AA အရေးပေါ်ကြေညာပြီးနောက် မောင်တောမြို့တွင်းမှာ လူနှစ်သောင်းခန့် ပိတ်မိနေ
2024.06.17

ရခိုင်ပြည်နယ်၊ မောင်တောမြို့ပေါ်နဲ့ မြို့ပတ်ဝန်းကျင်မှာ ကျန်ရှိနေတဲ့ စစ်ကောင်စီ စခန်းတွေအားလုံးကို ထိုးစစ်ဆင်တိုက်ခိုက်တော့မှာဖြစ်လို့ မြို့ခံတွေ မြို့ကနေ အမြန်ဆုံးထွက်ခွာကြဖို့ ရခိုင်အမျိုးသားအဖွဲ့ချုပ် (ULA/AA) က ဇွန်လ ၁၆ ရက် မနေ့က အရေးပေါ်ကြေညာချက် ထုတ်ပြန်ပါတယ်။
ရက္ခိုင့်တပ်တော် (AA) က မောင်တောမြို့နယ်မှာရှိတဲ့ စစ်ကောင်စီ တပ်စခန်းအားလုံးနီးပါးကို သိမ်းပိုက်ထားပြီး ဖြစ်သလို မြို့ပေါ်နဲ့ မြို့ပတ်ဝန်းကျင်မှာရှိတဲ့ လက်ကျန်စခန်းအားလုံးကိုလည်း ဝိုင်းရံပိတ်ဆို့ ဖြတ်တောက်ထားပြီးဖြစ်တယ်လို့ ဆိုပါတယ်။
"သူတို့က မောင်တောမြို့ကို ကာကွယ်ဖို့အတွက် လူသားဒိုင်းကာလုပ်ဖို့ ထွက်သွားခွင့်မပေးတာ”
စစ်ကောင်စီဟာ မောင်တောမြို့ကို သူတို့ရဲ့ စစ်စခန်းလို အသုံးပြုနေပြီး AA ကလည်း မြို့ပြစစ်ဆင်ရေးလုပ်ဖို့ ကြိုတင်ပြင်ဆင်ထားတာ ကာလအတန်ကြာမြင့်ခဲ့ပြီလို့လည်း AA က ပြောပါတယ်။ ဒါကြောင့် ထိုးစစ်ဆင် တိုက်ခိုက်ရာမှာ မြို့ခံတွေအနေနဲ့ စစ်ကောင်စီစခန်း အခြေချရာနေရာ၊ တိုက်တာအဆောက်အအုံတွေမှာ အတူပူးတွဲမနေထိုင်ကြဖို့လည်း ထုတ်ပြန်ချက်မှာ သတိပေးထားပါတယ်။
လက်ရှိမှာတော့ မောင်တောမြို့အဝင်အထွက် အားလုံးကို စစ်ကောင်စီတပ်ဟာ ပိတ်ဆို့ထားတာကြောင့် ဒေသခံတွေဟာ ထွက်ခွာလို့မရဘဲ ပိတ်မိနေကြတယ်လို့ မြို့ပေါ်မှာ ပိတ်မိနေတဲ့ မြို့ခံတစ်ဦးက RFA ကို ပြောပါတယ်။
“အခု ကျွန်တော် မောင်တောမြို့မှာ ပိတ်မိနေတာ တစ်လလောက်ရှိပါပြီ။ ကျွန်တော်လည်း ထွက်ဖို့အတွက် ထွက်လမ်းတွေကို ကြိုးစားနေတာပါ။ ထွက်လမ်းတွေက တစ်လမ်းမှ မရှိတော့ပါဘူး။ ထွက်လမ်းတွေ အားလုံးကို စစ်ကောင်စီတပ်က ပိတ်ဆို့ထားတာဖြစ်ပါတယ်။ မြို့ပတ်ပတ်လည်ကို ပိတ်ထားတာပဲ။ သူတို့ မရှိတဲ့နေရာဆိုရင် မရှိသလောက်ပဲ။ သူတို့က မောင်တောမြို့ကို ကာကွယ်ဖို့အတွက် လူသားဒိုင်းကာလုပ်ဖို့ ထွက်သွားခွင့်မပေးတာ”
မောင်တောမြို့ပေါ်မှာ ရခိုင်၊ ဟိန္ဒူနဲ့ ရိုဟင်ဂျာ လူနှစ်သောင်းခန့်ပိတ်မိနေတာဖြစ်ပြီး အများစုကတော့ ရိုဟင်ဂျာတွေဖြစ်တယ်လို့ ဆိုပါတယ်။ ရခိုင်တိုင်းရင်းသား အများစုကတော့ မောင်တောမြို့နယ်မှာ တိုက်ပွဲပြင်းထန်ကတည်းက အိုးအိမ်စွန့်ခွာ ထွက်ပြေးသွားတာရှိတယ်လို့လည်း ဒေသခံတွေက RFA ကို ပြောပါတယ်။
အလားတူ ငွေကြေးချမ်းသာတဲ့ ရိုဟင်ဂျာတချို့ကလည်း စစ်ကောင်စီတပ်ကို ငွေကြေးပေးပြီး စစ်တွေနဲ့ ရန်ကုန်ဘက်တွေကို ယခင်ကတည်းက ထွက်ခွာတာတွေရှိပြီး လက်ရှိမှာတော့ မြို့ပေါ်မှာ ငွေကြေးခက်ခဲသူတွေပဲ ကျန်ရှိနေတာလို့ ဆိုပါတယ်။
AA အဖွဲ့ရဲ့ ထုတ်ပြန်ချက်ကြောင့် မြို့ပေါ်မှာကျန်ရှိသူ အများစုကလည်း ထွက်ပြေးချင်ကြပေမယ့် စစ်ကောင်စီတပ်က ထွက်ပေါက်တွေအားလုံးကို ပိတ်ဆို့ထားတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ရိုဟင်ဂျာ တစ်ဦးက RFA ကို ပြောပါတယ်။
