စီးပွားရေးလုပ်ငန်းတွေ တပ်နဲ့ မပူးပေါင်းဖို့ AI တောင်းဆို

ကျော်လွင်ဦး
2020.09.10

မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်ရဲ့  အဓိကအစုရှယ်ယာရှင်တွေဟာ လက်ရှိစစ်ခေါင်းဆောင်တွေ၊ အငြိမ်းစား စစ်ခေါင်းဆောင်တွေနဲ့ တပ်ရင်းတပ်ဖွဲ့တွေက အများစုဖြစ်ပြီး အကျိူးအမြတ်တွေဟာလည်း စစ်တပ်ကိုပဲ ရောက်တာကြောင့် ဦးပိုင်ကုမ္ပဏီနဲ့ တွဲလုပ်တာဟာ  စီးပွားရေးပူးပေါင်းလုပ်ဆောင်တာဟာ လူ့အခွင့်ရေး ချိုးဖောက်တာကို အားပေးရာရောက်တယ်လို နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ AI က သတင်းထုတ် ပြန်လိုက်ပါတယ်။ 

ဦးပိုင်ကုမ္ပဏီမှာ  လက်ရှိတာဝန်ထမ်းဆောင်ဆဲနဲ့ အငြိမ်းစား စစ်မှုထမ်း လေးသိန်းနီးပါးရဲ့ တစ်ဦးချင်း အစု ရှယ်ယာတွေ၊ တိုင်းစစ်ဌာနချုပ်တွေ၊ တပ်မတွေ၊ တပ်ရင်း၊တပ်ဖွဲ့တွေနဲ့ စစ်မှုထမ်းဟောင်းအဖွဲ့စတဲ့ အဖွဲ့အစည်း ၁၈၀၀ က ရှယ်ယာဝင်တွေဖြစ်ပြီး ကုမ္ပဏီရဲ့ ရှယ်ယာသုံးပုံတစ်ပုံရှိတယ်လို့  AI နဲ့ Justice For Myanmar အဖွဲ့က ထုတ်ပြန်တဲ့ စစ်တပ်လီမီတက်ဆိုတဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ဒီအစီရင်ခံစာမှာ ဦးပိုင်ကုမ္ပဏီအကြောင်း၊ ငွေကြေးစီးဆင်းမှုတွေကို ၂၀၁၀-၁၁ ဦးပိုင်ရဲ့ အစုရှယ်ယာဆိုင်ရာ လျို့ဝှက်အစီရင်ခံစာနဲ့ ၂၀၂၀ ခုနှစ်မှာ ရင်းနှီးမြှုပ်နှံမှုကော်မရှင်မှာ ဦးပိုင်အဖွဲ့က တင်ပြထားတာကို အခြေခံပြီး ရေးသားထားပါတယ်။

ဦးပိုင်ကုမ္ပဏီဟာ ၁၉၉၀ ကနေ ၂၀၁၁ ခုနှစ်အတွင်း အစုရှယ်ယာဝင်တွေကိုပေးခဲ့တဲ့ အမြတ်ငွေဟာ ကျပ် ၁၀၈ ဘီလီယံ နီးပါး ရှိပြီး အဲဒီအထဲက ၉၅ ဘီလီယံဟာ တပ်မတော် တပ်ရင်း တပ်ဖွဲ့တွေကို လွှဲပြောင်းပေးအပ်ခဲ့တယ် လို့ အစီရင်ခံစာက ဆိုပါတယ်။

ရခိုင်ပြည်နယ်အတွင်း ရိုဟင်ဂျာတွေနဲ့ တိုင်းရင်းသား လူနည်းစုတွေအပေါ်  ရက်စက်မှုတွေ ကျူးလွန်ခဲ့တဲ့၊ စစ်ဆင် ရေးတွေလုပ်ခဲ့တဲ့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် လက်အောက်ခံတပ်ရင်းတွေဟာ ရှယ်ယာ လေးသန်း သုံးသိန်း ကျော် ပိုင်ဆိုင်ပြီး ၂၀၁၀-၁၁ အစီရင်ခံစာမှာ အမြတ်ငွေ ၁.၂၅ ဘီလီယံ ရရှိနေတယ်လို့ ဖော်ပြထားပါတယ်။

