ဗိုလ်မှူးမျိုးမင်းထွန်း လုပ်ရပ်ကြောင့် CDM လှုပ်ရှားမှုကို ထိခိုက်နိုင်သလား

2022.10.04
ဗိုလ်မှူးမျိုးမင်းထွန်း လုပ်ရပ်ကြောင့် CDM လှုပ်ရှားမှုကို ထိခိုက်နိုင်သလား ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁၅ ရက်နေ့က ရန်ကုန်မြို့ ဆန္ဒပြပွဲတစ်ခုအတွင်း စစ်အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင်ပါဝင်ကြရန် တောင်းဆိုနေသူများကို တွေ့ရစဉ်။
Photo: AFP

ပဲခူးတိုင်း တောင်ငူခရိုင် ကျောက်ကြီးမြို့အခြေစိုက် ခမရ ၃၅၁ ရဲ့ တပ်ရင်းမှူး ဗိုလ်မှူး မျိုးမင်းထွန်းဟာ CDM လှုပ်ရှားမှုမှာ ပါဝင်လာခဲ့ပြီးနောက် ထိုင်းမြန်မာနယ်ခြားနယ်မြေတစ်ခုမှာ နေထိုင်ရာကနေ ပြီးခဲ့တဲ့ ခြောက်ရက်ခန့်က ပျောက်ဆုံးသွားခဲ့ပါတယ်။ သူဟာ စစ်ကောင်စီထံ ပြန်လည် လက်နက်ချဝင်ရောက်သွားတာ ဖြစ်တယ်ဆိုတဲ့ပြောဆိုချက်တွေနဲ့အတူ သူဟာ စစ်ကောင်စီစေလွှတ်ခဲ့တဲ့ သူလျှိုတစ်ဦးဖြစ်နိုင်တယ်ဆိုတဲ့ ဝေဖန်မှုတွေလည်း တော်လှန်ရေးအင်အားစုတွေအတွင်း ပေါ်ပေါက်နေပါတယ်။

"ပြည်သူကလည်း နှစ်ပေါင်းများစွာ သူတို့နှိပ်စက်ညှဉ်းပန်းလာတဲ့ စစ်သားဟောင်းတွေကို ကြိုဆိုဖို့အတွက် သူတို့အများကြီးကို ခွင့်လွှတ်ခဲ့တာ။ ခွင့်လွှတ်ခဲ့ရတာ။"

CDM ဆရာဝန် ဗိုလ်ကြီးမင်းမောင်မောင်က ဗိုလ်မှူး မျိုးမင်းထွန်း ဟာ စစ်ကောင်စီရဲ့ ဦးနှောက်ဆေးကြောမှုကို ခံစားနေရသူတစ်ဦး ဖြစ်တယ်လို့ ဝေဖန်ပါတယ်။

"သူက တတိယနိုင်ငံ တစ်ခုကို ထွက်ခွာဖို့အတွက် ခွင့်ပြုချက် ရရှိထားပြီးသူဖြစ်ပါတယ်။ အခုက ဘာလဲဆိုတော့ ဒီခဏကာလအတွင်းမှာ သူ့အနေနဲ့ နေရထိုင်ရတဲ့ ဒဏ်ကို ခံနိုင်မှု မရှိဘူးလို့ ကျွန်တော်တို့ သုံးသပ်ပါတယ်။ ဒါအတွက်လည်း CDM တွေကို ထိခိုက်စရာ ဘာမှ မရှိပါဘူး။ နောက်တစ်ခုကလည်း သတင်းထဲမှာ ပါသလို စကစ ကို တိုက်လို့ နိုင်မှာ မဟုတ်ပါဘူး ဘာညာဆိုပြီးတော့ သူအမြဲပြောနေတာက တကယ်တော့ သူဟာ စစ်ကောင်စီရဲ့ Brainwash မိထားတဲ့ သူတစ်ယောက်ပါ။ ဒီဘက်ကို ရောက်လာတာတောင် Brainwash မပြယ်သေးဘူးဖြစ်နေပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ သေသေချာချာ စဉ်းစားကြည့်လေ သူ CDM လုပ်လာတာက ရှေ့တန်းစစ်ဆင်ရေးကနေ တပ်ရင်းမှူးတစ်ယောက်အနေနဲ့ CDM လုပ်လာတာ။ သူတို့နိုင်အောင် တိုက်နိုင်တယ်ဆိုရင် သူ CDM လုပ်လာစရာ အကြောင်းမရှိဘူး။"

