ဆယ်စုနှစ်အတွင်း စစ်တပ်က အပြင်းထန်ဆုံး တိုက်ခိုက်နေ

ဦးသစ်ဆင်း ( ဝါရှင်တန်ဒီစီ )
2022.03.15
ဆယ်စုနှစ်အတွင်း စစ်တပ်က အပြင်းထန်ဆုံး တိုက်ခိုက်နေ ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၂၉ ရက်နေ့က ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်ကို စစ်ကောင်စီတပ်က မီးရှို့ခဲ့စဉ်။
Photo:AFP

အခုရက်ပိုင်းအတွင်း ရုရှားနဲ့ ယူကရိန်းပြဿနာအပေါ် ကမ္ဘာက စောင့်ကြည့်နေချိန်မှာ မြန်မာနိုင်ငံအတွင်း စစ်ကောင်စီတပ်ဖွဲ့တွေရဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေက ပိုမိုမြင့်မားလာနေပါတယ်။

မြန်မာနိုင်ငံအရှေ့ပိုင်းမှာ စစ်ကောင်စီရဲ့တိုက်ခိုက်မှုတွေဟာ ဆယ်စုနှစ်တွေအတွင်း အဆိုးဆုံး အခြေအနေကို ရောက်နေပါတယ်။

ယူကရိန်းကို ရုရှားက ကျူးကျော်ခဲ့တဲ့အပေါ် ကမ္ဘာက အာရုံစိုက်နေချိန်မှာ မြန်မာအာဏာသိမ်း စစ်ကောင်စီက ပြည်သူတွေကို ပစ်မှတ်ထားပြီး မြေပြင်နဲ့ဝေဟင်ကပါ တိုက်ခိုက်နေတာဟာ ဒုတိယကမ္ဘာစစ်အတွင်း ကထက်ပိုမိုဆိုးရွားနေကြောင်း လူသားချင်းစာနာကူညီရေးအဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ Free Burma Rangers အဖွဲ့ရဲ့ ညွှန်ကြားရေးမှူး David Eubank က ပြောပါတယ်။ အဲဒီအဖွဲ့ဟာ စစ်ရေးပဋိပက္ခအတွင်း ပိတ်မိနေကြတဲ့ ဒေသခံပြည်သူတွေကို ဆေးဝါးနဲ့ ရိက္ခာတွေ ကူညီနေတဲ့အဖွဲ့ ဖြစ်ပါတယ်။

ကယားပြည်နယ်မှာ စစ်ကောင်စီရဲ့လေကြောင်းကနေ အကြိမ်ကြိမ်တိုက်ခိုက်မှုတွေကြောင့် အရပ်ဘက် ပြည်သူထောင်နဲ့ချီပြီး အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ကြရပါတယ်။

အဲဒီလို ဒေသခံတွေအသက်လုထွက်ပြေးနေကြရပုံတွေကိုလည်း လူသားချင်းစာနာကူညီရေးအဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ Free Burma Rangers အဖွဲ့က ဗီဒီယိုနဲ့ မှတ်တမ်းတင်ခဲ့ပါတယ်။

အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့အခြေစိုက် HRW လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့ကလည်း စစ်ကောင်စီရဲ့ ဒီလုပ်ရပ်ဟာ စစ်ရာဇဝတ်မှုမြောက်ကြောင်း ထုတ်ပြန်ပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက် ထောင်နဲ့ချီတဲ့ အရပ်ဘက်ပြည်သူတွေက PDF ခေါ် ပြည်သူ့ ခုခံကာကွယ်ရေး တပ်ဖွဲ့တွေ ဖွဲ့စည်းခဲ့ကြပြီး ကရင်၊ ကရင်နီ၊ ကချင် စတဲ့ မူလရှိပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ မဟာမိတ်ပြုခဲ့ကြပါတယ်။

စစ်ကောင်စီဘက်မှာ လူအင်အား၊ လက်နက်အင်အား သာလွန်နေပေမယ့် စစ်တပ်ဟာ ပြည်သူပါဝင်တဲ့ အောက်ခြေခုခံရေးလှုပ်ရှားမှုကို မချေမှုန်း နိုင်ခဲ့ပါဘူး။ အခုတစ်ခါ စစ်တပ်ဟာ ခြောက်သွေ့ရာသီကို အသုံးချပြီး စစ်ဆင်ရေးကို တိုးမြှင့်နေတာပါ။

အခုလက်ရှိ မြန်မာနိုင်ငံတွင်းက တိုက်ပွဲတွေဟာ ဒုတိယကမ္ဘာစစ်အတွင်း မြန်မာပြည်မှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေထက်ပိုပြီးဆိုးရွားကြောင်း AP သတင်းက ဖော်ပြပါတယ်။

000_9QQ4KQ.jpg
၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၂၉ ရက်နေ့က ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်ကို စစ်ကောင်စီတပ်က မီးရှို့ခဲ့စဉ်။ (Photo: AFP)

