ရိုဟင်ဂျာခေါင်းဆောင်တွေ ARSA အဖွဲ့ရဲ့ ခြိမ်းခြောက်မှု ခံနေရ
2022.08.25

မြန်မာစစ်တပ်ရဲ့နယ်မြေရှင်းလင်းရေး စစ်ဆင်ရေးတွေကြောင့် သိန်းနဲ့ချီတဲ့ ရိုဟင်ဂျာတွေ ရခိုင်ပြည်နယ်မြောက်ပိုင်းကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ထွက်ပြေးခဲ့ရတာ ငါးနှစ်ပြည့်ခဲ့ပြီ ဖြစ်ပါတယ်။ အခုအချိန်မှာ ရာဇဝတ်မှုဂိုဏ်းတွေနဲ့ အာဆာလက်နက်ကိုင်အဖွဲ့က ရိုဟင်ဂျာခေါင်းဆောင်အချို့ကို ပစ်မှတ်ထားတိုက်ခိုက်သတ်ဖြတ်လာတာကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတောင်ပိုင်းက ဒုက္ခသည်စခန်းတွေက ရိုဟင်ဂျာဒုက္ခသည်တွေဟာ ကြောက်ရွံ့မှု၊ မလုံခြုံမှုတွေနဲ့ နေထိုင်နေကြရပါတယ်။
ရိုဟင်ဂျာဒုက္ခသည်တွေကို မြန်မာနိုင်ငံကို ပြန်ပို့ဖို့အတွက် လုပ်ဆောင်နေတဲ့ Arakan Rohingya Society for Peace and Human Rights (ARSPH) ဆိုတဲ့ အဖွဲ့အစည်းရဲ့ ခေါင်းဆောင် မိုဟာမက် ဂျူဘီရာ ဟာဆိုရင် သူ့ရဲ့လုပ်ငန်းတွေကြောင့် အာဆာအဖွဲ့ရဲ့ ခြိမ်းခြောက်မှုတွေ ကြုံနေရတယ်လို့ ပြောပါတယ်။
“အာဆာအဖွဲ့က ကျွန်တော်လုပ်နေတာတွေကို ရပ်တန်းက ရပ်ဖို့ ပြောပါတယ်။ မရပ်ရင် ကျွန်တော့်ကို သတ်မယ်လို့ ပြောပါတယ်”
ဒါကတော့ မိုဟာမက် ဂျူဘီရာက BenarNews ကို ပြောထားတာပါ။
အယ်လ် ရာကွင်လို့ ခေါ်တဲ့ အာဆာအဖွဲ့ဟာ မြန်မာ စစ်တပ်နဲ့ ရဲတပ်ဖွဲ့တွေကို တိုက်ခိုက်ခဲ့တဲ့နောက်၊ ၂၀၁၇ ခုနှစ် သြဂုတ်လ ၂၅ရက်မှာ၊ မြန်မာ စစ်တပ်က လက်တုံ့ပြန်တဲ့အနေနဲ့ နယ်မြေရှင်းလင်းရေးစစ်ဆင်ရေး လုပ်ဆောင်မှုတွေကြောင့် ရိုဟင်ဂျာ ၇ သိန်း နီးပါး ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ထွက်ပြေးခဲ့ရတာပါ။
မြန်မာစစ်တပ်ရဲ့နယ်မြေရှင်းလင်းမှုစစ်ဆင်ရေးအတွင်း အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေ၊ ရိုဟင်ဂျာကျေးရွာတွေကို မီးရှို့တာတွေ၊ ရိုဟင်ဂျာအမျိုးသမီးတွေကို မုဒိမ်းကျင့်မှုတွေကို လူမျိုးတုံးသတ်ဖြတ်မှုအဖြစ် ကုလသမဂ္ဂနဲ့ အမေရိကန် နိုင်ငံတွေက သတ်မှတ်ထားတာပါ။
“စခန်းထဲမှာ မူးယစ်ဆေးနဲ့လူကုန်ကူးမှုတွေ ဖြစ်နေတာကို တိုက်ဖျက်ဖို့ ကြိုးစားတဲ့သူတွေဟာ အချိန်မရွေးအသက်အန္တရာယ် ရန်ရှာခံရနိုင်တဲ့ အခြေအနေ ရှိနေပါတယ်”