တစ်ဆက်တည်းမှာပဲ ဗိုလ်မှူး မျိုးမင်းထွန်း ရဲ့ စိတ်ဓာတ်ဟာ လက်ရှိမြေပြင်မှာ တိုက်ခိုက်နေကြတဲ့ PDF တွေ၊ မြို့ပြပြောက်ကျားတွေရဲ့ စိတ်ဓာတ်နဲ့ နှိုင်းယှဉ်ရင် မိုးနဲ့မြေလို့ ကွာခြားပါတယ်လို့လည်း ဗိုလ်ကြီး မင်းမောင်မောင် ကပြောပါတယ်။

"လက်ရှိမြေပြင်မှာ တိုက်ခိုက်နေတဲ့ PDF ရဲဘော်တွေ မြို့ပြပြောက်ကျားတွေဟာ ဘာ အကျိုးခံစားခွင့်ကိုမှ မမျှော်လင့်ဘဲနဲ့ ရှိတဲ့လက်နက်ရတဲ့ လက်နက်နဲ့ မိမိအသက်ကို ပဓာနမထားဘဲနဲ့ စစ်အာဏာရှင်ပြုတ်ကျရေးအတွက် တော်လှန်နေကြတာ။ ရှေ့မှာ ဘာအကျိုးစီးပွားမှ ရပိုင်ခွင့်ကိုမမျှော်မှန်းဘဲ တော်လှန်နေကြတာ။ သူကတပ်ရင်းမှူးတစ်ယောက်အနေနဲ့ CDM လုပ်လာပြီး ရောက်လာတယ် ဆိုပေမယ့်လည်း ဘာမှ ခက်ခက်ခဲခဲ ပင်ပင်ပန်းပန်း မရှိဘဲနဲ့ ဒီမှာ အေးအေးဆေးဆေး ငြိမ့်ငြိမ့်ညောင်းညောင်း စားရေးသောက်ရေး ကျန်းမာရေး ဒါတွေအားလုံးကို မပူပင်ဘဲ နေနေရတာပါ။ အချိန်တန် တတိယနိုင်ငံကိုပါ ထွက်ခွာသွားရမှာပါ။ သူ့ရှေ့မှာ ထွက်ခွာသွားတဲ့သူတွေ ရှိနေတယ်ဆိုတာလည်း သူသိပါတယ်။ အနှစ်ချုပ် ကျွန်တော်ပြောလိုတာကတော့ သူ့ကိစ္စနဲ့ ပတ်သက်လို့ကတော့ တခြား CDM တွေနဲ့ တော်လှန်ရေး အတွက် ဘာမှ ထိခိုက်စရာမရှိပါဘူး။ ပြည်သူ့သားကောင်းနဲ့ တခြား CDM ထောက်ပံ့ရေးအဖွဲ့တွေက တစ်ဆင့် CDM လုပ်ဖို့ ကမ်းလှမ်းနေတဲ့ သူတွေက ဒီနေ့ ဒီအချိန်ထိ များစွာ များစွာ ရှိနေတယ်ဆိုတာ ပြောကြားလိုပါတယ်။"

CDM ဗိုလ်ကြီး ထက်မြက် ကတော့ ဗိုလ်မှူး မျိုးမင်းထွန်း ရဲ့လုပ်ရပ်ကြောင့် တခြားဘဝတူတွေအပေါ် ပြည်သူလူထုရဲ့ သံသယတွေ ပိုမိုများပြားလာနိုင်တယ်လို့ ဝေဖန်ပါတယ်။