၂၀၂၀ ဇန်နဝါရီလမှာ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနကို  တင်သွင်းတဲ့ အစီရင်ခံစာမှာ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ဟာ ရှယ်ယာဝင်အဖြစ် ပါနေသလို လူ့အခွင့်ရေး ချိူးဖောက်မှုတွေ ကျူးလွန်ဖို့ အမိန့်ပေးခဲ့တဲ့ စစ်ခေါင်းဆောင်တွေဟာ ရှယ်ယာဝင်အဖြစ် ပါဝင်နေတယ်လို့ ဖော်ပြထားပါတယ်။

“ယခု ရထားတဲ့အထောက်အထားတွေအရ၊ မြန်မာစစ်တပ်ဟာ ကြီးမားတဲ့ ဦးပိုင်စီးပွားရေး အင်ပါယာကနေ အကျိုးအမြတ်တွေ ဘယ်လောက်ရနေသလဲဆိုတဲ့ အထောက်အထားအသစ်တွေနဲ့ ပြလိုက်တာဖြစ်ပြီး စစ်တပ်နဲ့ ဦးပိုင် ဆိုတာ ခွဲလိုမရအောင် ပတ်သက်နေတယ်ဆိုတာ ရှင်းရှင်းကြီးတွေရပါတယ်၊ ဒါဟာ ဦးပိုင် ကုမ္ပဏီရဲ့ မသိနားမလည်ဘဲ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ငွေကြေးထောက်ပံ့နေတာ မဟုတ်ပါဘူး၊ ကုမ္ပဏီအုပ်ချုပ်ရေးတဖွဲ့လုံးမှာ အဆင့်မြင့်စစ်ဘက်အရာရှိတွေနဲ့ ဖွဲ့စည်းထားတာပါ” လို့ AI အဖွဲ့ရဲ့ စီးပွားရေးလုပ်ငန်း၊ လုံခြုံရေးနဲ့ လူ့အခွင့်ရေးဌာနအကြီးအကဲ မာ့ခ်ဒါးမတ်က ဆိုပါတယ်။

တပ်မတော်ကနေ ဗိုလ်မှူးအဆင့်နဲ့ အငြိမ်းစားယူထားတဲ့ ဒေါက်တာအောင်မျိုးကတော့ အခုနောက်ပိုင်း အများပိုင်ပြောင်းပြီးကတည်းက ရှယ်ယာထည့်ချင်တိုင်း ထည့်မရဘူးလို့ ပြောပါတယ်။

“စတည်ထောင်ခါစ ကျွန်တော်တို့ တစ်ယောက်ကို ငါးထောင်ပဲထည့်တာ။ တပ်ကလူတွေ စစ်ဗိုလ်ချုပ်တွေ ဆိုပေမယ့် စည်းကမ်းမရှိ ရှယ်ယာ အများကြီးထည့်လို့မရဘူး။ ဒီပိုက်ဆံ ဘယ်ကရလဲဆိုတာ မဖြေနိုင်ဘဲနဲ့ ထည့်တာမျိုးတွေ မရှိပါဘူး။ တပ်တွေကျတော့ မဖြစ်မနေ ဘယ်လောက်ထည့်ရမယ်ဆိုပြီး လမ်းညွှန်ချက်တွေ ရှိတယ်။ အဲဒီတော့ တပ်တွေက တပ်ရင်းမှူးတွေက ဘဏ္ဍာငွေရှာတယ်။ အဲဒီကနေပြီး ရဲဘော်တွေ သက်သာ ချောင်ချိရေးအတွက်ဆိုပြီး အဲဒီရည်ရွယ်ချက်နဲ့ တပ်ရင်း တစ်ရင်းကို သိန်း ၁၀၀ ရှိရမယ်။ သိန်း ၂၀၀ ရှိရမယ် ဆိုပြီး ကျွန်တော်တို့ရှိတုန်းကတော့ အဲဒီရည်ရွယ်ချက်နဲ့ လမ်းညွှန်ချက်ချပြီး သွင်းကြတယ်။ အခုနောက်ပိုင်း အခြေအနေကိုတော့ မသိတော့ဘူး။”

