ရခိုင်မှာ တစ်ကျော့ပြန်တိုက်ပွဲ ပြင်းထန်လာ

2022.08.16
ရခိုင်မှာ တစ်ကျော့ပြန်တိုက်ပွဲ ပြင်းထန်လာ ရက္ခိုင့်တပ်တော် (AA) တပ်ဖွဲ့ဝင်များကို တွေ့ရစဉ်
Photo: Nyotwanawng - Twitter

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း နှစ်နှစ်နီးပါး တိုက်ပွဲတွေ ရပ်စဲခဲ့တဲ့ ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်တွေမှာ စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့ အကြား တိုက်ပွဲတွေ ပြန်လည်ပြင်းထန်လာတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပလက်ဝမြို့နယ်မှာတော့ စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့ ရက်ပေါင်း ၂၀ နီးပါး တိုက်ပွဲဆက်တိုက်ဖြစ်ပွားနေပြီး စစ်ကောင်စီတပ်က ကုန်သွယ်ရေးလမ်းတွေကို ပိတ်ထားတာကြောင့် ဒေသခံတွေ အခက်အခဲ ဖြစ်နေကြတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

"တိုက်ပွဲတွေ ဖြစ်နေတာကိုတော့ ကျနော်တို့ ကြားရတယ်။ လက်နက်ကြီးတွေ ပစ်တယ်။ မနေ့ကဆိုရင်လည်း ၁၀ နာရီကပစ်တာ။ အခုဆိုရင် တိုက်ပွဲဖြစ်တာ ရက်ပေါင်း နှစ်ဆယ်ကျော်ပြီ။ အဲဒီတိုက်ပွဲကြောင့် တစ်ပတ်မှာ တစ်ကြိမ်တက်နေတဲ့ သင်္ဘောလည်း မတက်တော့ ပလက်ဝမြို့နယ်မှာ ကုန်စည်စီးဆင်းမှု မရှိဘူး။ စားသုံးဆီတွေလည်း မရှိတော့ဘူး။ ဆန်ဈေးကလည်း အရင်က ခြောက်သောင်းကျော်လောက်ပဲရှိတာ အခု တစ်သိန်းကျော်သွားပြီ"

ဩဂုတ် ၁၃ ရက်နေ့က ပလက်ဝမြို့နယ် သူဌေးကုန်းကျေးရွာ မြောက်ဘက် (၁.၂) ကီလိုမီတာ (မိုင်ဝက်ကျော် လောက်) အကွာမှာ နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားခဲ့ပါတယ်။ အဲဒီနေရာတစ်ဝိုက်မှာ တိုက်ပွဲဖြစ်ပွားနေတာ နှစ်ပတ်လောက်ရှိနေပြီလို့ ရက္ခိုင့်တပ်တော် (AA) က ဩဂုတ်လ ၁၅ ရက် မနေ့က ထုတ်ပြန်ပါတယ်။ စစ်ကောင်စီတပ်ဟာ အဝေးကနေ လက်နက်ကြီးတွေနဲ့ အဓိကထားပြီး ပစ်ခတ်နေတယ်လို့လည်း ဆိုပါတယ်။

"ပလက်ဝမြို့နယ်မှာ ကုန်စည်စီးဆင်းမှု မရှိဘူး။ စားသုံးဆီတွေလည်း မရှိတော့ဘူး"

မောင်တောမြို့နယ် မြောက်ပိုင်းမှာလည်း ပြီးခဲ့တဲ့ ဇူလိုင်လ ၁၈ ရက်နေ့က တိုက်ပွဲ နှစ်ကြိမ် ဆက်တိုက် ဖြစ်ပွားခဲ့ပြီးနောက် ဩဂုတ် ၁၃ ရက်နေ့မှာ ရသေ့တောင်နဲ့ မောင်တောမြို့နယ် က နေရာသုံးခုမှာ တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီတိုက်ပွဲကြောင့် စစ်ကောင်စီတပ်က ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တော စတဲ့ မြို့နယ်တွေကို ဆက်သွယ်ထားတဲ့ လမ်းတွေကို အကန့်အသတ်မရှိ ပိတ်ထားတယ်လို့ ရသေ့တောင်မြို့ခံ ကိုကျော်မင်းခိုင်က ပြောပါတယ်။