"ထွက်လာပြီးတဲ့နောက်မှာ ဘယ်လိုအခက်အခဲမျိုး ဘယ်လို အကျပ်အတည်းမျိုး ရင်ဆိုင်ရမလဲ တကယ် CDM လုပ်မယ်လို့ တွေးရင် ဒါတွေက ပြင်ဆင်ထားရမယ်။ အဲဒီလိုမျိုး ကြုံလာတဲ့ အခက်အခဲမျိုးတွေကိုတောင်မှ စိတ်ဆင်းရဲ စိတ်ဓာတ်ကျပြီးတော့ ဒီလိုမျိုး လွဲမှားတဲ့ ဆုံးဖြတ်ချက်တွေလုပ်သွားတယ် ဆိုရင်တော့ ဒါမကောင်းဘူးလို့ ပြောရမှာပေါ့။ ဒီတစ်ယောက်က ဒီလို လုပ်သွားလို့ဆိုပြီးတော့ တော်လှန်ရေးမှာ ပြန်ပါဝင်မယ်ဆိုတဲ့ CDM စစ်စစ်တွေကိုတော့ တော်တော်လေး ထိခိုက်မယ်ပေါ့။ ဘာဖြစ်လို့လဲ ဆိုတော့ အခုအချိန်မှာ ကျွန်တော်တို့အနေနဲ့ ယုံကြည်မှု အရမ်းကိုတည်ဆောက်နေရတဲ့ အချိန်ပေါ့။ ပြည်သူကလည်း ဒီလိုမျိုး ဖြစ်ရပ်ပေါ်မှာ လုံးဝနှစ်ခြိုက်မှာ မဟုတ်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူတို့အနေနဲ့ နှစ်ပေါင်းများစွာ သူတို့နှိပ်စက်ညှဉ်းပန်းလာတဲ့ စစ်သားဟောင်းတွေကို ကြိုဆိုဖို့အတွက် သူတို့အများကြီးကို ခွင့်လွှတ်ခဲ့တာ။ ခွင့်လွှတ်ခဲ့ရတာ။ ဒါပေမဲ့ ဒီကြားထဲမှာ ဒီလိုမျိုး ကိစ္စရပ်တွေ ဖြစ်လာခဲ့တာဆိုတော့ ယုံကြည်မှုက ပိုဆိုးတာပေါ့။ ဒါပေမဲ့လည်း ဘက်ကူးပြောင်းလာတဲ့အထဲမှာ တော်လှန်ရေးအတွက် ကိုယ့်နည်းကိုယ့်ဟန်နဲ့ အထောက်အကူဖြစ်အောင် ပါဝင်ပေးနေတဲ့ တော်လှန်ရေးအဖွဲ့တွေ အများကြီးရှိတယ်။ တချို့အပြောတွေကို ကျွန်တော်တို့ တွေ့နေရတယ်။ CDM ဆိုရင် ယုံလို့ကို မရဘူးဆိုတဲ့ စကားတွေမျိုး၊ ဒါပေမဲ့ အဲဒီ ယုံလို့ကို မရဘူးဆိုတဲ့ CDM တွေထဲကနေ တိုင်းပြည်အတွက် အသက်ပေးပြီး တိုက်ပွဲမှာကျသွားတဲ့ CDM တွေ အများကြီးရှိတယ်။"

ဒါ့အပြင် ဗိုလ်မှူး မျိုးမင်းထွန်း ဟာ တော်လှန်ရေးသမားမဟုတ်ပါဘူးလို့လည်း ဗိုလ်ကြီး ထက်မြက် ကပြောပါတယ်။

"တိုင်းသိပြည်သိ သူထွက်လာတဲ့ အချိန်မှာ တကယ့်ကို လုပ်ချင်တယ်ဆိုရင် နေရာကို ပေးထားပြီးသား၊ ဒါပေမဲ့ သူကိုယ်တိုင်က စိတ်မပါဘူး။ အဲဒါမျိုးကို ကျွန်တော်တို့က တော်လှန်ရေးသမားလို့ သွားပြောလို့မရဘူး။ တကယ်တော်လှန်ရေးသမားဆိုရင် သူဘာလုပ်ရမလဲဆိုပြီး မရ ရအောင်ကို လိုက်ပြီး ချိတ်ဆက်ပြီးလုပ်နေမှာပေါ့။ ဘယ်သူ့မှ မကူညီဘူးဆိုရင်တောင် သူလုပ်နိုင်သမျှ လုပ်နေမှာပေါ့။ အခုက သူ ဘာမှမလုပ်ဘူး။"

000_94J2EL.jpg
၂၀၂၁ ခုနှစ်၊ မတ်လ ၈ ရက်နေ့က ရန်ကုန်မြို့ ဆန္ဒပြပွဲတစ်ခုအတွင်း စစ်အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင်ပါဝင်ကြရန် တောင်းဆိုနေသူများကို တွေ့ရစဉ်။ (Photo: AFP)