ဦးပိုင်ကုမ္ပဏီမှာ အလုပ်လုပ်ခဲ့ဘူးတဲ့ ဗိုလ်မှူးဟောင်းလည်းဖြစ် လက်ရှိရန်ကုန်တိုင်း လွှတ်တော်ကိုယ်စားလှယ် လည်းဖြစ်တဲ့ ဦးကျော်ဇေယျကတော့ ဦးပိုင်ဟာ တပ်မတော်သားတွေပဲ ဝင်လို့ရတဲ့ရှယ်ယာဖြစ်ပြီး အခြားလုပ်ငန်း ရှင်တွေ ဝင်လို့မရကြောင်း၊ အမြတ်ကိုလည်း ၃၀ ရာခိုင်နှုန်းအထိ ပေးတာကြောင့် တပ်သားအဆင့်ကနေ ဗိုလ်ချုပ် အဆင့် ဝင်ချင်သူများတာကြောင့် ကန့်သတ်ထားရတယ်လို့ ပြောပါ တယ်။

ဦးပိုင်ကုမ္ပဏီနဲ့ စီးပွားရေးမိတ်ဖက်ကုမ္ပဏီကြီး ၈ ခုရှိပြီး ၆ ခုမှာ နိုင်ငံခြားကုမ္ပဏီဖြစ်ကာ နှစ်ခုကတော့ ပြည်တွင်းကုမ္ပဏီတွေဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ထောက်ပံ့ပို့ဆောင်ရေးလုပ်ငန်းတွေလုပ်ကိုင်နေတဲ့ Ever Flow River Group Public Co., Ltd. (EFR)၊ ကျောက်စိမ်းနဲ့ ပတ္တမြားတူးဖော်ရေးလုပ်ငန်းတွေ လုပ်ကိုင်နေတဲ့ ကမ္ဘောဇလုပ်ငန်းအုပ်စု၊ ဂျပန် ယမကာ ကုမ္ပဏီ Kirin ၊ တောင်ကိုးရီးယာနိုင်ငံက အိမ်ခြံမြေလုပ်ငန်းလုပ်ကိုင်နေတဲ့ Inno Group၊ တောင်ကိုးရီးယား အထည်ချုပ်နဲ့ တင်ပို့လုပ်ငန်းလုပ်ကိုင်နေတဲ့ Pan-Pacific၊ တောင်ကိုးရီးယား သံမဏိလုပ်ငန်းလုပ်ကိုင်တဲ့ POSCO၊ မြန်မာနိုင်ငံမှာ စီးကရက် ထုတ်လုပ်ရေးလုပ်ကိုင်နေတဲ့ Rothmans Myanmar Holding Private Ltd နဲ့ သတ္တု တူးဖော်ရေးလုပ်ငန်းလုပ်ကိုင်တဲ့ တရုတ် ဝမ်ပေါင်ကုမ္ပဏီ တို့ဖြစ်ပါတယ်။

ဒီကုမ္ပဏီတွေထဲက Pan-Pacific ကတော့ ဦးပိုင်နဲ့ ဖက်စပ်လုပ်ကိုင်တာတွေကို ရပ်ဆိုင်းတောမယ်လို့ ကြေညာ ခဲ့ပြီး KBZ နဲ့ Kirin တို့ကတော့ ဆက်စပ်မှုတွေကို ပြန်လည်သုံးသပ်နေတယ်လို့ဆိုပါတယ်။  ကျန်တဲ့ကုမ္ပဏီတွေ ကတော့ ကတိကဝတ်မပေး၊  ပြန်လည်ဖြေကြားခြင်းမပြုဘူးလို့ဆိုပါတယ်။

လူ့အခွင့်ရေးလှုပ်ရှားသူ Equality Myanmar အဖွဲ့က ဦးအောင်မျိုးမင်းကတော့ လူအခွင့်အရေးချိုးဖောက် နေသူတွေကို တိုက်ရိုက်အကျိုးပြုတာတွေက မဖြစ်သင့်ဘူးလို့ ပြောပါတယ်။

