တိုင်းရင်းသားဘာသာစကားနဲ့ အမျိုးသားသင့်မြတ်ရေး


2019.06.04
karen-refugees-children-622.jpg မြိုင်ကြီးငူ စစ်ဘေးဒုက္ခသည်စခန်းက ကလေးငယ်တွေကို ၂၀၁၇ ခုနှစ်က တွေ့ရစဉ်
Photo: Kyaw Lwin Oo/RFA

မတူကွဲပြားတဲ့ ဘာသာစကားတွေ သင်ကြားရေးနဲ့ တိုင်းရင်းသားဘာသာတွေကြား အဘိဓာန်တွေ ပြုစုထုတ်ဝေရေးဟာ ငြိမ်းချမ်းရေးနဲ့ အမျိုးသားသင့်မြတ်ရေးအပြင် တိုးတက်ဖွံ့ဖြိုးရေးကို အထောက်အကူဖြစ်စေမယ့်အကြောင်း RFA ဝိုင်းတော်သား ကိုနေရိန်ကျော်သုံးသပ်တင်ပြထားပါတယ်။

~~~~~~~~~~~~~~~~~~~~~~~~

တိုင်းရင်းသားဘာသာစကားနဲ့ အမျိုးသားသင့်မြတ်ရေး

(နေရိန်ကျော်)

■ အစိုးရကျောင်းတွေမှာသင်ပေးမယ့် ပထမတန်း ကရင်စာသင်ရိုးစာအုပ်ကို အစိုးရဘတ်ဂျက်ငွေနဲ့ ပုံနှိပ်ထုတ်ဝေမယ်လို့ ရန်ကုန်တိုင်းအစိုးရအဖွဲ့ဝင် ဝန်ကြီးနော်ပန်းသဉ္ဇာမျိုးက ကော့မှူးမြို့နယ် ဝါးသင်္ခရွာ မင်္ဂလာသိမ်ကုန်း ကျောင်းမှာ ဇွန်လ ၃ ရက်၊ တနင်္လာနေ့ကပြုလုပ်တဲ့ ကရင်စာသင်ရိုး မွမ်းမံသင်တန်းဆင်းပွဲ မှာပြောလိုက်တယ်လို့ KIC သတင်းဌာနက ဖော်ပြထားတာ ဖတ်လိုက်ရပါတယ်။ အဲဒီအပြင် ကရင်-မြန်မာ-အင်္ဂလိပ် အဘိဓာန်ပြုစုရေးလည်း ဆောင်ရွက်နိုင်နေပြီလို့ဆိုပါတယ်။ ဒါဟာ မတူကွဲပြားတဲ့ တိုင်းရင်းသားတွေနဲ့ ပေါင်းစည်းထားတဲ့ မြန်မာနိုင်ငံအတွက် အလိုအပ်ဆုံး၊ အလုပ်သင့်ဆုံး ကိစ္စရပ်တွေ ဖြစ်ပါတယ်။

မြန်မာလူမျိုးအများစုရှိနေတဲ့ နိုင်ငံမှာ လူတွေကြား ဆက်ဆံရေးအဆင်ပြေဖို့အတွက် မြန်မာစကား၊ မြန်မာစာကို ပင်မဘာသာစကားအဖြစ် သတ်မှတ်တာဟာ အဆင်ပြေသလို၊ မြန်မာမဟုတ်တဲ့ တခြားလူမျိုးတွေ မြန်မာစာ၊ မြန်မာစကားတတ်ဖို့လည်း အရေးကြီးသလို မြန်မာတွေကလည်း တခြားလူမျိုးတွေရဲ့ ဘာသာစကားကို နားလည်တတ်ကျွမ်းရင် ပိုကောင်းပါတယ်။  အခုဆိုရင် မြန်မာပြည်မှာဖြစ်နေတဲ့ ပြည်တွင်းစစ် အနှစ် ၇ဝ ကျော်ကြာနေတဲ့အထိ မပြီးဆုံးနိုင်တာဘာကြောင့် လဲလို့ ပြန်ကြည့်ရင်၊ ဘာသာစကား၊ စာပေနဲ့ ယဉ်ကျေးမှုမတူတဲ့ လူမျိုးပေါင်းစုံနေတာကလည်း