ကယားတိုက်ပွဲ သုံးပတ်ကျော်အတွင်း အရပ်သား ၁၈ ဦး သေဆုံး

2022.01.24
ကယားတိုက်ပွဲ သုံးပတ်ကျော်အတွင်း အရပ်သား ၁၈ ဦး သေဆုံး တိုက်ပွဲတွေကြောင့် တောထဲမှာနေရတဲ့ ကရင်နီစစ်ဘေးဒုက္ခသည်တွေကို ၂၀၂၁ အောက်တိုဘာလက တွေ့ရစဥ်
Photo: FBR - Karenni

ကယားပြည်နယ် ဒီးမော့ဆိုနဲ့ လွိုင်ကော်မြို့တိုက်ပွဲတွေကြောင့် ဇန်နဝါရီ ၁ ရက်ကနေ ဇန်နဝါရီ ၂၄ ရက် ဒီကနေ့အထိ သုံးပတ်ကျော်အတွင်း အရပ်သား ၁၈ ဦး သေဆုံးခဲ့တယ်လို့ ကရင်နီလူ့အခွင့်အရေးကွန်ယက်က ပြောလိုက်ပါတယ်။

ဒီးမော့ဆိုနဲ့ လွိုင်ကော်အနီးတဝိုက်မှာ တိုက်ပွဲတွေဆက်ဖြစ်နေပြီး သုံးပတ်ကျော်အတွင်း အရပ်သား ၁၈ ဦး သေဆုံးတဲ့အပြင် နောက်ထပ် ရှစ်ဦးလည်း ပျောက်ဆုံးနေကြောင်း ကရင်နီလူ့အခွင့်အရေးကွန်ယက် ညွှန်ကြားရေးမှူး ကိုဗညား က RFA ကို ပြောပါတယ်။

“ဒီကြားကာလရက်ပေါင်း ၂၀၊ ၂၃ ရက်ကြားမှာဆိုရင် လူဦးရေအနည်းဆုံး ကျနော်တို့က ၁၈ ယောက်နီးပါးပေါ့နော်၊ ဒါအနည်းဆုံးသိရတဲ့ စာရင်းကတော့ ၁၈ ယောက် သတ်ဖြတ် ခြင်းခံလိုက်ရတယ်။ နောက်ပြီးတော့ လုံးဝပျောက်သွားတဲ့လူတွေရှိတယ်။ ကျနော်တို့ ကတော့ လူပျောက်စာရင်းမှာ ထည့်ထားတဲ့လူတွေရှိတယ်။ အခုချိန် ကျနော်တို့ သိရ သလောက်ကတော့ ၆ မိုင်မှာ ပြန်ပြီးတော့ စားနပ်ရိက္ခာယူတဲ့ ဦးလေး သုံးယောက်လည်း ပျောက်နေတယ်။ နောက်ဈေးသည်နှစ်ဦးလည်း ပျောက်နေတယ်ပေါ့နော်။ ဒီတစ်ဘက် ခြမ်း ဒေါတမကြီးအုပ်စုမှာနေတဲ့ အမျိုးသမီးတစ်ယောက်ရယ် နောက်ပြီးတော့မှ ကျနော် တို့ ဒီဘောလခဲကနေ ဈေးလာဝယ်တဲ့ တစ်ယောက် အပါအဝင်ပေါ့။ အဲတော့ နောက်ပြီး တော့ ကျနော်တို့မြို့ပေါ်မှာလည်း ဖမ်းဆီးပြီးတော့ ပျောက်ဆုံးသွားတဲ့လူတွေကတော့ အနည်းဆုံး ရှစ်ယောက်လောက်ရှိပါတယ်”