"ဦးပိုင်ကုမ္ပဏီကိစ္စနဲ့ ပတ်သက်ပြီးတော့  အရင်တုန်းကတော့ စစ်တပ်နဲ့ပတ်သက်တယ်ဆိုတဲ့အချက်ပဲ သိရတယ်၊ အခုနောက်ပိုင်းမှာတော့ စစ်တပ်ရဲ့တပ်ရင်းတပ်ဖွဲ့တွေကိုယ်တိုင်က အစုရှယ်ရာ ပါဝင်နေတာ တွေ့ရတယ်၊ ပိုဆိုးတာက အစုရှယ်ရာပါတဲ့ တပ်ရင်းတပ်ဖွဲ့တွေက လူ့အခွင့်အရေးအများဆုံး ချိုးဖောက် ပါတယ်ဆိုပြီး နာမည်ကြီးနေတဲ့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တို့လို့၊ တပ်မ ၃၃နဲ့ ၉၉ စတဲ့အရာတွေ ပါနေတယ်၊ ဒီမှာရနေတဲ့အမြတ်ငွေက လူ့အခွင့်ရေးချိုးဖောက်ပါတယ်လို့ စွပ်စွဲခံနေရတဲ့ တပ်ရင်းတပ်ဖွဲ့ကို တိုက်ရိုက်အကျိူးပြုနေတဲ့အတွက် ဒီလိုမျိုးကိစ္စကတော့ ဘယ်လို့မှမဖြစ်သင့်ပါဘူး၊


အငြိမ်းစားဗိုလ်ချုပ်မှူးကြီး ဦးသန်းရွှေ၊  ဦးမောင်အေး ပါအဝင် အငြိမ်းစား တပ်မတော်ထိပ်ပိုင်း ခေါင်းဆောင်တွေ၊ အရာရှိကြီးတွေဟာလည်း ဦးပိုင်ကုမ္ပဏီမှာ အစုရှယ်ရာတွေ ထည့်ဝင်ထားပြီး အမြတ်ငွေတွေ ရရှိနေတယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ၂၀၁၀-၁၁ ခုနှစ် အစု ရှယ်ယာစာရင်းမှာ ငါးသန်းပိုင်ဆိုင်ထားပြီး အမြတ်ငွေ ကျပ်တစ်သန်းခွဲ ရတယ်လို့ ဖော်ပြထားပါတယ်။

စစ်တပ်ရင်းတပ်ဖွဲ့တွေဟာ  ဦးပိုင်မှရရှိတဲ့ အမြတ်ငွေတွေကို ဘယ်လို့သုံးစွဲသလဲဆိုတာကို အပြင်လူတွေသိအောင် နည်းလမ်းမရှိတာကြောင့် ရရှိလာတဲ့အမြတ်ငွေတွေဟာ စစ်ဆင်ရေးလုပ်ငန်းတွေကို အထောက်အပံ့ပေးနေတယ် လို့ ယူဆကြောင်း အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

AI အဖွဲ့ရဲ့ အစီရင်ခံစာပါ ဖော်ပြချက်တွေနဲ့ ပတ်သက်ပြီး တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဗိုလ်ချုပ်ဇော်မင်းထွန်း ကို မေးမြန်းဖို့ ကြိုးစားပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး။

