အရပ်သား ၂၀ ခန့်ဖမ်းဆီးခံထားရကြောင်း KNU ပြော
2023.07.12

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ ကျောက်တံခါးမြို့ပေါ်မှာ ဇူလိုင်လ ၆ ရက်ကနေ ၉ ရက်နေ့အတွင်း ရိက္ခာဝယ်ယူတဲ့ အရပ်သား ၁၉ ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) က ဒီနေ့ ဇူလိုင်လ ၁၂ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
ဖမ်းဆီးခံရသူတွေဟာ ကျောက်ကြီးမြို့နယ်၊ ကျောက်မှော်ဘုရားကြီးရွာ၊ ဒါးကုလားရွာ၊ ပဒဲကောရွာနဲ့ ဗမာဝက်လာတောရွာက အရပ်သားတွေဖြစ်ပါတယ်။
"အမျိုးသားတွေဆိုရင် ထိုးတာ၊ ကန်တာတွေ လုပ်တာရှိတယ်"
ဒါဟာ အရပ်သားတွေကို စစ်ကောင်စီက အကြောက်တရားဖြစ်အောင် ခြိမ်းခြောက်တာလို့ ကျောက်ကြီးမြို့နယ်ထဲက ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
“ဟုတ်တယ် အဲဒါတွေက ကျေးရွာတွေကနေ ဥပမာ ဒါးကုလားတို့ ဘုရားကြီးတို့ ကျေးရွာတွေကနေပြီး ကျောက်တံခါးတို့ ညောင်လေးပင်တို့ ဈေးတက်ဝယ်တဲ့ ရွာသားတွေကို ဖမ်းတာ။ ဖမ်းပြီးတော့ တချို့ပိုက်ဆံတောင်းပြီး လွှတ်ပေးတာရှိတယ်။ ဟိုးတစ်နေ့ကတချို့ဆို ညောင်လေးပင်ရဲစခန်းထဲမှာ ချုပ်ထားတယ်။ ဈေးဝယ်သွားတဲ့ ကျေးရွာသားတွေကို သပ်သပ်ဒုက္ခပေးပြီး ဖြစ်နေတာပါ”
ဖမ်းဆီးခံရသူတွေထဲမှာ ကျောက်မှော်ဘုရားကြီးရွာက ကိုကျော်ထွေး၊ ဦးဇော်ဌေး၊ မောင်စိုးလင်းဦး၊ မောင်ဇော်ခိုင်၊ မောင်ကျော်စွာဝင်း၊ မောင်အေးမင်းစိုး၊ မောင်ဇော်နိုင်ထွေး၊ မောင်ရဲထွေး၊ စောဘီထွေး၊ စောကပေါ်ထူး၊ စောရဲမြင်း၊ မောင်အောင်ကိုမင်းနဲ့ စောဘဲနေထူးတို့ ပါဝင်တယ်လို့ KNU က ဖော်ပြပါတယ်။
ဒါ့အပြင် ပဒဲကောရွာက မောင်စိုးသူဝင်းနဲ့ ဗမာဝက်လာတောရွာက ကိုသန်းထွန်း၊ ဒါးကုလားရွာက မောင်စိုင်းကို၊ မောင်သန်းစိုးဦးနဲ့ မောင်ကျော်ထက်လင်းတို့ကိုလည်း ဖမ်းဆီးထားတယ်လို့ KNU က ဆိုပါတယ်။
သူတို့ကို KNU နဲ့ PDFတွေကို ထောက်ပံ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ထောင်ချဖို့ ပြင်ဆင်နေတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ကျောက်ကြီးဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
"အဖမ်းခံရတဲ့အထဲမှာ ပဒဲကောပါတယ်၊ ကျောက်မှော်ဘုရားကြီးပါတယ်။ ဝက်လှတောပါတယ်။ ဒါးကုလားပါတယ်။ ကျွန်တော်တို့ ရွှေကျင်မြို့နယ်၊ ကျောက်ကြီးမြို့နယ်မှာဆိုရင် ယောက်ကျားမှန်ရင် ဟုတ်ဟုတ်၊ မဟုတ်ဟုတ် သူတို့က PDF တို့ KNU လို့ပဲ သတ်မှတ်ပြီး အဲဒီလိုတွေလုပ်နေတာ၊ တကယ်တမ်းကျတော့ ပြည်သူတွေချည်းပဲ။ ဒီပစ္စည်းတွေကလည်း KNU တို့ကို ထောက်ပံ့တယ်ဆိုပြီး တစ်စိုက်မတ်မတ်ကိုစွပ်စွဲပြီး အဲဒီလိုလုပ်နေတာ"
အဲဒီဒေသခံတွေကို စစ်ကောင်စီတပ် ခလရ- ၂၆၄ ထဲမှာ ဖမ်းဆီးထားပြီး ဘယ်လို ပုဒ်မတွေနဲ့ အရေးယူထောင်ချမလဲ ဆိုတာကိုတော့ မသိရသေးဘူးလို့ ဆိုပါတယ်။
