ဘူးသီးတောင် ခြောက်ဘာသာဂုဏ်ထူးရှင် ဆေးကျောင်းတက်ခွင့် မရေရာသေး

စောဖိုးခွား
2020.08.20

ရခိုင်ပြည်နယ်မြောက်ပိုင်း ဘူးသီးတောင်မြို့ပေါ်က အစ္စလာမ်ဘာသာဝင် ကျောင်းသားလေးတစ်ဦးဖြစ်တဲ့ မာမတ်အာယက်ဟာ အခုနှစ် ၁၀ တန်းကို ၆ ဘာသာဂုဏ်ထူးနဲ့ ထူးထူးချွန်ချွန်အောင်မြင်ခဲ့သူ တစ်ဦးဖြစ်ပါတယ်။ သူရဲ့ အိပ်မက်ကတော့ ဆေးကျောင်းတက်ခွင့်ရဖို့ဖြစ်ပြီး ဆရာဝန်ဖြစ်တဲ့တစ်နေ့ကျရင် လူမျိုးဘာသာမရွေးကို ဆေးကုသပေးချင်တာလို့ RFA ကိုပြောပါတယ်။

“ကျနော်ဆေးတက္ကသိုလ်တက်ဖို့ စဉ်းစားထားပါတယ်။ ဆရာဝန်ဖြစ်လို့ရှိရင် မြန်မာနိုင်ငံက လူမျိုးပေါင်းစုံကိုဆေးကုသပေးချင်တာပါ။ အထူးသဖြင့် ဒီရခိုင်ပြည်နယ်က သူတွေကိုပေါ့”

ဘူးသီးတောင်မြို့မှာပဲမွေးပြီး ကြီးပြင်းလာခဲ့တဲ့ အသက် ၁၅ နှစ်အရွယ် မာမတ်အာယက်ဟာ မြန်မာနိုင်ငံမှာ မွေးဖွားကြီးပြင်းခဲ့သူဖြစ်ပေမယ့် နိုင်ငံသားကတ်မရသေးဘဲ နိုင်ငံသား ပြုကတ်သာ ရထားသူဖြစ်ပါတယ်။ မိခင်ဖြစ်သူက မြန်မာနိုင်ငံသားမှတ်ပုံတင်လက်မှတ်ရှိပြီး ဖခင်ဖြစ်သူက နိုင်ငံသားပြုကတ်သာရှိတဲ့အတွက် သားဖြစ်သူက မာမတ်အာယက်ဟာလည်း နိုင်ငံသား(ပြု)ကတ်သာ ရထားတယ်လို့ အစ်ကိုဖြစ်သူက ပြောပြပါတယ်။

“ညီလေးက နိုင်ငံသား (ပြု) ကတ်ရထားတာ သုံးလလောက်ရှိပြီ။ အဖေလည်း (ပြု) ကတ်ရထားတယ်။ အမေက (နိုင်) ကတ်ရထားတာ။ သိတဲ့အတိုင်း ဒီဘက်မှာက လဝက ပေးတဲ့ကတ်ကို ယူရတာလေ။ ကျနော်တို့လိုချင်တာကတော့ တခြားတိုင်းရင်းသားတွေလို နိုင်ငံသားကတ်ပေါ့”

ဒီလိုမြန်မာနိုင်ငံသားကတ် ကိုင်ဆောင်ခွင့်ရသူ မဟုတ်တဲ့အတွက် ၆ ဘာသာဂုဏ်ထူးရှင် မာမတ်အာယက်ရဲ့ ရှေ့ဆက်မယ့် အနာဂတ်အတွက် ပူပန်တာတွေရှိလားလို့ အကိုဖြစ်သူကို RFA က မေးကြည့်တဲ့အခါမှာတော့

“V ကတ်နဲ့ပဲဖြစ်ဖြစ် နိုင်ငံသား(ပြု)ကတ်နဲ့ပဲ ဖြစ်ဖြစ် (နိုင်)ကတ်နဲ့ပဲဖြစ်ဖြစ် ကျနော့်ညီလေးကို အဆင့်မြင့်ဆေးတက္ကသိုလ်ပညာသင်ခွင့်ရရင် ကျေနပ်ပြီ။ အဆင့်မြင့်ဆေးပညာသင်လို့မရရင် သင်ခွင့်ရဖို့ တောင်းဆိုချင်တယ်”