တပ်မတော်ပိုင် စီးပွားရေးလုပ်ငန်းတွေနဲ့ ပတ်သက်ပြီး ပြီးခဲ့တဲ့ မေလက မေးရာမှာတော့ မြန်မာ့စီးပွားရေးဦးပိုင် ပဲဖြစ်ဖြစ် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်းပဲဖြစ်ဖြစ် စီးပွားရေးလုပ်ကိုင်နေတာ တရားဝင်ပဲဖြစ်တယ်၊ နိုင်ငံတော် အစိုးရကို အခွန်ဆောင်ပြီးတော့မှ လုပ်နေတဲ့ဟာဖြစ်တယ်၊ ရရှိတဲ့ဟာမှန်သမျှ အကျိုးအမြတ်မှန်သမျှသည် လူ့အခွင့်အရေးချိုးဖောက်ဖို့တို့ ဘာတို့ အသုံးပြုဖို့နေနေသာသာ ကျွန်တော်တို့ တပ်မိသားစုတွေရဲ့ သက်သာ ချောင်ချိရေးအတွက်ပဲ ဆောင်ရွက်တာပဲဖြစ်တယ်၊ လူ့အခွင့်အရေးကိစ္စတွေမှာ ဆောင်ရွက်တဲ့ဟာမျိုးမရှိဘူး၊ နိုင်ငံတကာအဖွဲ့အစည်းတွေက တချို့ ရည်ရွယ်ချက်ရှိတဲ့ အဖွဲ့အစည်းတွေက စွပ်စွဲနေကျပဲဖြစ်ကြောင်း ဗိုလ်ချုပ် ဇော်မင်းထွန်း က ပြောဆိုထားပါတယ်။

ဦးပိုင်ကုမ္ပဏီနာယကဟာ ကာကွယ်ရေးဦးစီးချုပ်ဖြစ်တာကြောင့် အကျိုးအမြတ်သုံးစွဲတာဟာ သူ့အပေါ်မှာပဲ မူတည်လိမ့်မယ်လို့ ဦးကျော်ဇေယျက ပြောပါတယ်။

"ကုမ္ပဏီရဲ့ ဒါရိုက်တာအဖွဲ့အပေါ်မှာ ကာကွယ်ရေးဦးစီးချုပ်ကြီးက နာယကဆိုပြီးပါတယ်၊ နာယကအဖွဲ့ ညွှန်ကြားချက်အတိုင်း ကုမ္ပဏီဒါရိုက်တာ၊ ရှယ်ယာရှင်တွေက လိုက်လုပ်ရတာ၊ ကာကွယ်ရေးဦးစီးချုပ် အပေါ်မူတည်တယ်၊ ကာကွယ်ရေးဦးစီးချုပ်က အမြတ်ငွေတွေကို ဘယ်လို့သုံးမယ်၊ သူ့ဆုံးဖြတ်ချက်ပဲ၊ အန်ကယ်ပြောနိုင်တာက ဒါရိုက်တာအဖွဲ့ဆိုပေမယ့် ဒီမိုကရေစီဒါရိုက်တာမဟုတ်ဘူး၊ အမည်ခံသာ ဒါရိုက်တာအဖွဲ့ဝင်ဖြစ်တယ်၊ ရှယ်ရာရှင်များကလည်း ဘာမှပြောလို့မရဘူး"

ဦးပိုင်ကုမ္ပဏီမှာ အစုရှယ်ယာ ၇၀ ရာခိုင်နှုန်းဟာ တပ်မတော်နဲ့ ပတ်သက်တဲ့သူတွေ ရှယ်ရာတွေရှိနိုင်တယ် လို့လည်း ဦးကျော်ဇေယျက ပြောပါတယ်။

၁၉၉၀ ပြည့်နှစ်ကတည်းက စတင်တည်ထောင်ခဲ့ပြီး ကုမ္ပဏီကို လက်ရှိတာဝန်ထမ်းဆောင်ဆဲနဲ့ ငြိမ်းစား တပ်မတော်အရာရှိကြီးတွေက ပိုင်ဆိုင်ကာ ဆက်လက်စီမံခန့်ခွဲနေပြီး သတ္တုတူးဖော်ရေးလုပ်ငန်း၊ ဘီယာချက် လုပ်ငန်း၊ စီးကရက်၊ အထည်ချုပ်၊ ဘဏ်လုပ်ငန်း၊ ဟိုတယ်တွေ၊ အိမ်ခြံမြေ၊ သင်္ဘောပို့ဆောင်ရေးနဲ့ သယ်ယူ ပို့ဆောင်ရေး တို့အပါအဝင် အလွန်ကြီးမားတဲ့  စီးပွားရေးအင်ပါယာကြီး တစ်ခုအဖြစ် တည်ထောင်လုပ်ကိုင် လျက်ရှိတယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။