ရိုဟင်ဂျာတွေ အိမ်ပြန်နိုင်ရေး နိုင်ငံတကာကသိရှိအောင် လုပ်ဆောင်ခဲ့တဲ့အတွက် အမေရိကန်သမ္မတအိမ်ဖြူတော်အထိ ဖိတ်ကြားခံရပြီး သမ္မတ ဒေါ်နယ်ထရမ့်နဲ့ တွေ့ဆုံခွင့်ရခဲ့တဲ့ ရိုဟင်ဂျာခေါင်းဆောင် မိုဟစ်အူလာဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် စက်တင်ဘာလက လုပ်ကြံသတ်ဖြတ်ခံရပြီးတဲ့နောက်၊ ဂျူဘီရာဟာ ARSPH အဖွဲ့ရဲ့ ခေါင်းဆောင်အဖြစ် တာဝန်ယူခဲ့တာပါ။
မိုဟစ်အူလာ သတ်ဖြတ်ခံရပြီး တစ်လမပြည့်ခင်မှာပဲ ဘာလူခါလီဒုက္ခသည်စခန်းထဲမှာ ရိုဟင်ဂျာဒုက္ခသည် ခြောက်ဦး ထပ်ပြီး သတ်ဖြတ်ခံခဲ့ရပါတယ်။
ရိုဟင်ဂျာဒုက္ခသည် တစ်သန်းနီးပါးကို လက်ခံထားတဲ့ ဘင်္ဂလားဒေ့ရှ်အစိုးရဟာ ဒုက္ခသည်စခန်းတွေထဲကို အာဆာအဖွဲ့က ထိုးဖောက်ဝင်ရောက်နေပြီဆိုတဲ့ ပြောဆိုချက်တွေကို အစပိုင်းမှာ ငြင်းပယ်ခဲ့တာပါ။ ရိုဟင်ဂျာခေါင်းဆောင် မိုဟစ် အူလာ လုပ်ကြံသတ်ဖြတ်ခံရတာနဲ့ အခြားတိုက်ခိုက်မှုတွေ ဖြစ်လာပြီးတဲ့နောက်မှာ ဒီအယူအဆက ပြောင်းလဲသွားခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဇွန်လက ဘင်္ဂလားဒေ့ရှ် ရဲတပ်ဖွဲ့က ထုတ်ပြန်တဲ့အစီရင်ခံစာထဲမှာ ရိုဟင်ဂျာခေါင်းဆောင် မိုဟစ်အူလာကို လေးစားထောက်ခံသူများတဲ့အတွက် အာဆာအဖွဲ့ခေါင်းဆောင် အာတူလာ အဘူ အာမာက လုပ်ကြံသတ်ဖြတ်ဖို့ အမိန့်ပေးခဲ့တာလို့ စွပ်စွဲထားပါတယ်။
အာဆာအဖွဲ့ဝင်တွေဟာ မြန်မာနိုင်ငံမှာ စစ်တပ်ရဲ့ဖိနှိပ်မှုခံရတဲ့ ရိုဟင်ဂျာတွေကို အကာအကွယ်ပေးဖို့ ရည်ရွယ်ပေမယ့် ရိုဟင်ဂျာဒုက္ခသည်တွေကိုလည်း တိုက်ခိုက်သတ်ဖြတ်ဖို့ ဝန်မလေးဘူးလို့ ရိုဟင်ဂျာခေါင်းဆောင် မိုဟာမက် ဂျူဘီရာ ပြောပါတယ်။
“အာဆာအဖွဲ့ဟာ သူတို့နဲ့ သဘောထားမတူတဲ့ ရိုဟင်ဂျာ မှန်သမျှကို လက်မခံပါဘူး။ သူတို့က နေရာတိုင်းမှာ လွှမ်းမိုးထားချင်တာပါ”
ကော့ဆက်ဘဇားခရိုင်၊ အူချီ ပရောင်ဒုက္ခသည်စခန်းမှာ နေထိုင်သူ ကိုခင်မောင်လို့ အမည်လွှဲပေးထားတဲ့ ရိုဟင်ဂျာလူငယ်ခေါင်းဆောင်တစ်ဦးကတော့ မြန်မာနိုင်ငံကနေ ထွက်ပြေးလာသူတွေထဲမှာ ဒုက္ခသည်တွေထဲမှာ ပညာတတ်တဲ့ ရိုဟင်ဂျာခေါင်းဆောင်အချို့ဟာ ရိုဟင်ဂျာတွေ မြန်မာနိုင်ငံကို ပြန်ပို့ဖို့အတွက် လုပ်ဆောင်ခဲ့တဲ့နောက် ပစ်မှတ်ထားတိုက်ခိုက်မှုတွေ ကြုံနေရကြောင်း ပြောပါတယ်။