မာမတ်အာယက်လို နိုင်ငံသား (ပြု)ကတ် ကိုင်ဆောင်ထားတဲ့သူတွေဟာ မြန်မာနိုင်ငံက ဆေးနဲ့နည်းပညာတို့လို အသက်မွေးဝမ်းကျောင်း တက္ကသိုလ်တွေမှာ ဆက်လက်ပညာသင်ကြားခွင့်ရှိပါသလား

ပညာရေးဝန်ကြီးဌာနက နှစ်စဉ်ထုတ်ပြန်တဲ့ တက္ကသိုလ်ဝင်ခွင့်လမ်းညွှန်မှာတော့ ဆေးတက္ကသိုလ်တက်မယ့် ကျောင်းသားရဲ့မိဘနှစ်ယောက်လုံးဟာ (နိုင်)၊(ပြု)၊(ဧည့်) လက်မှတ်တစ်ခုခု ကိုင်ဆောင်ထားရင် တက်ရောက်နိုင်တယ်လို့ ပြဌာန်းထားပါတယ်။

ဒီလိုပြဌာန်းထားပေမယ့်လည်း လက်တွေ့မှာတော့ အသက်မွေးဝမ်းကျောင်းတက္ကသိုလ်တွေ တက်လို့မရတာတွေ ရှိနေတယ်လို့ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်အဖွဲ့ဝင်ဟောင်း ဦးအေးလွင်ကပြောပါတယ်။

“တက္ကသိုလ်ဝင်ခွင့်ဆိုတဲ့စာအုပ်တွေမှာကိုက အသက်မွေးဝမ်းကျောင်း ပရော်ဖက်ရှင်နယ်ပညာရပ်တွေဖြစ်တဲ့ အင်ဂျင်နီယာတို့ ဆေးတို့မှာ (ပြု)ရော (နိုင်)ရော (ဧည့်)တောင်မှ လက်ခံတယ်လို့ ရေးထားတယ်။ လက်တွေ့မှာတော့ အဲဒီလိုမဖြစ်ဘူး။ အဲဒီလိုမဖြစ်ဘူး။ ရေးသားထားသော ဥပဒေ၊ ပြဌာန်းထားသော ဥပဒေဆိုတာတွေက သိပ်အကောင်အထည်နဲ့ အသက်မဝင်ဘူး။ နှုတ်နဲ့ ညွှန်ကြားတာ၊ ဌာနတွင်းဥပဒေတွေက အသက်ဝင်နေတယ်”

ဦးအေးလွင်ပြောသလို တကယ်ပဲ နိုင်ငံသားမဟုတ်တဲ့ မွတ်စလင်လူငယ်တွေ အသက်မွေးဝမ်းကျောင်းတက္ကသိုလ်တွေမှာ တက်ရောက်ဖို့ ငြင်းပယ်ခံနေရသလားဆိုတာ သိနိုင်ဖို့ အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းကို RFA ကဆက်သွယ်မေးမြန်းရာမှာတော့ နိုင်ငံသားစိစစ်ခံရမယ့်သူရဲ့ သက်သေခံကတ်ပြား NVC ကတ်ကိုင်ထားရုံနဲ့ ကျောင်းတက်ခွင့်ရှိတယ်လို့ သိထားပေမယ့် အဆင့်မြင့်ပညာဦးစီးဌာနဆီက အတည်ပြုချက်ရယူဖို့ RFA ကို ပြောပါတယ်။

အဆင့်မြင့်ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသိန်းဝင်းကို RFA က တပတ်ကျော်ကြာ ဖုန်းနဲ့ အကြိမ်ကြိမ်ဆက်သွယ်ပေမယ့် ဖုန်းလက်ခံဖြေကြားတာမရှိပါဘူး။ အလားတူပဲ ရခိုင်ပြည်နယ် လူဝင်မှုကြီးကြပ်ရေးရဲ့ ပြည်နယ်ဦးစီးမှူး ဦးစိုးလွင်ကို မေးမြန်းဖို့ ဆက်သွယ်ရာမှာတော့ အစည်းအဝေးရှိတာကြောင့် နောက်မှပြန်ဆက်ဖို့ပြောပေမယ့် တပတ်ကျော်ကြာ ထပ်ဆက်သွယ်ရာမှာတော့ ဖုန်းလက်ခံမဖြေတော့ပါဘူး။

