ရေယာဉ်နစ်မြုပ်မှုအတွက် အစိုးရအပေါ် လူထုက ပိုမိုမျှော်လင့်နေကြ


2016.10.20

အောင်စိုးမိုးကျော် ရေယာဉ်နစ်မြုပ်မှုအတွက် နိုင်ငံတော် သမ္မတအနေနဲ့ သင်္ဘောနစ်ပြီး ၅ ရက်ကြာမှ ဝမ်းနည်းကြောင်း ထုတ်ဖေါ်ကြေညာခဲ့တာကို မြန်မာပြည်သူ အများအပြားက မကျေနပ်ကြပါဘူး။ ပြည်သူတွေရွေး ချယ်ထားတဲ့ အစိုးရတစ်ခုရဲ့ တာဝန်သိမှုနဲ့ တာဝန်ယူမှုတွေကို မြန်မာလူထုက ဒီထက်ပိုပြီး မျှော်လင့်နေကြကြောင်း ဦးခင်မောင်စိုးက တင်ပြထားပါတယ်။

အောက်တိုဘာ ၁၅ ရက်နေ့ မနက်က ချင်းတွင်းမြစ်အတွင်း အောင်စိုးမိုးကျော် ရေယာဉ် နစ်မြုပ်သွားခဲ့မှုနဲ့ ပတ်သက်ပြီး ကြေကွဲဝမ်းနည်းကြောင်းနဲ့ တာဝန်ရှိသူတွေကို ဖေါ်ထုတ်အရေးယူမှာဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ဦးထင်ကျော်က အောင်တိုဘာ ၂ဝ ရက်နေ့ မနေ့က ကြေညာလိုက်ပါတယ်။  အယ်ဒီတာတစ်ဦးဖြစ်တဲ့ ဦးမြတ်ခိုင်က သမ္မတကြီးရဲ့ကြေညာချက်ကို ဒီထက်စောပြီး ထုတ်ပြန်ဖို့ လူထုကမျှော်လင့်ခဲ့ကြကြောင်း၊  ဒါ့အပြင် တစ်ရက်တည်း မှာပဲထုတ်ပြန်တဲ့ ပြန်ကြားရေးဝန်ကြီးဌာနရဲ့ ကြေညာချက်မှာ သေဆုံးသူ ၇၂ ဦးရဲ့ ရုပ်အလောင်းတွေ ပြန်လည် ရရှိပြီဆိုတာကို တွေ့ရှိရာဒေသ၊ တွေ့ရှိရာအချိန်ကာလတွေနဲ့ အတိအကျဖေါ်ပြထားပေမယ့် သမ္မတကြီးရဲ့ကြေညာ ချက်မှာတော့ ၆၆ ဦးရဲ့ အလောင်းတွေကို ဆယ်ယူရှိခဲ့ကြောင်းပဲ ဖေါ်ပြထားတဲ့အတွက် သက်ဆိုင်ရာအရာရှိတွေ က နိုင်ငံတော်သမ္မတကို အချက်အလက်တွေ အချိန်မီ မပေးပို့ဘူးလားဆိုတာ ပဟေဋိုဖြစ်နေတယ်လို့ ပြောပါတယ်။

“ဒီကနေ့မှပဲ ကျနော်တို့ရဲ့သမ္မတကြီးက ထုတ်ပြန်တာ အားလုံးကတွေ့ကြရတယ်၊ အားလုံးက စောစောပိုင်း ကတည်းက မျှော်လင့်နေတာပေါ့နော်၊ ဒီလိုထုတ်ပြန်တဲ့နေရာမှာ စာရင်းကွာဟမှုတွေ တွေ့တယ်၊ သမ္မတရဲ့ ထုတ်ပြန်ချက်မှာ ၆၆ ဦးလို့ပါနေပေမယ့် အခြားထုတ်ပြန်ချက်တွေမှာတော့ ၇၂ လို့ ကျနော်တို့ တွေ့နေရ တယ်၊ အခု ဒီဟာမှာ အဓိကအချက်ကတော့ ၃၆ ယောက်လို့ ကန့်သတ်ထားတယ်၊ ဒါပေမဲ့ လူတွေ ရာချီပြီး သေဆုံးကြတယ်၊ လူဘယ်နှစ်ယောက် ပါသွားတယ်ဆိုတာ အခုထိမပြောနိုင်ကြဘူး၊ အထူးသဖြင့် စိတ်မကောင်းစရာက ပညာရေးဝန်ထမ်း ဆရာ၊ ဆရာမ ၃ဝ လောက် အသက်ဆုံးသွားတယ်၊ အဲဒီတော့ ပညာရေးဝန်ကြီးဌာနက ဒီအပေါ်မှာ ဘယ်လိုသဘောထားမလဲ၊ ရှေ့ပိုင်းမှာလည်း ရခိုင် မှာ မော်တော်မှောက်တယ်၊ ဆရာမတွေ အသက်ဆုံးတယ်၊ နောက်တစ်ခါ တောင်ကျရေနဲ့ မျှောပါသွားလို့ ဆရာမတွေ ဆုံးပါးတာလည်း ရှိတယ်”