"အခုတော့ တိုက်ပွဲဖြစ်တဲ့နေ့ကစပြီးတော့ အငူမော်၊ ဘူးသီးတောင်၊ မောင်တော ဆက်သွယ်ထားတဲ့ ကားလမ်းကို စစ်ကောင်စီတပ်က ရက်အကန့်အသတ်မရှိ ပိတ်ထားလိုက်တယ်။ အခုထိ သွားလာလို့ မရဘူး။ အဲဒီဘက်မှာ စားဝတ်နေရေး၊ ကျန်းမာရေးစောင့်ရှောက်မှုကအစ အခက်အခဲဖြစ်နေကြတယ်။ အခု အခြေအနေထိ တော့ အဲဒီဘက်ကို သွားလာလို့မရဘူး။ လက်နက်ကြီးသံတွေကလည်း မနေ့ကအထိ ကြားနေရတယ်"

ရသေ့တောင်မြို့နယ် တိုက်ပွဲကြောင့် ချိန်ခါလီ၊ ကိုးတန်ကောက်၊ ကြံတိုင်းအောင် စတဲ့ ကျေးရွာတွေက ဒေသခံ ၁၅၀ ကျော်ဟာ ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့လည်း ကိုကျော်မင်းခိုင်က ပြောပါတယ်။

ဒီတိုက်ပွဲတွေနဲ့ ပတ်သက်လို့ ရက္ခိုင့်တပ်တော် (AA) ရဲ့ မနေ့က ထုတ်ပြန်ချက်မှာတော့ ဩဂုတ် ၁၃ ရက်နေ့က ရသေ့တောင်မြို့နယ် ဒုံးပိုက်ကျေးရွာရဲ့ မြောက်ဘက် ၁.၅ ကီလိုမီတာ (တစ်မိုင်နီးပါး) အကွာမှာ နှစ်နာရီနီးပါးကြာ တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီ တပ်က သေဆုံးသူ ၃၁ ဦးနဲ့ လက်နက်ခဲယမ်းအများအပြားကို သိမ်းဆည်းရမိခဲ့တယ်လို့ ဖော်ပြထားပါတယ်။

မောင်တောမြို့နယ် ကျောက်ပန်းတူကျေးရွာအနီးနဲ့ မောင်တောမြို့နယ် မြောက်ပိုင်း မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ် မိုင်တိုင်အမှတ် ၄၀ အနီးမှာလည်း တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်က ခြောက်ဦးထက်မနည်း သေဆုံးခဲ့တယ်လို့လည်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ဒီတိုက်ပွဲတွေအတွင်း ရက္ခိုင့်တပ်တော် (AA) ဘက်က တပ်ဖွဲ့ဝင်တချို့ သေဆုံးထိခိုက် ဒဏ်ရာရတာရှိပြီး အရေအတွက် အတိအကျကိုတော့ ထုတ်ပြန်ချက်မှာ ဖော်ပြမထားပါဘူး။

ရက္ခိုင့်တပ်တော် (AA) ရဲ့ ထုတ်ပြန်ချက်ပါ ထိခိုက်မှုအရေအတွက်နဲ့ ပတ်သက်လို့ RFA အနေနဲ့ သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

စစ်ကောင်စီတပ်ဟာ ရခိုင်ဒေသအနှံ့ကို လက်နက်၊ ခဲယမ်း၊ လူအင်အားတွေကို ရဟတ်ယာဉ်၊ စစ်သင်္ဘော၊ စစ်ကားကြီးတွေနဲ့ ပြောင်းရွှေ့နေတာကြောင့် တိုက်ပွဲတွေ ပိုကျယ်ပြန့်လာနိုင်တယ်လို့လည်း အေအေ အဖွဲ့ရဲ့ မနေ့က ထုတ်ပြန်ချက်မှာ ဖော်ပြ ထားပါတယ်။ ရက္ခိုင့်တပ်တော် (AA) အနေနဲ့တော့ စစ်ကောင်စီတပ်ရဲ့ စစ်ဆင်ရေးတွေ၊ ထိုးစစ်တွေကို ညီနောင်မဟာမိတ် အဖွဲ့အစည်းတွေ၊ ပြည်သူလူထု တစ်ရပ်လုံးနဲ့ ဟန်ချက်ညီညီ ပူးပေါင်းပြီး ပြန်လည်ခုခံတိုက်ခိုက်သွားမယ်လို့လည်း ဆိုပါတယ်။