အစိုးရက ဖွဲ့စည်းပေးခဲ့တဲ့ ကွယ်လွန်သူ ကိုဖီအာနန်ဦးဆောင်တဲ့ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်ရဲ့ ၂၀၁၇ ခုနှစ်က အစီရင်ခံစာမှာ ရခိုင်ပြည်နယ်တွင်းက မွတ်စလင်ကျောင်းသားတွေကို တက္ကသိုလ်ပညာသင်ခွင့် တားမြစ်ထားတဲ့ ခွဲခြားဆက်ဆံတဲ့ မူဝါဒတွေကို ပြုပြင်သင့်တယ်လို့ ဖော်ပြထားတာပါ။ ဒီအကြံပြုချက်ကိုတော့ အစိုးရဘက်က အကောင်အထည်ဖော်တာ မတွေ့ရသေးဘူးလို့ ကော်မတီဝင်ဟောင်း ဦးအေးလွင်က ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ်နယ်စပ်အနီး ရခိုင်ပြည်နယ်မြောက်ပိုင်း ဘူးသီးတောင်၊ မောင်တောဒေသက အစ္စလာမ်ဘာသာဝင်အများစုဟာ သူတို့ကိုယ်သူတို့ ရိုဟင်ဂျာလို့ ခေါ်ဝေါ်ကြသူတွေဖြစ်ပေမယ့် ဒီနာမည်နဲ့ ပတ်သက်ပြီး မြန်မာအစိုးရ အဆက်ဆက် အငြင်းပွားမှုတွေရှိနေဆဲဖြစ်ပါတယ်။ အထူးသဖြင့် ရခိုင်ပြည်နယ်မြောက်ပိုင်းက ရိုဟင်ဂျာမွတ်စလင်တွေကို မြန်မာအာဏာပိုင်တွေက ခရီးသွားခွင့် ကန့်သတ်ထားတဲ့အတွက် မောင်တောမှာ မွေးဖွားကြီးပြင်းတဲ့ မာမတ်အာယက်အဖို့ ဆေးကျောင်းတက်ဖို့ ပိုပြီး ခက်ခဲသွားစရာရှိနေပါတယ်။

Fortify Rights လူ့အခွင့်အရေးအဖွဲ့က ကိုနစ်ကီဒိုင်းမွန်းကတော့ ထူးထူးချွန်ချွန်အောင်မြင်ကြတဲ့ နိုင်ငံသားမဟုတ်တဲ့ကျောင်းသားတွေကို ဂုဏ်ပြုတာမျိုး အိမ်နီးချင်းနိုင်ငံတွေမှာ မြင်တွေ့နေရပေမယ့် မြန်မာပြည်မှာတော့ အဲဒီလိုမရှိဘူးလို့ ထောက်ပြပါတယ်။

“ရိုဟင်ဂျာကလေးတွေဟာ ငါးဘာသာ ခြောက်ဘာသာဂုဏ်ထူးနဲ့ အောင်ကြတယ်လို့ ကျနော်တို့ နှစ်စဉ်ကြားရတယ်။ ဒါပေမဲ့ ပြဿနာက သူတို့ ဘယ်လောက်ထူးထူးချွန်ချွန်နဲ့ အောင်အောင် အစိုးရအဆက်ဆက်က အသိအမှတ်ဂုဏ်ပြုတာမျိုးမတွေ့ရဘူး။ နောက်တစ်ခုက နိုင်ငံသားပြဿနာတင်မကဘူး။ ကျောင်းတက်မယ်ဆိုရင်တောင် အဲဒီကလေးတွေဟာ ရခိုင်ဒေသကနေ ရန်ကုန်ကို လာဖို့ဆိုရင် ဒီမြန်မာပြည်ရဲ့ တခြားနေရာတစ်ခုခုမှာ ကျောင်းတက်မယ်ဆိုရင် ခရီးသွားလာခွင့်လိုတယ်။ အစိုးရကထုတ်ပေးတဲ့ အထောက်အထားမရှိရင် မြန်မာပြည် ပြည်မဘက်အခြမ်းမှာ ကျောင်းလာတက်ဖို့ဆိုတာ ဘယ်လိုမှမဖြစ်နိုင်ဘူး”