နောက်ထပ် အယ်ဒီတာတစ်ဦးဖြစ်တဲ့ စာရေးဆရာ သွန်းနေစိုး ကလည်း ငါးရက်ကြာ အချိန်ယူထုတ်ပြန်ခဲ့တဲ့ သမ္မတကြီးရဲ့ ကြေညာချက်မှာ ဒီထက်ပိုပြီး ပြည့်စုံဖို့ လူထုက လိုလားကြတယ်လို့ RFA ကို  ပြောပါတယ်။

“သေဆုံးသွားသူတွေအတွက် ဝမ်းနည်းတယ်၊ အဲဒီအချက်ပါတယ်၊ နောက်တစ်ချက် ဒီကိစ္စအတွက် တာဝန်ရှိသူတွေကို ထိထိရောက်ရောက် အရေးယူပေးမယ်၊ ဒါ- ဝမ်းသာပါတယ်၊ ဒါပေမဲ့ ကျနော်တို့က အဲဒါထက်ပိုပြီးလိုချင်တာက နောက်မဖြစ်အောင်ပေါ့လေ၊ မြန်မာပြည်မှာ အဲဒါမျိုးဖြစ်ရပ်တွေက များပြီ၊ ချင်းတွင်းမြစ်ကြောင်းတလျှောက် အဲဒီလိုဖြစ်တာလည်း များပြီ၊ အရင်ခေတ်ကဆိုရင်တော့ ကျနော်တို့ မပြောပါဘူး။ ဒါ ဒီဘက်ခေတ်၊ ကိုယ့်ပြည်သူအစိုးရခေတ်မှာ နောက်ဒီလိုမဖြစ်အောင် အစီအစဉ်တွေ ချမှတ်ဆောင်ရွက်မယ်ဆိုတာမျိုး ကြေညာချက်ထဲမှာ ပါလာခဲ့ရင် ကောင်းမယ်ပေါ့လေ”

ဦးမြတ်ခိုင်ကလည်း ဒေါ်အောင်ဆန်းစုကြည် မကြာခဏပြောဆိုဖူးတဲ့အတိုင်း မြန်မာပြည်မှာ တာဝန်သိမှု၊ တာဝန်ယူမှုတွေ အားနည်းနေဆဲပါပဲလို့ ဝေဖန်ပါတယ်။

“ဟိုတုန်းက ကမ္ဘာကျော်လူသိခဲ့တဲ့ တိုးအေး ပေါ့နော်၊ သင်္ဘောနစ်တယ်၊ လူတွေရာနဲ့ချီ သေဆုံးကြ တယ်၊ နောက်တစ်ခါ သံလျှင်မှာဖြစ်ခဲ့တဲ့ တိုင်းလုံးကျော်နစ်မှုပေါ့၊ ဒါမျိုးတွေဖြစ်ဖြစ်နေတာဟာ ကြိုတင်ပြင် ဆင်မှု မရှိတဲ့အတွက် မလိုလားအပ်ပဲ အသက်တွေဆုံးရှုံးကြတယ်၊ ထိရောက်တဲ့ အရေးယူမှုတွေ မရှိခဲ့ ဘူးပေါ့နော်၊ ဥပမာ ဆိုပါတော့၊ လူတိုင်းသိပြီးသား ကိုရီးုယားသင်္ဘောမှောက်တဲ့ ကိစ္စဆိုရင် နှုတ်ထွက်တဲ့ သူက နှုတ်ထွက်တယ်၊ ကိုယ့်တာဝန် ကိုယ်ယူကြတာပေါ့ဗျာ၊ ကျနော်တို့ဆီမှာတော့ ဒီလိုတာဝန်ယူတဲ့ အလေ့အထ နည်းနေသေးတာကို တွေ့ရတယ်”