ဇန်နဝါရီလ ၂၃ ရက် မနေ့က လွိုင်ကော်မြို့နယ် စံပြ ၆ မိုင်နဲ့ ဟိုဖိတ်ကျေးရွာ လမ်းကြောင်း တလျှောက် ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေအတွင်း စစ်ကောင်စီဘက်က သပြေတောကျေးရွာ အနီးက အရပ်သားနှစ်ဦးကို ဖမ်းဆီးသတ်ဖြတ်ခဲ့တယ်လို့  ကရင်နီအမျိုးသားကာကွယ်ရေး တပ် KNDF က ဒီကနေ့ သတင်းထုတ်ပြန်ထားပါတယ်။ ဒါအပြင် လူနေအိမ် ကိုးလုံးကို လည်း မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဆိုပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး တုံ့ပြန်ချက်ရနိုင်ဖို့အတွက် စစ်ကောင်စီ ပြန်ကြားရေးဒုဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ကြိုးစားဆက်သွယ်ခဲ့ပေမဲ့ ညနေ ၆ နာရီလောက်အထိ အကြောင်းမပြန်သေးပါဘူး။

စစ်ကောင်စီရဲ့ ဇန်နဝါရီ ၂၁ ရက် ထုတ်ပြန်ချက်မှာတော့ လွိုင်ကော်မြို့တောင်ဘက်ရှိ စံပြ ၆ မိုင်ကျေးရွာအတွင်း ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP နဲ့ PDF အဖွဲ့တွေကို စစ်တပ်က ချေမှုန်းရာမှာ  ကရင်နီကာကွယ်ရေးတပ်တွေဘက်က လူနေအဆောက်အအုံ တွေ၊ အစိုးရအဆောက်အအုံတွေနဲ့ ဘာသာရေး အဆောက်အအုံတွေကို အကာအကွယ် ယူပြီး တိုက်ခိုက်ခဲ့တယ်။ အရပ်သားတွေကို လူသားဒိုင်းအဖြစ် အသုံးပြုခဲ့တယ်လို့ စွပ်စွဲထားပါတယ်။

ကရင်နီအမျိုးသားကာကွယ်ရေးတပ် KNDF  ရဲ့ ဦးဆောင်ကော်မတီဝင် ကိုသိုက်ကတော့ အရပ်ဘက်ကို အကာအကွယ်ယူတာဟာ စစ်ကောင်စီတပ်သာဖြစ်တယ်လို့ တုံ့ပြန်ပါတယ်။

“လူနေအိမ်တွေ ဘုရားကျောင်းတွေ ကာကွယ်ယူရအောင်လို့ ပြောရအောင်လည်း သူတို့က လက်နက်ကြီးတွေ ရွာထဲတွေ အဲလိုမျိုးပစ်တာဖြစ်တယ်။ တိုက်ပွဲတွေက ရွာထဲမှာဖြစ်တယ်။ အဲဒီတော့ အားလုံးက နေအိမ်တွေကြားထဲ စေတီတွေကြားထဲ ဘုရားတွေကြားထဲ တိုက်ပွဲတွေဖြစ်နေတဲ့ အခြေအနေဖြစ်တယ်။ စစ်ကောင်စီရဲ့  စွပ်စွဲချက်က လူသားဒိုင်းလုပ်တယ် အိမ်တွေ  ဘုရားကျောင်းကန်တွေ ကာကွယ်ပြီး လုပ်တယ်ဆိုတဲ့ဟာက လုံးဝမှားတယ်။ သူတို့သာလျှင် စစ်ကောင်စီ ဘယ်မှာတပ်စွဲ ထားလဲဆိုရင် ဘုန်းကြီးကျောင်းမှာ တပ်စွဲတယ်။ စာသင်ကျောင်းမှာ တပ်စွဲတယ်။ ပြီးလို့ရှိရင် အများနဲ့သက်ဆိုင်တဲ့နေရာပဲ ဒါအမြဲတမ်း ခြေကုတ်ယူပြီးတော့မှ ဒါတွေကိုဖမ်း ရွာထဲကလူတွေဖမ်း ဘယ်နားလိုက်ပို့ ဘယ်လိုမျိုးသွား ဘယ်လို ကာသွားဆိုတဲ့ဟာမျိုးလုပ်နေတာပဲဖြစ်တယ်။ ကျနော်တို့ဆီမှာ ဒီလိုမျိုးကြုံရပေါင်း များနေပြီ ကျနော်တို့ကလူတွေ အဲလိုဖမ်းပြီး လူသားဒိုင်းလုပ်သွားလို့သာလျှင် ကျနော်တို့က ဘာမှမလုပ်ရဘဲနဲ့ ဒီအတိုင်းကြည့်နေရတဲ့ အကြိမ်ပေါင်းများနေပြီ ဒီလိုအခြေအနေရှိတယ်။ လူသားဒိုင်းလုပ်လို့ရှိရင် သူတို့ကဘာလုပ်လဲဆိုရင် စစ်ကောင် စီရဲ့ အဝတ်အစားကို သူတို့ဝတ်ပေးတယ်ကျနော်တို့ ရွာသားတွေကိုပေါ့ အဲလို အဝတ် တွေ ဝတ်ခိုင်းပြီး လမ်းလျှောက်ခိုင်းတယ်။ တကယ်လို့များ ကျနော်အဖွဲ့ ပစ်ရင် အဲလို ဒီရွာသားကို ပစ်ထိအောင်လုပ်လေ့ရှိတယ်ပေါ့နော်”