ရခိုင်ပြည်နယ်ထဲက ဆယ်တန်းအောင်တဲ့ ကျောင်းသားတွေဟာ စစ်တွေတက္ကသိုလ်နဲ့ တောင်ကုတ်ဒီဂရီကောလိပ်တွေကို အဓိကအားထားပြီး တက္ကသိုလ် ဆက်တက်ရတာပါ။

၂၀၁၂ ခုနှစ်က ရခိုင်ပြည်နယ်ရဲ့မြို့တော် စစ်တွေအပါအဝင် မြို့တော်တော်များများမှာ ရခိုင်နဲ့ မွတ်စလင်အသိုင်းအဝိုင်း နှစ်ခုကြား လူမျိုးရေး အထိကရုဏ်းတွေ ဖြစ်ပေါ်ခဲ့ပြီးနောက်မှာ မွတ်စလင်ကျောင်းသားတွေဟာ လုံခြုံရေးစိုးရိမ်လို့ ရခိုင်ပြည်နယ်တွင်းက တက္ကသိုလ်တွေမှာ သွားမတက်ကြတော့တာလို့သိရပါတယ်။ တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်ရင်တောင် တခြားဒေသကို သွားရောက်ပညာသင်ဖို့ ခက်ခဲနေကြတာလို့ ဘူးသီးတောင်ဒေသခံ မွတ်စလင်မြို့မိမြို့ဖတစ်ဦးဖြစ်တဲ့ ဦးဆုတိမာကလည်း ပြောပါတယ်။

“ကျနော်တို့ မွတ်စလင်တွေ အဲဒီမှာကျောင်းတက်ဖို့ အစိုးရဘက်က လုံခြုံရေးအတွက် ခိုင်လုံတဲ့ အာမခံချက်မပေးဘူး။ မောင်တော၊ ဘူးသီးတောင်က သူတွေဟာ ဆယ်တန်းအောင်ပေမယ့် ဂုဏ်ထူးရပေမယ့်လည်း ကျနော်တို့မှာ ကျောင်းဆက်တက်ဖို့ သွားရောက်ဖို့ အခက်အခဲတွေ အများကြီးကြုံနေရတယ်”

အဲဒီလို ကျောင်းသွားမတက်နိုင်တဲ့ သူတွေအတွက် ရည်ရွယ်ပြီး အစိုးရက အဝေးသင်တက္ကသိုလ်ဌာနခွဲပုံစံမျိုး ဖွင့်ပြီး စာသင်ပေးနေတယ်လို့ ဘူးသီးတောင်မြို့နယ် ပညာရေးမှူး ဦးမောင်တင်အောင်က ပြောပါတယ်။

“ဂုဏ်ထူးများများနဲ့ အောင်တဲ့သူတွေကတော့ ဆေးတက္ကသိုလ်တို့ ဘာတို့ တက်ခွင့်ရမယ်ထင်တယ်။ ကျနော်လည်းသေချာမသိဘူး။ ကျန်တဲ့သူတွေအတွက်တော့ တက္ကသိုလ်ဆရာမတွေက ဘူးသီးတောင်၊ မောင်တောမှာ အဝေးသင်လာပြတယ်”

ဒီလို အစိုးရကစီစဉ်ပြီး အဝေးသင် သင်ကြားပေးနေပေမယ့်လည်း မြန်မာနဲ့သမိုင်း ဘာသာရပ် နှစ်ခုတည်းကိုပဲ သင်ပေးနေတာကြောင့် တခြားသိပ္ပံနဲ့ ဝိဇ္ဇာဘာသာရပ်တွေ၊ အသက်မွေးဝမ်းကျောင်း ပညာတွေကို သင်ယူလိုတဲ့ တက္ကသိုလ်ဝင်ခွင့်ရ ရိုဟင်ဂျာ မွတ်စလင်ကျောင်းသားတွေအတွက် အခက်အခဲတွေဖြစ်နေသလို၊ တချို့ကတော့ တက္ကသိုလ်ဆက်မတက်တော့ဘဲ ပညာလမ်းဆုံးသွားတဲ့သူတွေလည်း ရှိနေပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။