၂၀၂၁ ခုနှစ်မှာ ရိုဟင်ဂျာခေါင်းဆောင် မိုဟစ်အူလာ သတ်ဖြတ်ခံရတာ အပြင်၊ အရင်နှစ်တွေမှာလည်း ရိုဟင်ဂျာ တွေနေရပ်ပြန်ရေး လုပ်ဆောင်နေတဲ့ ရိုဟင်ဂျာခေါင်းဆောင် ငါးဦး သတ်ဖြတ်ခံခဲ့ရပြီး အားလုံးဟာ အာဆာအဖွဲ့က ပစ်မှတ်ထားသတ်ဖြတ်မှုခံခဲ့ရတာဖြစ်ပြီး၊ အာဆာအဖွဲ့ဟာ ဒုက္ခသည်စခန်းတွေထဲမှာ သြဇာအာဏာထူထောင်ဖို့ ကြိုးစားနေတာဖြစ်တယ်လို့ သူကပြောပါတယ်။
“ကျွန်တော်တို့ထဲက ရိုဟင်ဂျာဒုက္ခသည်တွေကို ပြန်ပို့ဖို့ ထောက်ခံတဲ့ သဘောထားရှိတဲ့သူတွေ၊ စခန်းထဲမှာ မူးယစ်ဆေးနဲ့လူကုန်ကူးမှုတွေ ဖြစ်နေတာကို တိုက်ဖျက်ဖို့ ကြိုးစားတဲ့သူတွေဟာ အချိန်မရွေးအသက်အန္တရာယ် ရန်ရှာခံရနိုင်တဲ့ အခြေအနေ ရှိနေပါတယ်”
အခုလို ပြောဆိုချက်တွေနဲ့ပတ်သက်ပြီး Benar News က အာဆာ အဖွဲ့ရဲ့ တုံ့ပြန်ချက်တွေကို သိရဖို့ အာဆာအဖွဲ့ခေါင်းဆောင်တွေကို ဆက်သွယ်ခဲ့ပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး။
အခုဆိုရင် ရိုဟင်ဂျာတွေ မြန်မာနိုင်ငံက ထွက်ပြေးလာတာ ငါးနှစ်ကြာပြီ ဖြစ်ပေမယ့် ရိုဟင်ဂျာဒုက္ခသည်တစ်ယောက်မှ ပြန်မပို့နိုင်သေးတဲ့အပြင် မြန်မာနိုင်ငံဘက်မှာလည်း စစ်တပ်က အာဏာသိမ်းပြီးဖြစ်လာတဲ့ ပဋိပက္ခတွေကြောင့် ရိုဟင်ဂျာတွေ အိမ်ပြန်နိုင်ဖို့ အလှမ်းဝေးနေဆဲ ဖြစ်ပါတယ်။
ဘင်္ဂလားဒေ့ရှ်ရဲတပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ ပြီးခဲ့တဲ့ငါးနှစ်အတွင်း ရိုဟင်ဂျာဒုက္ခသည်စခန်းတွေနဲ့ ကော့ဆက်ဘဇားခရိုင်ထဲမှာ ရိုဟင်ဂျာ ၁၂၁ ဦးထိ သတ်ဖြတ်ခံခဲ့ရပြီး မိုဟစ်အူလာ သတ်ဖြတ်ခံရပြီးကတည်းက အာဆာအဖွဲ့ဝင် ၄၁၄ ဦးကို ဖမ်းဆီးနိုင်ခဲ့တယ်လို့ ပြောပါတယ်။

ရိုဟင်ဂျာခေါင်းဆောင် မိုဟစ်အူလာ သတ်ဖြတ်ခံရပြီးတဲ့နောက် ရိုဟင်ဂျာဒုက္ခသည်စခန်းတွေထဲမှာ အာဆာတပ်ဖွဲ့ဝင်တွေ ရှိနေကြောင်း ဘင်္ဂလားဒေ့ရှ်အစိုးရက အတည်ပြုခဲ့တဲ့နောက် အခုအချိန်မှာတော့ ရိုဟင်ဂျာဒုက္ခသည်စခန်းတွေထဲမှာ လုပ်အားပေး ၁၁၀၀၀ လောက်ဟာ ရဲတပ်ဖွဲ့တွေနဲ့အတူ ကင်းလှည့်ရာမှာ ပါဝင်နေကြတယ်လို့ ဘင်္ဂလားဒေ့ရှ်ရဲတပ်ဖွဲ့က ရဲအရာရှိ မိုဟာမက် ကာမန် ဟူဆိန်က ပြောပါတယ်။
