဏာရှင်ဆန့်ကျင်ရေး အရှိန်မြင့်တက်လာတာလို့ ကိုပေါက်ကြိုင်းက ပြောပါတယ်။

လက်နက်ကိုင်ခုခံမှု အစောဆုံးစတင်ခဲ့တဲ့ စစ်ကိုင်းတိုင်း၊ ချင်းပြည်နယ်နဲ့ ကယားပြည်နယ် ကို စစ်တပ်က ချေမှုန်းနေချိန်မှာ ပြည်သူအချင်းချင်း ကူညီရမယ်၊ ထကြွတော်လှန်ရမယ် ဆိုတဲ့စိတ်နဲ့ အခုနောက်ပိုင်းမှာ မကွေးတိုင်းက လက်နက်ကိုင်တော်လှန်မှု အရှိန်မြင့်တက် လာတာလို့လည်း RFA က ဆက်သွယ်မေးမြန်းခဲ့တဲ့ မကွေးတိုင်း ဒေသခံတွေက ပြောပြကြ ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။