စစ်ကောင်စီတပ်ဟာ ညောင်လေးပင်ခရိုင်၊ ကျောက်တံခါးမြို့နယ်မှာ ဆန်၊ ဆီ ရိက္ခာတွေ သယ်ဆောင်လာတဲ့ ဆိုင်ကယ်တွေကိုလည်း ဖမ်းဆီးသိမ်းယူနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒါ့အပြင် ညောင်လေးပင်ခရိုင်ထဲမှာ ဒေသခံတွေကိုပါ ဖမ်းဆီးရိုက်နှက်လေ့ရှိတယ်လို့ ကိုယ်တိုင်မြင်တွေ့ဖူးတဲ့ မုန်းမြို့ခံတစ်ဦးက RFA ကို ပြောပါတယ်။
“ဒါကတော့ သူတို့ လုပ်နေကျပဲလေ။ ဒေသခံပြည်သူတွေကို ပြောရမယ်ဆိုရင် အကြောက်တရားတွေနဲ့ သူတို့ ခြိမ်းခြောက်တာတွေ တကယ်လည်း တစ်ခါတလေကျ လုပ်ခဲ့တာရှိတယ်။ အမျိုးသားတွေဆိုရင် ထိုးတာ၊ ကန်တာတွေ လုပ်တာရှိတယ်။ အမျိုးသမီးတွေကျတော့ စကားနဲ့ပဲ ခြိမ်းခြောက်တာလည်းရှိတယ်။ တချို့နေရာတွေမှာဆို တကယ်လုပ်ခဲ့တာလည်းရှိတယ်။ ဒီနယ်ထဲမှာ”
စစ်ကောင်စီတပ်ဟာ ကျောက်ကြီးမြို့နယ် ဥသျှစ်ကုန်းရွာကို ဇူလိုင်လ ၅ ရက်နေ့ ညနေပိုင်းက ဝင်ရောက်ခဲ့ပြီး ဒေသခံ ၄၀ ခန့်ကို ဖမ်းဆီးခဲ့ပြီး ဇူလိုင်လ ၆ ရက်နေ့မှာတော့ ပြန်လွှတ်ပေးခဲ့တယ်လို့ ဆိုပါတယ်။
KNU ရဲ့ ထုတ်ပြန်ချက်ထဲမှာ စစ်ကောင်စီတပ်ဟာ ဇူလိုင်လ ၁ ရက်ကနေ ဇူလိုင် ၉ ရက်အတွင်း ညောင်လေးပင် ခရိုင်ထဲကို လက်နက်ကြီးနဲ့ အကြိမ် ၁၅၀ နီးပါးပစ်ခဲ့ပြီး ဒေသခံ သုံးဦးသေဆုံးခဲ့တယ်လို့ ဖော်ပြထားပါတယ်။
စစ်ကောင်စီတပ်ဟာ ကရင်ပြည်နယ်ထဲမှာရှိတဲ့တပ်တွေကို အထောက်အပံ့ လမ်းကြောင်းပေးနိုင်ဖို့ ရည်ရွယ်လုပ်နေတာလို့ ကရင်အမျိုးသားအစည်းအရုံး (KNU) ပြောခွင့်ရ ပဒိုစောကလယ်စေးက RFA ကို ပြောပါတယ်။
“ကျောက်ကြီးမြို့နယ်ကနေတစ်ဆင့် ကျွန်တော်တို့ရဲ့ တပ်မဟာ (၅) ဘက်ကသွားတဲ့ လမ်းကြောင်းက အဓိက လမ်းကြောင်းဖြစ်တာပေါ့နော်။ အဲဒါကြောင့်မို့လို့ တပ်မဟာ (၅) မှာရှိတဲ့ သူတို့ရဲ့တပ်စခန်းတွေအတွက် အဓိက ခဲယမ်းရိက္ခာတို့ ပို့ဆောင်ဖို့အတွက် ရည်ရွယ်ပြီးတော့မှပဲ သူတို့စစ်ဆင်ရေးမျိုး လှုပ်ရှားမှုမျိုးကိုလုပ်တယ်လို့ ကျွန်တော်တို့ အဲဒီလိုပဲ နားလည်ပါတယ်ခင်ဗျ”
ပဲခူးတိုင်းထဲမှာ စစ်ကောင်စီတပ်နဲ့ KNU ပူးပေါင်းတပ်တွေ ဒီနေ့အထိ တိုက်ပွဲဖြစ်နေသလို တိုက်ပွဲတွေ ပိုပြင်းထန်လာနိုင်တယ်လို့လည်း ပဒိုစောကလယ်စေးက ပြောပါတယ်။
ပဲခူးတိုင်း ကျောက်တံခါးမြို့နယ်ထဲမှာ ဇူလိုင်လ ၂ ရက်နေ့က စစ်ကောင်စီတပ်နဲ့ PDF တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး အဲဒီနောက်မှာတော့ စစ်ကောင်စီက လက်နက်ကြီးပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒါကိစ္စနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ ပဲခူးတိုင်းပြောခွင့်ရ ဦးတင်ဦးကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိပါဘူး။
ကျောက်ကြီးမြို့နယ်ထဲမှာ ဇူလိုင်လ ၁ ရက်နေ့ကနေ ဇူလိုင် ၅ ရက်နေ့အတွင်း စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ရေတွင်းကုန်းကြီး၊ ဥသျှစ်ကုန်း၊ အုန်းပင်စု၊ သပြေကုန်း၊ ဝက်တူး၊ အညာစု၊ ငနွားဆိပ်၊ ငဖယ်အင်း ရွာတွေက ဒေသခံ ၄၆၇၂ ဦးနဲ့ အခြားရွာပေါင်း ၁၄ ရွာက ဒေသခံတွေ ထွက်ပြေးနေရတာပါ။