အဓိက အချက်တချက်ဖြစ်ပါတယ်။ ဘာသာစကားတူတဲ့ လူအချင်းချင်းမှာ တယောက်နဲ့တယောက်ပြောတာကို သဘောပေါက်လွဲတဲ့အတွက် ပြဿနာတွေ ရှိတတ်တဲ့သဘာဝမှာ၊ ဘာသာစကား လုံးဝမတူတဲ့သူချင်း နားလည်သဘောပေါက်ဖို့ ခက်တယ်ဆိုတာ သတိချပ်ရမယ့်ကိစ္စဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ အဓိကအနေနဲ့ လူမျိုးကြီးရှစ်မျိုးလောက် ရှိတယ်လို့ အရင်ကသတ်မှတ်ခဲ့ပေမယ့် နောက်ပိုင်းမှာ လူမျိုး ၁၃၅ မျိုးရှိတယ်ဆိုပြီး ခွဲခြမ်းစိတ်ဖြာတာခံရတဲ့နောက် လူမျိုးတွေကြား ပိုပြီး စည်းခြားကုန်တာတွေ့ရပါတယ်။ ဒါကြောင့် မတူကွဲပြားတဲ့လူမျိုးတွေ စုပေါင်းနေထိုင်ကြတဲ့ နိုင်ငံမှာ တည်ငြိမ်အေးချမ်းအောင်၊ တိုးတက်အောင်ဆိုရင် အဲဒီလူတွေအချင်းချင်း ဆက်ဆံရေးကောင်းအောင် အပြန်အလှန် ဘာသာစကားနားလည်ရေးဆိုတာက အခြေခံအုတ်မြစ်တချပ်ဖြစ်ပါတယ်။ ဒါကြောင့် ကလေးအရွယ် ကစလို့ ပညာသင်ကြတဲ့ကာလမှာ တိုင်းပြည်မှာ အများစုသုံးနေတဲ့ဘာသာစကားကို နိုင်ငံသားတိုင်းတတ် ကျွမ်းအောင် သင်ပေးရမှာဖြစ်သလို ဒုတိယဘာသာစကားအနေနဲ့ တခြားလူမျိုးတွေထဲက ဘာသာစကားတမျိုးမျိုးကို သင်ပေးလာနိုင်မယ်ဆိုရင်လဲ အနာဂတ်မှာ အဆင်ပြေလာမှာပါ။ ဆိုလိုတာက ကွဲပြားနေတဲ့သူ တွေကြား ဆုံမှတ်တွေပေါ်လာပြီး၊ ချစ်ကြည်ညီညွတ် ပေါင်းစည်းရေးတွေဖြစ်လာမှာပါ။

ဒါကြောင့် အစိုးရတရပ်အနေနဲ့ဆိုရင် ကိုယ့်နိုင်ငံသားကလေးတွေအားလုံးကို ပညာတတ်အောင်လုပ်ပေးရမှာဖြစ်ပြီး၊ ပညာတတ်ဖို့ဆိုတာက ကလေးတွေကို သူတို့နားလည်တဲ့ ဘာသာစကားနဲ့သင်ပေးတာက သူတို့အတွက် ပိုပြီးအတတ်မြန်ပါတယ်။ ဥပမာ - မြန်မာတယောက် ပေါက်စီလုပ်နည်းလေ့လာတဲ့အခါ  တရုတ်စကား နဲ့သင်ရင် သူလုပ်တတ်မှာမဟုတ်ပါဘူး။ သူ့ကို မြန်မာလိုပြောပြီးသင်ရင် အမြန်တတ်သွားမှာပါ။ ဒီလိုပါပဲ။ ကချင်ကလေးတယောက်၊ ကရင်ကလေးတယောက်ကို မုန့်လုံးရေပေါ်လုပ်နည်းသင်ပေးမယ်ဆိုရင် သူတို့ စကားတွေနဲ့ပြောပြီး သင်မယ်ဆို အဲဒီကလေးတွေက အဲဒီပညာကိုအမြန်တတ်သွားကြမှာပါ။

