ဒေသအရေး ရခိုင်ပြည်နယ်အစိုးရနဲ့ တွဲလုပ်ဖို့ ALP ကမ်းလှမ်း
2019.10.08

ရခိုင်ပြည်နယ်ဒေသခံတွေ၊ လက်ရှိတိုက်ပွဲတွေကြောင့် စစ်ဘေးရှောင်နေရတဲ့ ပြည်သူတွေအတွက် စိုက်ပျိုးရေး၊ ပညာရေး စတဲ့ လူမှုရေးကဏ္ဍတွေမှာ ပြည်နယ်အစိုးရနဲ့ ပူးပေါင်းလုပ်ဆောင်မယ့် အကြောင်းအရာကို အစိုးရ ငြိမ်းချမ်းရေးကော်မရှင် ကိုယ်စားလှယ်အဖွဲ့နဲ့ ဒီနေ့ ရန်ကုန်မှာတွေ့ဆုံစဉ် တင်ပြခဲ့တယ်လို့ ရခိုင်ပြည် လွတ်မြောက်ရေးပါတီ ALP က ဒေါ်စောမြရာဇာလင်း က ပြောပါတယ်။
ALP ဟာ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်မှုရပ်စဲရေးစာချုပ်မှာ လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် ၁ဝ ဖွဲ့ထဲမှာ ပါဝင်ပါတယ်။
ပြည်နယ်အစိုးရနဲ့ ပူးပေါင်းလုပ်ဆောင်ရေးနဲ့ ပတ်သက်ပြီး ကမ်းလှမ်းတင်ပြချက်ကို ဘယ်တော့အကြောင်းပြန်မယ် မသိရသေးပါဘူး။
အပစ်ရပ်စာချုပ် အခန်း ၆ မှာ ရေးဆွဲပြဋ္ဌာန်းထားချက်အရ ဒီလိုဆောင်ရွက်မှာဖြစ်တယ်လို့ ဆိုပါတယ်။
အစိုးရအနေနဲ့ စာချုပ်ပါအချက်တွေကို အကောင်အထည်ဖော်ဖို့နဲ့ ငြိမ်းချမ်းရေးလုပ်ငန်းတွေ နှောင့်နှေးနေတယ်လို့ ဒေါ်စောမြရာဇာလင်း က မှတ်ချက်ပေးပါတယ်။
"ကျမအရှင်းဆုံးပြောရမယ်ဆိုရင် သံသယတွေကြောင့်ဖြစ်ပါတယ်၊ အစိုးရဘက်က မြင်တာကလည်း ဒါတွေကို ခွင့်ပြုလိုက်လို့ရှိရင် စင်ပြိုင်ပုံစံမျိုး အစိုးရပုံစံမျိုး ဖြစ်လာမလားဆိုပြီးတော့မှ အစိုးရ ဘက်ကလည်း စဉ်းစားပါတယ်လို့ ထင်ရတာပေါ့လေ၊ အဲဒါကတော့ အထင်ကိုပြောတာပါ၊ သူတို့တွေရဲ့စဉ်းစားချက်ကတော့ အဲလိုမျိုး ရှိနိုင်တယ်၊ အစိုးရဘက်ကလည်း စိုးရိမ်မှုကင်းကင်းနဲ့ ခွင့်ပြုနိုင်မယ့် အတိုင်းအတာတွေကိုတော့ လုပ်သင့်ပြီလို့ ကျမတို့ အစိုးရကိုလည်း ဆန္ဒပြုပါတယ်၊ အစိုးရဘက်ကိုလည်း တိုက်တွန်းပါတယ်၊ အစိုးရ ဘက်ကလည်း အတတ်နိုင်ဆုံးတော့ ကြိုးစားနိုင်လိမ့်မယ်လို့ ယုံကြည်ချက်တချို့တော့ ရှိပါတယ်"
ALP ဟာ ငြိမ်းချမ်းရေးကော်မရှင် ကိုယ်စားလှယ်အဖွဲ့အတို့ဟာ ဒီနေ့ ရန်ကုန်မြို့မှာ အလွတ်သဘော တွေ့ဆုံခဲ့ကြတာပါ။