“ရိုဟင်ဂျာဒုက္ခသည်စခန်းတွေထဲက မှုခင်းတွေကို တားဆီးဖို့နဲ့ အာဆာလို့ ခေါ်တဲ့ အဖွဲ့အပါအဝင် ဂိုဏ်းတွေကို ဖော်ထုတ် ဖမ်းဆီးနိုင်ဖို့ ကျွန်တော်တို့ ရဲတပ်ဖွဲ့က ကြိုးပမ်းနေပါတယ်။ အခုဆိုရင် ရိုဟင်ဂျာခေါင်းဆောင်တွေနဲ့ လုံခြုံရေးအတွက် လုပ်အားပေးသူတွေကြောင့် ဒီလိုရာဇဝတ်ကောင်တွေရဲ့လုပ်ရပ်တွေကို တားဆီးနိုင်နေတာ ဖြစ်ပါတယ်။ ဒါကြောင့်လည်း သူတို့ကို ပစ်မှတ်ထားပြီး တိုက်ခိုက်တာတွေ လုပ်လာနေပါတယ်။ ရိုဟင်ဂျာဒုက္ခသည်တွေကို ပစ်မှတ်ထားကျူးလွန်တဲ့ ဘယ်သူ့ကိုမဆို ခြွင်းချက်မထားဘဲ အရေးယူသွားမှာ ဖြစ်ပါတယ်”
ရိုဟင်ဂျာဒုက္ခသည်စခန်းတွေထဲမှာ သတ်ဖြတ်မှုတွေနဲ့ အခြားရာဇဝတ်မှုတွေ ဖြစ်ပွားနေတာအတွက် ဘင်္ဂလားဒေ့ရှ်အစိုးရမှာ တာဝန်ရှိတယ်လို့ နိုင်ငံတကာရွှေ့ပြောင်းသွားလာခြင်းဆိုင်ရာ အဖွဲ့အစည်း (IOM) အတွက် ဒုက္ခသည်အရေးကျွမ်းကျင်သူ အာဆစ် မူနီရာက ပြောပါတယ်။
“ရိုဟင်ဂျာခေါင်းဆောင်တွေနဲ့ လုံခြုံရေးအတွက် လုပ်အားပေးသူတွေကြောင့် ဒီလိုရာဇဝတ်ကောင်တွေရဲ့လုပ်ရပ်တွေကို တားဆီးနိုင်နေတာ ဖြစ်ပါတယ်”
အခုအချိန်မှာ ဒုက္ခသည်စခန်းတွေထဲမှာ လုံခြုံရေးအတွက် အာဏာပိုင်တွေ ပူးပေါင်းလုပ်အားပေးနေသူတွေကို လက်နက်ကိုင်အဖွဲ့တွေက သိနေတဲ့အတွက် ထိခိုက်လွယ်တဲ့ အခြေအနေရှိတယ်လို့ သူက ပြောပါတယ်။
ရိုဟင်ဂျာဒုက္ခသည်တွေအကြောင်း လေ့လာသုံးသပ်နေတဲ့ ဘင်္ဂလားဒေ့ရှ်ပါမောက္ခ အိုမာ ဖာရုတ်ကတော့ ရိုဟင်ဂျာဒုက္ခသည်တွေထဲမှာ ကိုယ်ထူကိုယ်ထ လုံခြုံရေးလုပ်နေသူတွေနဲ့ အာဏာပိုင်တွေအကြားမှာ ပူးပေါင်းဆောင်ရွက်ဖို့ လိုနေတယ်လို့ ပြောပါတယ်။
ရိုဟင်ဂျာဒုက္ခသည်တွေထဲမှာလည်း စိတ်ဝမ်းကွဲပြားမှုတွေ ကြုံနေရပါတယ်။ သာမန်ရိုဟင်ဂျာဒုက္ခသည်အများစုဟာ ရခိုင်ပြည်နယ်ကို ပြန်တာထက် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ရှိနေတာက အခြေအနေ ပိုကောင်းတယ်လို့ ယူဆကြပြီး၊ ပညာတတ် ရိုဟင်ဂျာဒုက္ခသည်တွေကတော့ မြန်မာနိုင်ငံကို ပြန်ရင် အခြေအနေပိုကောင်းမယ်လို့ ယုံကြည်နေကြတယ်လို့ ပါမောက္ခ ဖာရက်က Benar News ကို ပြောသွားပါတယ်။