ဒါကြောင့် ပြည်သူတွေအနေနဲ့ စစ်ရေးသတိ၊ အသွားအလာသတိကို အထူးဂရုစိုက်ဖို့ ကိုလည်း အေအေ အဖွဲ့က ထုတ်ပြန်ချက်မှာ သတိပေးထားပါတယ်။

ရက္ခိုင့်တပ်တော် (AA) ရဲ့ ပြောဆိုချက်တွေနဲ့ ပတ်သက်လို့ တုံ့ပြန်ချက်ကိုသိနိုင်ဖို့ ရခိုင် ပြည်နယ် စစ်ကောင်စီ ပြောခွင့်ရသူ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းကို RFA က ဖုန်းနဲ့ ဆက်သွယ်မေးမြန်းဖို့ ကြိုးစားခဲ့ပေမယ့် အကြောင်းမပြန်ပါဘူး။

ရခိုင်ပြည်နယ်မှာ ပြန်လည်ဖြစ်ပွားလာနေတဲ့ တိုက်ပွဲတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက် က တစ်စုံတစ်ရာ ထုတ်ပြန်ထားတာ မရှိသေးပါဘူး။ ပြီးခဲ့တဲ့ ဇူလိုင် ၂၆ ရက်နေ့က မောင်တောမြို့နယ် မြောက်ပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲနဲ့ပတ်သက်လို့တော့ ဒါဟာ အေအေအဖွဲ့ရဲ့ ရန်စမှုဖြစ်တယ်လို့ စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းက အရင်ကလုပ်တဲ့ စစ်ကောင်စီ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုထားပါတယ်။

military-soldiers-in-rakhine.jpg
စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ကို ရခိုင်ပြည်နယ်၊ မောင်တောမြို့အနီးမှာ ၂၀၁၇ ခုနှစ်၊ သြဂုတ်လ ၃၀ ရက်နေ့က တွေ့ရစဉ် (Photo: STR / AFP)

ရခိုင်ပြည်နယ်မှာ နှစ်ဖက်လက်နက်ကိုင်တပ်ဖွဲ့တွေအကြား ပြေလည်အောင် မညှိနှိုင်း နိုင်ရင် တိုက်ပွဲတွေ ပိုပြီးကျယ်ပြန့်လာမယ်လို့ ရခိုင် ဝါရင့် နိုင်ငံရေးသမားတစ်ဦးဖြစ်တဲ့ မြေပုံမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဟောင်း ဦးဖေသန်းက ထောက်ပြပါတယ်။

"ဒီလို တိုက်ပွဲတွေ မဖြစ်စေချင်ဘူးဆိုရင် ညှိနှိုင်းမှုရှိရမယ်။ ညှိနှိုင်းလို့ မရနိုင်ဘူး ဆိုရင်တော့ ဒီတိုက်ပွဲတွေ ကျယ်ပြန့်လာမယ်။ ပြည်သူတွေ ထိခိုက်နစ်နာမှုတွေ များလာမယ်။ ဒါကြောင့် သူတို့နှစ်ဖွဲ့ရဲ့ ဆွေးနွေးမှုက အရေးကြီးပါတယ်။ အဲဒီလို မဟုတ်ရင်တော့ တစ်နေရာမှာမဟုတ်ရင် တစ်နေရာမှာ တိုက်ပွဲတွေထပ်ပြီး ဖြစ်လာနိုင်တယ်လို့ မြင်ပါတယ်"

တိုက်ပွဲတွေ ပိုမိုကျယ်ပြန့်လာရင် ဒေသခံပြည်သူတွေ ထိခိုက်လာနိုင်တဲ့အတွက် နှစ်ဖက်ဆွေးနွေးအဖြေ ရှာကြဖို့လိုတယ်လို့လည်း ဦးဖေသန်းက ပြောပါတယ်။

ရခိုင်ပြည်နယ်မှာ စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့ဟာ ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ် ဒီဇင်ဘာကစလို့ ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာအထိ တိုက်ပွဲတွေ ပြင်းပြင်းထန်ထန် ဖြစ်ပွားခဲ့ တာပါ။ အဲဒီနောက် နှစ်ဖက်နားလည်မှုနဲ့ နှစ်နှစ်နီးပါးကြာ တိုက်ပွဲရပ်စဲနေခဲ့တာ ဖြစ်ပြီး ပြီးခဲ့တဲ့ မေလလောက်ကစလို့ စစ်ရေးတင်းမာလာခဲ့တာ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။