ALP အနေနဲ့ ရခိုင်ပြည်နယ်စစ်ပွဲတွေနဲ့ ပတ်သက်ပြီး ဆွေးနွေးရေးအတွက် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့နဲ့ တွေ့ဆုံဖို့ စာရေးသားတောင်းဆိုထားပါတယ်။
ဒီနေ့ဆွေးနွေးပွဲမှာ ALP ဗိုလ်မှူးကြီး ခိုင်စိုးမြက ရခိုင်ပြည်နယ်က စစ်ဘေးရှောင်ပြည်သူတွေ ထိခိုက်ဒဏ်ရာ ရကြတယ်၊ အစိုးရတပ်မတော်နဲ့ ရခိုင့်တပ်တော် AA နှစ်ဘက်စလုံးမှာ ဒီပစ်ခတ်မှုမှာ တာဝန်ရှိတယ်ဆိုပြီး အခုချိန်မှာ ဘယ်သူကမှ ဝန်ခံကြမှာမဟုတ်ဘူးလို့ ပြောပါတယ်။
"တပ်မတော်ဘက်ကလည်း ထိန်းသိမ်းစေချင်သလို AA ဘက် ကလည်း ထိန်းသိမ်းပေးဖို့အတွက် ပြည်သူတွေ မနစ်နာရအောင်လို့ အတတ်နိုင်ဆုံး ထိန်းထိန်းသိမ်းသိမ်းနဲ့ပေါ့၊ ကိုယ့်ရည်ရွယ်ချက်ကို ကိုယ်အကောင် အထည်ဖော်ကြတယ်ဆိုပေမယ့် နည်းနည်းတော့ ပြည်သူမျက်နှာကိုကြည့်ပြီး ပြည်သူမနစ်နာရအောင် ကျတော်တို့ စဉ်းစားပေးစေချင်တယ်၊ အဲဒါဝန်ခံဖို့ဆိုတာကလည်း ဒီနေ့ချိန်ခါ အတွက်က ပြောရမယ်ဆိုရင် ဘယ်အဖွဲ့ကမှ ဝန်ခံမှာမဟုတ်ဘူး၊ ကိုယ့်ရည်ရွယ်ချက်နဲ့ကိုယ် အကောင်အထည်ဖော်နေတဲ့အပိုင်း ဆိုတော့က ပြည်သူတွေ မနစ်နာအောင် မထိခိုက်အောင် ရှောင်ရှားကြဖို့ပဲ ကျတော်ပြောချင်ပါတယ်"
ALP က ခိုင်စိုးမြရဲ့ ပြောဆိုမှု အပေါ်တပ်မတော်အနေ တာဝန်ခံမှု တာဝန်မှုရှိတယ်ဆိုတာမျိုးကို တပ်မတော်ရဲ့ သတင်းထုတ်ပြန် ချက်တွေကို ကြည့်ခြင်းအားဖြင့် သိနိုင်ကြောင်း တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောပါတယ်။
"ကျတော်ပြောချင်တာတော့ ကျတော်တို့အနေနဲ့ကတော့ အရပ်သား ထိခိုက်သေဆုံးမှုရှိရင် သတင်းထုတ်ပြန်ပေးနေလျက်ရှိပါတယ်၊ ဘယ်တိုက်ပွဲမှာ ဘာကြောင့်ဆိုတာတော့ သတင်း ထုတ်ပြန်ပေးနေလျက် ရှိပါတယ်။ ဒါနဲ့ပတ်သက်ပြီး တာဝန်ခံမှု တာဝန်ယူမှု ဆိုတာကတော့ တချို့နေရာတွေမှာလည်း ကျတော်တို့ သတင်းထုတ်ပြန်ပေးနေတာတွေ တွေ့ရပါလိမ့်မယ်၊ သေဆုံးမှုတွေနဲ့ ပတ်သက်ရင် ရွာခံတွေရှိရင်တော့ ရွာခံတွေပြတာရှိတယ်၊ ဖမ်းဆီးမှုနဲ့ ပတ်သက်ရင်လည်း ရပ်မိရပ်ဖတွေရှိရင်လည်း ရပ်မိရပ်ဖတွေပြတာ ရှိတယ်၊ သူတို့နယ်သား ဟုတ် မဟုတ် ဒါတွေကိုလည်း ကျတော်တို့ သတင်းထုတ်ပြန်ပေးထားတယ်ဗျ"