CDM ဗိုလ်ကြီးလင်းထက်အောင် က လူတွေအားလုံး ကိုယ့်သမိုင်းကို ကိုယ်ရေးနေကြတာဖြစ်တယ်လို့ ပြောပါတယ်။

"ဒီဗိုလ်မှူး မျိုးမင်းထွန်းက ဘယ်လိုလူလဲ ဘယ်လိုပုံစံလဲဆိုတာတော့ ကျွန်တော့်အနေနဲ့ သေချာတော့ မသိဘူး။ ဒါပေမဲ့ သူဟာ ပြည်သူနဲ့ တော်လှန်ရေးအပေါ် ထပ်ပြီးတော့ သစ္စာဖောက်သွားတယ် ဆိုတာတော့ လုံးဝကို ထင်ရှားပါတယ်။ သူရဲ့အခုလိုမျိုးလုပ်ရပ်ကြောင့် ကျွန်တော်တို့ CDM တွေအပေါ် အနည်းနဲ့ အများတော့ ထိခိုက်မှုတော့ရှိလာနိုင်တယ်။ ဒါပေမယ့် လူတိုင်းက ကိုယ့်သမိုင်း ကိုယ်ရေးကြတာပါပဲ။ ကျွန်တော်အနေနဲ့ ဆိုရင်တော့ ပြည်သူဘက်ကိုရပ်တည်ပြီးတော့ အာဏာရှင်ကို တွန်းလှန်ချင်တဲ့ စိတ်ကြောင့် ဒီ CDM ဆိုတဲ့ အခြေအနေကို ရွေးချယ်ခဲ့တာဖြစ်ပါတယ်။ ဒီတော်လှန်ရေးအပေါ် သစ္စာရှိပြီးတော့ ပြည်သူနဲ့ အတူရပ်တည်ပြီးတော့ ကျွန်တော် ဒီစစ်အာဏာရှင်ပြုတ်ကျတဲ့အထိ အဆုံးထိ ဆက်သွားမယ်ဆိုပြီး ခံယူထားတယ်၊ ဆုံးလည်းဆုံးဖြတ်ထားတယ်။ ကျွန်တော်တို့ သမိုင်းကို ကျွန်တော်တို့ပဲ ရေးရမှာ။"

ဗိုလ်မှူး မျိုးမင်းထွန်းဟာ ယာယီတပ်ရင်းမှူးအဖြစ် ဒု ဗိုလ်မှူးကြီးရာထူးကို တိုးမြှင့်ခံရဖို့ ခြောက်လခန့်ပဲလိုတော့တဲ့ အချိန်မှာ CDM ပြုလုပ်လာသူဖြစ်ပါတယ်။

လွတ်မြောက်နယ်မြေမှာ စားသောက်နေထိုင်ရေး တစ်စုံတစ်ရာ ပူပန်စရာမလိုတဲ့အပြင် တတိယနိုင်ငံကိုပါ သွားရောက်အခြေချခွင့် ရရှိပြီးဖြစ်ပါလျှက် အခုလို ပြည်တွင်းကို ပြန်လည်သွားရောက်မှုအတွက် တော်လှန်ရေးအင်အားစုတွေ အတွင်း ဝေဖန်သုံးသပ်ချက်မျိုးစုံ ပေါ်ထွက်နေပါတယ်။

ဒါဟာ CDM လှုပ်ရှားမှုကို ပျက်ပြားစေလိုတဲ့ စစ်ကောင်စီ အလိုကျလုပ်ရပ်ဖြစ်တယ်လို့လည်း နိုင်ငံရေး အကဲခတ်တွေက ပြောပါတယ်။ ဗိုလ်မှူး မျိုးမင်းထွန်း နဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်က တုံ့ပြန်ပြောကြားချက် တစ်စုံတစ်ရာ မရှိသေးပါဘူး။ 

ဖတ်ရှုသူအများဆုံး သတင်းများ။
သတင်းဆောင်းပါးများ
ထိန်းချုပ်နယ်မြေတွေကို စွန့်လွှတ်မှာမဟုတ်ကြောင်း TNLA ပြော
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။