ပြဿနာတစ်ခု အမှုအခင်းတစ်ခု ပေါ်လာတဲ့အခါ အရေးယူဖို့အတွက် ကမ္ဘာ့နိုင်ငံတစ်ခုနဲ့ တစ်ခု ဥပဒေပြဌာန်း ချက်တွေ ချမှတ်ပြစ်ဒဏ်တွေ မတူကြပါဘူး၊ နိုင်ငံတစ်ခုမှာ သေဒဏ်ပေးတဲ့အမှုကို တခြားနိုင်ငံတစ်ခုမှာ ထောင် ဒဏ် ငွေဒဏ်နဲ့ ပြီးတတ်ပါတယ်၊ မြန်မာပြည်မှာကော ဒီလိုအမှုတွေအတွက် ထိရောက်တဲ့ ဥပဒေအရေးယူမှုတွေ ရှိပြီလား၊ ရှေ့နေဦးအောင်သိန်းကတော့ အထိုက်အလျှောက်ရှိပါတယ်လို့ ပြောပါတယ်။

“အသက်ပေါင်းများစွာ ဆုံးရှုံးခဲ့ရတဲ့ မဆင်မခြင် မောင်းနှင်မှုပေါ့ဗျာ၊ မဆင်မခြင် မောင်းနှင်မှုဆိုတာက တင်ဆောင်ရမှာထက်ပိုတဲ့ အိုဗာဝိတ်ဖြစ်တာတွေ၊ နောက်ပြီးတော့ ပေါ့လျော့မှုတွေပေါ့၊ အဲဒါတွေကို ဥပဒေတွေနဲ့ အရေးယူတာမျိုးတွေ ရှိဖူးပါတယ်၊ ဥပမာ တိုးအေး သင်္ဘောနစ်တာမျိုးတွေမှာပေါ့၊ ထောင်ဒဏ် ချမှတ်ခဲ့တာ ရှိပါတယ်”

အခုဖြစ်ပွားတဲ့အမှုမှာ ရေယာဉ်ဦးစီးမှူးအပြင် ဆိပ်ကမ်းအာဏာပိုင်တွေနဲ့ တခြားတာဝန်ရှိသူတွေကို ထိထိရောက်ရောက် အရေးယူဖို့လိုတယ်လို့ ဝေဖန်နေကြပါတယ်၊ ဦးအောင်သိန်းကတော့ ဒီလိုအမှုမျိုးတွေမှာ ရေယာဉ်မောင်းသူလောက်ကိုပဲ အရေးယူအပြစ်ပေးလေ့ရှိတယ်လို့ ပြောပါတယ်။

အယ်ဒီတာ သွန်းနေစိုးက အခုကိစ္စမှာ သင်္ဘောတည်ဆောက်ထားပုံဒီဇိုင်း၊ အသုံးပြုခဲ့တဲ့ ပစ္စည်းတွေနဲ့ တတ်ဆင်ထားတဲ့ အင်ဂျင်တွေဟာ နိုင်ငံတကာစံနှုံးတွေနဲ့ ကိုက်ညီခြင်းမရှိဘူးလို့ ကြားရတယ်၊ မဖြစ်သင့်တဲ့ အဖြစ်အပျက်တွေ မြန်မာပြည်မှာ အမြဲလိုလိုဖြစ်ပွားနေတဲ့အတွက် လူထုရဲ့ဘဝဟာ လုံခြုံမှုအာမခံချက် ဘာမှမရှိဘူးလို့ မှတ်ချက်ချပါတယ်။

“တစ်နေရာမဟုတ် တစ်နေရာမှာ လူပေါင်းများစွာ အသက်စတေးခံနေရတာတွေ ခဏခဏဖြစ်နေတယ် ၊ ဖြစ်လိုက်ရင်လည်း အဲဒီလို ကျောင်းသူ ကျောင်းသားလေးတွေ၊ ဆရာ ဆရာမတွေ၊ တိုင်းပြည်ရဲ့အနာ ဂတ်တွေ အများကြီး အညွန့်ကျိုးတယ်၊ နောက်တစ်ချက်က ပြည်သူပြည်သားတွေရဲ့ ဘဝ လုံးဝလုံခြုံမှု မရှိဘူး၊ မြန်မာပြည်မှာနေတာက အရမ်းအန္တရာယ်ကြီးမားတယ်၊ အချိန်မရွေး သေသွားနိုင်တယ်၊ ဟိုတစ်နေ့က ကျနော်လမ်းထွက်တယ်၊ သွားရင်းနဲ့ ကျနော်ဘာတွေ့လဲဆိုတော့ လမ်းမှာ ဓါတ်ကြိုးပြတ်ကျနေ တာ တွေ့တယ်၊ မီးတွေ တဖြတ်ဖြတ်နဲ့၊ မတော်တဆ ဒီဓါတ်ကြိုးသာ ငါ့လည်ပင်းလာရိုက်ရင်တော့ ငါတစ်ခါတည်းတန်းပြီး သေမှာပဲလို့ ကျနော်တွေးမိတယ်၊ တိုင်းပြည်ကို ဒါ ပြုပြင်ပြောင်းလဲနေတဲ့ကာလလို့ ကျနော်တို့အများက မြင်ကြတယ်၊ ပြောင်းလဲချိန်တန်ပြီဆိုတဲ့ ကြွေးကြော်သံနဲ့ တက်လာတဲ့အစိုးရတစ်ရပ် အနေနဲ့ ဒါကို စီမံကိန်းတစ်ခု၊ အနည်းဆုံး ကော်မတီတစ်ခုဖွဲ့ပြီးတော့ ပြောင်းလဲသင့်တဲ့ ကိစ္စတွေ၊ အထူးသဖြင့် အသက်အန္တရာယ်နဲ့ နီးတဲ့ကိစ္စတွေကို ဦးစားပေးပြီးတော့ ပြုပြင်ပြောင်းလဲပေးရင် ကောင်းမှာ ပဲလို့ ထင်ပါတယ်”