"လေယာဉ်က နေ့တိုင်းလိုလို လာတယ်ပေါ့နော်"

ကရင်နီအမျိုးသားကာကွယ်ရေးတပ် KNDF  ရဲ့ ပြန်ကြားရေးတာဝန်ခံတစ်ဦးကလည်း စစ်တပ်ဘက်ကသာ ကျေးရွာတွေပါမချန် လေကြောင်း၊ ကြည်းကြောင်း နှစ်ဖက်ညှပ်ပြီး ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ ပြောပါတယ်။

“စစ်ကြောင်းက မိုင်းလုံးဘက်ကနေ စစ်ကြောင်းတစ်ကြောင်း ထိုးတယ်ပြောတယ်။ နောက်ပြီးတော့ ဒီဟိုဘက်ပေါ့နော်၊ ဒီ ၅ မိုင် ၆ မိုင်ကနေ ဟိုဘက်တို့ အဲဒီဘက်ကနေ စစ်ကြောင်းထိုးတယ်ပေါ့။ ဆိုတော့ စစ်ကြောင်း နှစ်ကြောင်းနဲ့ နန်းမယ်ခုံဘက်ကို သူတို့ ဆက်လာမယ်လို့ ယူဆရတယ်လို့ ပြောတယ်လေနော်။ ဟိုဘက်မှာ စဖြစ်တဲ့ရက်တုန်းက သူတို့ လေယာဉ်နဲ့ လာတယ်ပေါ့နော်။ လေယာဉ်နဲ့ လာပစ်တယ်ပေါ့နော်။ လေကြောင်း စစ်ကူနဲ့ လာပစ်တယ်။ ဒါပေမဲ့ မနေ့ညရယ် အရှေ့တစ်ရက်ကရယ်တော့ လေကြောင်းနဲ့ သူက မလာဘူးပေါ့နော်။ လေကြောင်းနဲ့ မလာတာကတော့ မနေ့ကနဲ့ ရှေ့တစ်ရက်က လို့တော့ ပြောတယ်ပေါ့နော်။ ဆိုတော့ အဲဒီရှေ့နှစ်ရက်ကလွဲပြီးတော့ အခြားရှေ့ ရက်တွေကတော့ လေယာဉ်က နေ့တိုင်းလိုလို လာတယ်ပေါ့နော်”

ဇန်နဝါရီ ၂၄ ရက် ဒီနေ့မှာလည်း မနက် ၇ နာရီကနေ နေ့လယ် ၁၂ နာရီအထိ လွိုင်ကော်မြို့ တဝိုက်မှာ တိုက်ပွဲဖြစ်သံ နှစ်ဖက်ပစ်ခတ်သံတွေ ကြားခဲ့ရတယ်လို့ ဒေသခံတွေက ပြော ပါတယ်။