ကလေးတွေကို ပြုစုပျိုးထောင်တဲ့အခါ သူတို့တွေ ပညာတွေတတ်ကြဖို့ဆိုတာ အဓိကရည်ရွယ်ချက် ဖြစ်ရမှာမို့လို့ ဘာသာစကားအခက်အခဲကြောင့် သင်ပေးတဲ့ပညာမတတ်တော့မှာကို ထည့်စဉ်းစားရမှာဖြစ်ပါတယ်။ ဒီအခြေအနေမှာ အချက်နှစ်ချက်တွေ့ရပါတယ်။ တချက်က - ကိုယ့်နိုင်ငံသားကလေးအားလုံး ဘယ်လူမျိုးမဆို ပညာတွေတတ်ကြဖို့ဆိုတာက တချက်၊ နောက်တချက်က- အဲဒီလို လူမျိုးမတူတဲ့သူတွေ စုပေါင်းနေထိုင်တဲ့တိုင်းပြည်မှာ ဘုံဆက်ဆံရေးအဖြစ်သုံးမယ့် စာပေနဲ့ဘာသာ စကားတတ်ကြဖို့က တချက်ဆိုတာတွေ့ရပြီး၊ အဲဒီနှစ်ချက်ကို ချိန်ခွင်လျှာညှိပြီး ပျိုးထောင်ပေးနိုင်ဖို့က အရေးကြီးပါတယ်။

ကျနော်တို့ရဲ့မျိုးဆက်တွေဟာ ဒီနေ့ကမ္ဘာနဲ့ယှဉ်ပြောမယ်ဆိုရင် ၂၁ ရာစု သိပ္ပံနည်းပညာဖြစ်တဲ့ ဒစ်ဂျစ်တယ် အင်တာနက်ဆက်သွယ်ရေးခေတ်၊ မတူကွဲပြားတဲ့သူတွေ ချစ်ကြည်ရင်းနှီးပေါင်းစည်းပြီး၊ လက်တွဲနေကြတဲ့ခေတ်မှာ ရှင်သန်နေထိုင်ရတော့မှာပါ။ အရင်ကလို၊ ကိုယ့်မြို့ကိုယ့်ရွာကလွဲလို့ ဘယ်ကိုမှမပြောင်း၊ အရေးကြီးရင်လည်း ကြေးနန်းပို့ရတဲ့ခေတ်မဟုတ်တော့ပါဘူး။ ဒါကြောင့် အရပ်ဒေသ သီးခြားသတ်မှတ်ပြီး ဘောင်ခတ်တာဟာ သူများနောက်မှာ ကျန်ခဲ့တော့မှာဖြစ်သလို တမျိုးသားချင်းအလိုက် အထူးပြုပြောနေကြတဲ့ အမျိုးသားရေး စိတ်ဓာတ်၊ အမျိုးသားရေးဝါဒဆိုတာထက် ဗဟုစိတ်ဓါတ်၊ ဗဟုဝါဒကို နားလည်သဘောပေါက်တဲ့ လူ့အဖွဲ့ အစည်း တည်ထောင်ရတော့မှာက သေချာနေပါပြီ။

ဒါကြောင့် လူမျိုးတိုင်းကို သူတို့ဘာသာစကားနဲ့ ပညာတတ်အောင်အားပေးဖို့၊ လူမျိုးတွေကြားမှာ အပြန်အလှန် ဘာသာစကားနားလည်ဖို့အတွက် မြန်မာ-ကရင်၊ မြန်မာ-ရှမ်း၊ မြန်မာ-ကချင်၊ မြန်မာ-ချင်း၊ မြန်မာ-ရခိုင်၊ မြန်မာ-ကယား၊ မြန်မာ-မွန် စတဲ့ အဘိဓာန်တွေ ပြုစုထုတ်ဝေပြီး လူတိုင်းဖောဖောသီသီသုံးနိုင်အောင် ဖြန့်ချိပေးမယ်ဆိုရင် ငြိမ်းချမ်းရေးနဲ့ အမျိုးသားသင့်မြတ်ရေးအပြင် တိုးတက်ဖွံ့ဖြိုးရေးကိုလည်း အကြီးအကျယ် အထောက်အကူပြုမှာဖြစ်ကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။