AA ပြောရေးဆိုခွင့် ရှိသူ ခိုင်သုခက ပစ်သတ်ခံရတဲ့ သူတစ်ဦးရဲ့ မိသားစုဝင်တွေကို မေးကြည့်မယ်ဆိုရင် ဘယ်အဖွဲ့အစည်းက ပစ်တယ် ဆိုတာ သိနိုင်ကြောင်း ရခိုင့်တပ်တော် AA ပြောရေးဆိုခွင့် ရှိသူ ခိုင်သုခက ပြောပါတယ်။
"ဝန်ခံတယ် ဝန်မခံဘူးဆိုတာကတော့ ပြည်သူလူထုတွေက အသိဆုံးပဲဗျနော်၊ ဥပမာ ပစ်သတ်ခံရလို့ရှိရင်လည်း ပစ်သတ်ခံရတဲ့ ဆွေမျိုးမိသားစုဝင်တွေပေါ့ဗျာ အဲဒီမိသားစုဝင်တွေက ဘယ်သူ ပစ်တယ်ဆိုတာ ကောင်းကောင်းသိတယ်၊ ဘယ်သူဘယ်ဝါမသိဘူး ဆိုတဲ့ဟာကတော့ ဒါမျက်နှာလွှဲခဲပစ်လုပ်နေကြတာ ဗမာစစ်တပ် ပစ်တယ် ဆိုတဲ့ဟာကို သိတယ်၊ ဒါပေမဲ့လို့ ကြောက်ရွံ့ပြီးတော့ ရှောင်လွှဲပြီးတော့ ပြောနေကြတဲ့သူတွေလည်း အများကြီးရှိ တာပေါ့ဗျာ၊ အဲလိုအာပတ်လွတ် ပြောနေကြတဲ့လူတွေ တကယ်တော့ မသိတာမဟုတ်ပါဘူး သိပါတယ်"
ALP ဗိုလ်မှူးကြီး ခိုင်စိုးမြကတော့ ရခိုင်လူထုက တောင်းဆိုလာမယ် ဆိုရင်တော့ ရခိုင့်တပ်တော် AA နိုင်ကြောင်း၊ ဒါပေမဲ့ ပူးပေါင်းဖို့ဆိုတာ ယုံကြည်ချက်ပေါ် မူတည်ကြောင်း ပြောပါတယ်။
"အဲဒါကတော့ ကျတော်တို့က ရှေ့ဆက်ပြီးခေါင်းဆောင်တွေနဲ့ ဝိုင်းပြီးစဉ်းစားရမယ်ဗျ၊ ဒီကိစ္စနဲ့ ပတ်သက်လို့လေ ဘာပဲပာပြော ကျတော်တို့ ခေါင်းဆောင်တွေနဲ့ ဆွေးနွေးပြီး ပြည်သူတွေအနေနဲ့ တောင်းဆိုလာရင်တော့ ဒီနေ့ သွားနေတဲ့လမ်းက ယုံကြည်ချက်အပေါ်မူတည်ပြီး သွားနေကြတာကိုး၊ ရခိုင်ပြည်နယ်ကို ဘယ်လိုအကောင် အထည်ဖော်မလဲ ရခိုင်ပြည်နယ်ကို ဘယ်လိုပုံစံမျိုးဖြစ်စေချင်သလဲ သူတို့ယုံကြည်ချက်တစ်မျိုးရှိမယ် ကျတော်တို့ ယုံကြည်ချက်တစ်မျိုးရှိမယ်၊ အခုက ကိုယ့်ယုံကြည်ချက်အပေါ် အခြေခံပြီး အကောင်အထည်ဖော်နေကြတာကိုး"
ဒီနေ့တွေ့ဆုံမှုကို အစိုးရငြိမ်းချမ်းရေးကော်မရှင်အဖွဲ့ အတွင်းရေးမှူး ဦးခင်ဇော်ဦး၊ အဖွဲ့ဝင် ဦးလှမောင်ရွှေ၊ သမ္မရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေး အပါအဝင် လေးဦးနဲ့ ALP က ခြောက်ဦးတွေ့ဆုံခဲ့ကြတာပါ။
ဒီနေ့တွေ့ဆုံပွဲက ဆွေးနွေးမှုရလဒ်တွေကို ပြည်ထောင်စုအစိုးရ အဆင့်ကို ဆက်လက်တင်ပြသွားမှာ ဦးလှမောင်ရွှေက ပြောပါတယ်။
(RFA သတင်းထောက် ကိုအောင်သိင်္ခက တင်ပြသည်။)