(ဖရူဆိုမြို့နယ် ရီခီးဘူး  စစ်ဘေးဒုက္ခသည်စခန်းကို ဇန်နဝါရီ ၁၇ ရက်နေ့က စစ်လေယာဥ်နဲ့   ဗုံးကြဲတိုက်ခိုက်တာကြော င့်ဒုက္ခသည် သုံးဦး သေဆုံးခဲ့ပြီး အဆောက်အအုံများ ပျက်စီးသွားစဥ်) Photo: Karenni Free Burma Rangers
(ဖရူဆိုမြို့နယ် ရီခီးဘူး စစ်ဘေးဒုက္ခသည်စခန်းကို ဇန်နဝါရီ ၁၇ ရက်နေ့က စစ်လေယာဥ်နဲ့ ဗုံးကြဲတိုက်ခိုက်တာကြော င့်ဒုက္ခသည် သုံးဦး သေဆုံးခဲ့ပြီး အဆောက်အအုံများ ပျက်စီးသွားစဥ်) Photo: Karenni Free Burma Rangers

စစ်တပ်ဘက်က တိုက်လေယာဉ်တွေ၊ ရဟတ်ယာဉ်တွေ၊ လက်နက်ကြီးတွေနဲ့ အင်အားသုံး ချေမှုန်းနေသလို ကရင်နီကာကွယ်ရေးတပ်တွေဘက်ကလည်း လက်လျှော့မယ့်ပုံ မတွေ့ ရတာကြောင့် တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နိုင်တယ်လို့ ကရင်နီလူမှုအသင်းအဖွဲ့များ ကွန်ယက် (KCSN)  ဒုတိယတာဝန်ခံ ရူဘီက ပြောပါတယ်။

“ရှေ့ဆက်ဘယ်လိုပဲဖြစ်ဖြစ် ပိုပြီးတော့ ဆိုးဖို့ပဲရှိတယ်။ လောလောလတ်လတ် ကျနော် တို့ သိတဲ့အတိုင်းပဲ တိုက်ပွဲလည်း နေ့စဉ်ရက်ဆက်ဆိုသလို ဖြစ်နေတယ်ဆိုတော့ ပြည်သူ့ကာကွယ်ရေးတပ်ဖြစ်ဖြစ် KNDF တပ်ဖြစ်ဖြစ် သူက တကယ်တူညီတဲ့ ရည်မှန်းချက်တစ်ခု တိုက်နေတယ်ဆိုတော့ အဆုံးထိ တိုက်မယ်ဆိုတော့ ပိုပြီးတော့ပဲ ဖြစ်ဖို့များလာတယ်။ ပြည်သူလူထုတွေကလည်း ပိုပြီးတော့မှ သတိထားရမယ့် အနေ အထားမှာတော့ ရှိတာပေါ့နော်”

၂၀၂၁ ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းချိန်ကနေ ၂၀၂၂ ဇန်နဝါရီ ၁၉ ရက်အထိ တစ်နှစ်နီးပါးကာလအတွင်း ကယားပြည်နယ်တစ်ခုလုံးမှာ အရပ်သားသေဆုံးမှု ၁၉၈ ဦးထိရှိနေပြီး၊ လူနေအိမ်နဲ့ ဘာသာရေးအဆောက်အအုံ ၄၇၅ လုံး ထိခိုက်ပျက်စီးခဲ့ကြောင်း လည်း KCSN အဖွဲ့က ဇန်နဝါရီလ ၂၀ ရက်နေ့က သတင်းထုတ်ပြန်ထားပါတယ်။

ကရင်နီလူ့အခွင့်အရေးအဖွဲ့ကလည်း ဇန်နဝါရီ ၇ ရက်ကနေ ဇန်နဝါရီ ၂၄ ရက် ဒီကနေ့ထိ စစ်ကောင်စီတပ်နဲ့ ကရင်နီတပ်မတော် (KA)၊ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် KNDF နဲ့ ပြည်သူ့ကာကွယ်ရေးတပ် PDF တို့အကြား လွိုင်ကော်နဲ့ ဒီးမော့ဆို အနီးတဝိုက်က ကျေးရွာတွေမှာ နေ့စဥ်နီးပါး တိုက်ပွဲတွေ ဖြစ်နေတာကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးရတဲ့ စစ်ဘေးဒုက္ခသည် တစ်သိန်းခုနှစ်သောင်းကျော်ရှိနေကြောင်း သတင်းထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။