ကရင်ပြည်နယ်မှာ လေကြောင်းတိုက်ခိုက်မှုတွေ တစ်ရက်ကို တစ်ကြိမ်၊ နှစ်ကြိမ်ရှိခဲ့ပေမယ့် အခုတစ်ခါ MiG တိုက်လေယာဉ်တွေ၊ Yak တိုက်လေယာဉ်တွေ တစ်စင်းပြီးတစ်စင်း သုံးစွဲတိုက်ခိုက်နေကြောင်း လူသားချင်းစာနာ ကူညီရေး အဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ Free Burma Rangers အဖွဲ့ရဲ့ ညွှန်ကြားရေးမှူး David Eubank က ပြောပါတယ်။

မြန်မာအပေါ်နိုင်ငံအများက လက်နက်ရောင်းချမှု ပိတ်ပင်ထားပေမယ့် ရုရှားဟာ မြန်မာစစ်တပ်အတွက် ထိပ်တန်းလက်နက်ထောက်ပံ့နေသူဖြစ်‌ပါတယ်။

Free Burma Rangers အဖွဲ့ရဲ့ ညွှန်ကြားရေးမှူး David Eubank ဟာ အမေရိကန်စစ်တပ်အထူးတပ်ဖွဲ့ နဲ့ ရိန်းဂျားတပ်ဖွဲ့က အရာရှိတစ်ဦးဖြစ်ခဲ့ပြီး မြန်မာနိုင်ငံအတွင်းက တိုင်းရင်းသားလူနည်းစုခေါင်းဆောင်တွေနဲ့ Free Burma Rangers အဖွဲ့ကို ၁၉၉၇ ခုနှစ်မှာ ထူထောင်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကုန်ပိုင်းက အဖွဲ့ဝင်နှစ်ဦး သေဆုံးခဲ့ရာမှာ တစ်ဦးက လေကြောင်း တိုက်ခိုက်မှုကြောင့်ဖြစ်ပြီး နောက်တစ်ဦးက မော်တာကျည်ကြောင့် သေဆုံးခဲ့ပါတယ်။
ဒီအကြောင်း မြန်မာ့အလင်းသတင်းစာမှာလည်း ဖော်ပြခဲ့ပါတယ်။

ဖေဖော်ဝါရီ ၂၃ ရက်နေ့ကလည်း ညအချိန်လေကြောင်းတိုက်ခိုက်မှုမှာ ရွာသားနှစ်ဦးသေဆုံးပြီး သုံးဦး ဒဏ်ရာရခဲ့သလို အဆောက်အအုံ အများအပြား ပျက်စီးခဲ့ပါတယ်။ ဒါဟာ စစ်ရာဇဝတ်မှု ဖြစ်ကြောင်း၊ အရပ်သားတွေနဲ့ အရပ်ဘက်အဆောက်အအုံတွေ၊ ဘာသာရေးအဆောက်အအုံတွေကို ပစ်မှတ်ထားတိုက်ခိုက်တာတွေဟာ စစ်ရာဇဝတ်မှုမြောက်ကြောင်း HRW လူ့အခွင့်အရေးအဖွဲ့က၊ မြန်မာသုတေသီ ဦးမောင်မောင်က ပြောဆိုကြောင်း AP သတင်းကဖော်ပြပါတယ်။

ကယားပြည်နယ်လိုပဲ စစ်ကိုင်းတိုင်းမှာလည်း ကျေးရွာတွေမီးရှို့ခံရ၊ စစ်ရေးပဋိပက္ခတွေနဲ့ ကြုံတွေ့နေရပါတယ်။

000_322L3CN.jpg
၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၁၄ ရက်နေ့မှာ ကရင်ပြည်နယ်၊မြန်မာ-ထိုင်းနယ်စပ်က ဒုက္ခသည်စခန်းတစ်ခုတွင် တပ်မတော်ရဲ့ အကြမ်းဖက်တိုက်ခိုက်မှုကြောင့် ထွက်ပြေးလာတဲ့ မြန်မာကလေးငယ်တွေကို တွေ့ရစဉ်။ (Photo:AFP)

ပြီးခဲ့တဲ့ဖေဖော်ဝါရီလ နောက်ဆုံးသီတင်းပတ်အတွင်း နိုင်ငံတစ်ဝန်း အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ကြရသူပေါင်း ငါးသောင်းနှစ်ထောင် ဝန်းကျင်ရှိခဲ့ပြီး စစ်တပ်အာဏာသိမ်းခဲ့ချိန်ကစလို့ ပြည်တွင်းမှာ နေရာရွှေ့ပြောင်းရ သူ ငါးသိန်းကျော် ရှိကြောင်း ကုလသမဂ္ဂက ပြောပါတယ်။

တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပြီး အစိုးရကလည်း သတင်းထိန်းချုပ်ထားတဲ့အတွက် အရေအတွက် အတိတကျကိုတော့ မသိရပါဘူး။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ကတော့ စစ်တပ်အာဏာသိမ်းပြီးတဲ့နောက် လုံခြုံရေးတပ်ဖွဲ့တွေရဲ့ သတ်ဖြတ်မှုကြောင့် သေဆုံးသူအရပ်သား ၁၆၇၀ ကျော်ရှိကြောင်း ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။