အောင်စိုးမိုးကျော် ရေယာဉ်နှစ်မြုပ်မှုမှာ ကျောင်းဆရာ ဆရာမ အများအပြားသေဆုံးခဲ့တဲ့အတွက် ပညာရေးဝန်ကြီး ဌာနအပေါ် ဝေဖန်ပြစ်တင်မှုတွေ ကျယ်ကျယ်ပြန့်ပြန့် ပေါ်ထွက်နေပါတယ်။ မြန်မာပြည်မှာ ကျောင်းဆရာလူတန်း စားဟာ အခွင့်အရေးအနည်းဆုံးဖြစ်သလို မိမိနေရပ်နဲ့ နီးတဲ့နေရာတွေမှာ တာဝန်ထမ်းဆောင်ခွင့် ရဖို့အတွက် တံစိုးလက်ဆောင်ငွေကြေး ပေးကမ်းရတာတွေ၊ အထက်လူကြီးအဆင့်ဆင့်နဲ့ သိကျွမ်းဖို့ကြိုးစားရတာတွေ ကာလ ရှည်ကြာလှပါပြီ။ နောက်ပြီး အခုလိုကြေကွဲစရာတွေဖြစ်ပွားတဲ့အခါ တခြားကမ္ဘာ့နိုင်ငံတွေမှာ Counseling ကောင်း ဆဲလင်း လို့ခေါ်တဲ့ တိုင်ပင်ဆွေးနွေးမှုတွေကို အထူးအလေးပေး လုပ်ဆောင်လေ့ရှိပါတယ်။ ဥပမာ အားဖြင့် သေ ဆုံးသူတွေရဲ့ ကျန်ရစ်မိသားစုတွေ၊ အသက်မသေ လွတ်မြောက်လာသူတွေ၊ အဖြစ်အပျက်ဆိုးနဲ့ ပတ်သက် ဆက်နွယ်နေသူတွေအားလုံးကို စိတ်ပညာကျွမ်းကျင်သူ အကြံပေးအရာရှိတွေက အကြိမ်များစွာ တွေ့ဆုံပြီး သူတို့ရရှိခဲ့တဲ့ စိတ်ဒဏ်ရာတွေ သက်သာလျှော့ပါးသွားအောင် ဆွေးနွေးအကြံပေးနှစ်သိမ့်တဲ့ လုပ်ငန်းစဉ်ဖြစ် ပါတယ်။ အခု အောင်စိုးမိုးကျော် ရေယာဉ်နှစ်မြုပ်မှုအတွက် စစ်ကိုင်းတိုင်း ဝန်ကြီးချုပ်ကိုယ်တိုင် ဖြစ်ပါွး ရာဒေသကိုသွားရောက်ပြီး နှစ်သိမ့်စကားပြောတာကို မြင်ရကြားရပါတယ်။ ဒါပေမယ့် အခုလို ကိစ္စမျိုးမှာ အထက်ပါ ကောင်းဆဲလင်း အကြံပေးနှစ်သိမ့်မှုမျိုးကို မြန်မာနိုင်ငံမှာ လုပ်ဆောင်ဖို့အတွက် လုံလောက်တဲ့ ပညာရှင်အင်အားတွေ အခြေအနေတွေရှိပြီလား ဆိုတာကိုတော့ မသိရသေးပါဘူး။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။