“စစ်ကောင်စီဘက်က ရွာနားမှာရော နေရာတိုင်းမှာ နေတာယူထားတာရှိတယ်။ ပြည်သူတွေက ရှောင်မယ့်နေရာ ဘယ်လိုမှ ထွက်ပေါက်မရှိတော့ဘူး။ စစ်ကောင်စီဘက်ကလည်း လက်နက်ကြီးတွေနဲ့ တိုက်ခိုက်နိုင်တယ်။ AA ကလည်း လက်နက်ကောင်းတွေနဲ့ စစ်တပ်ကို ပစ်မှာဖြစ်ပါတယ်။ ဒီလို အပြန်အလှန် ပစ်ခတ်မှုတွေကြားမှာ လူတော်တော်များများ သေဆုံးသွားနိုင်ပါတယ်”
မြို့ပေါ်တိုက်ပွဲဖြစ်လာရင် နှစ်ဖက်ပစ်ခတ်မှုတွေကြား အရပ်သားတွေကို ထိခိုက်နိုင်တာကြောင့် ဒေသခံတွေကို သွားလာခွင့်ပေးဖို့ လိုအပ်တယ်လို့လည်း ဆိုပါတယ်။
စစ်ကောင်စီတပ်ဟာ မောင်တောမြို့ကို ခုခံဖို့အတွက် ရိုဟင်ဂျာအများအပြားကိုလည်း စစ်သင်တန်းပေးပြီး စစ်မြေပြင်မှာ အသုံးပြုနေသလို ကျန်ရှိနေတဲ့ တပ်ရင်းတွေ၊ မြို့ပေါ်က တပ်စခန်းတွေမှာလည်း စစ်ယူနီဖောင်းဝတ်ပြီး လက်နက်ကိုင်ဆောင်ထားတဲ့ ရိုဟင်ဂျာတွေကို တွေ့ရတယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။
မောင်တောမြို့နယ်မှာရှိတဲ့ ကျီးကန်းပြင်အခြေစိုက် အမှတ်(၁) နယ်ခြားစောင့်ဌာနချုပ် အပါအဝင် စစ်ကောင်စီ တပ်စခန်းအားလုံးနီးပါးကို ရက္ခိုင့်တပ်တော် (AA) က သိမ်းပိုက်ထားပြီး မောင်တောမြို့ အဝင်နားက အမှတ်(၅) နယ်ခြားစောင့်ရဲတပ်ရင်းနဲ့ လေးမိုင်အခြေစိုက် အမှတ် (၂) နယ်ခြားစောင့်ရဲတပ်ရင်းနှစ်ခုသာ ကျန်ရှိတော့တာပါ။
မြို့အနီးဝန်းကျင်မှာလည်း စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် (AA)တို့ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီတပ်ကတော့ လေကြောင်းနဲ့ လက်နက်ကြီးပစ်ကူကို အဓိကထားပြီး တိုက်ခိုက်နေတယ်လို့ မောင်တောမြို့ခံ တစ်ဦးက RFA ကို ပြောပါတယ်။
“စစ်ကောင်စီဘက်ကတော့ အလယ်သံကျော်စခန်းကို သိမ်းလိုက်ပြီးကတည်းက ဘင်္ဂလားပင်လယ်အော်ထဲကနေ မောင်တောကို ပစ်ကူပေးနေတဲ့ နေဗီစစ်သင်္ဘောသုံးစီးကတော့ အဲဒီနေ့မနက် မိုးလင်းကတည်းက မရှိတော့ဘူး။ ရေတပ်ပစ်ကူတော့ မရှိတော့ဘူး။ လက်နက်ကြီးပစ်ကူနဲ့ စစ်လေယာဉ်တွေနဲ့ လာပစ်တာတော့ရှိတယ်။ စစ်လေယာဉ်နဲ့ ပစ်တာက အရင်ကထက် အရေအတွက် ပိုများတယ်။ အစင်း ပိုများတယ်။ တပြိုင်တည်း နှစ်စင်းလာပစ်တယ်။ အဲဒီနှစ်စင်းပြန်သွားရင် နောက်ထပ် လေယာဉ်နှစ်စင်း၊ သုံးစင်းအဲဒီလို လာပြီးပစ်တယ်။ လေကြောင်းပစ်ကူက အရင်ကထက် ပိုများလာတာပေါ့”
အခုလို ရခိုင်ပြည်နယ် မောင်တောမြို့က တိုက်ပွဲနဲ့ပတ်သက်လို့ ရခိုင်ပြည်နယ် စစ်ကောင်စီ ပြောခွင့်ရသူ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဖုန်းလက်ခံ ဖြေကြားတာမရှိပါဘူး။ AA ပြောခွင့်ရ ဦးခိုင်သုခကိုလည်း RFA က မေးမြန်းထားဆဲဖြစ်ပါတယ်။
ရခိုင်ပြည်နယ်မှာ စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့ တိုက်ပွဲဖြစ်ပွားတဲ့ အချိန်ခုနစ်လအတွင်း ရခိုင်ပြည်နယ်က မြို့နယ်ကိုးမြို့နယ်နဲ့ ချင်းပြည်နယ် ပလက်၀မြို့နယ်ကို AA က သိမ်းပိုက်ထားပါတယ်။ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် ခြေစိုက်ရာ အမ်း၊ သံတွဲ၊ မောင်တောနဲ့ တောင်ကုတ်မြို့နယ်တွေကိုလည်း ရက္ခိုင့်တပ်တော် (AA) က ထိုးစစ်ဆင်တိုက်ခိုက်နေပါတယ်။