ချောင်းဦးမှာ ကာကွယ်ရေးအဖွဲ့ဝင် ခုနစ်ဦးနဲ့ ဒေသခံသုံးဦး သတ်ဖြတ်ခံရ

RFA Burmese
2023.05.07
ချောင်းဦးမှာ ကာကွယ်ရေးအဖွဲ့ဝင် ခုနစ်ဦးနဲ့ ဒေသခံသုံးဦး သတ်ဖြတ်ခံရ စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့အဝင်နေရာကို တွေ့ရစဉ်။
Citizen Journalist

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ် ကျီးကုန်းရွာကို မေလ ၅ ရက်က စစ်ကြောင်းထိုးလာတဲ့ အင်အားတစ်ရာနီးပါးပါ စစ်ကောင်စီတပ်သားတွေဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ခုနစ်ဦးနဲ့ ဒေသခံသုံးဦးကို သတ်ဖြတ်ခဲ့တယ်လို့ ဒေသခံတွေနဲ့ ကာကွယ်ရေးအဖွဲ့ဝင်တွေက RFA ကိုပြောပါတယ်။

အသတ်ခံလိုက်ရတဲ့ PDF တွေက ချောင်းဦးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(CHU PDF) က သုံးဦး၊ ခင်မွန်ရွာ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်နှစ်ဦးနဲ့ မုံရွာခရိုင်၊ အမှတ်(၅)တပ်ရင်း Aung San Force တပ်ဖွဲ့ဝင်နှစ်ဦးတို့ ဖြစ်တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဘက်က ပြောပါတယ်။

တပါယ်အင်းရွာအနီးက ဒေသခံတွေကို ဘေးလွတ်ရာ ရွှေ့ပေးနေချိန် စစ်ကြောင်းနဲ့တိုးပြီး အသက် ၃၆ နှစ်အရွယ် ရဲဘော်ဝတုတ်နဲ့ ရဲဘော်ဗိုက်ကလေးတို့ သေဆုံးခဲ့တာလို့ မုံရွာခရိုင်၊ အမှတ်(၅)တပ်ရင်း၊ Aung San Force တပ်ဖွဲ့ တာဝန်ခံက RFA ကိုပြောပါတယ်။

“ချောင်းဦးမြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်စခန်းကို အလစ်အငိုက် ဝင်ရောက်စီးနင်းတာ။ စီးနင်းပြီးတော့ တောက်လျှောက်ပဲသူတို့ (စစ်ကောင်စီ) ချောင်းဦးမြို့နယ်အနောက်ခြမ်း အမြင့်ရဲစခန်းရှိတဲ့ဘက်ကို ဦးတည်ပြီး တက်လာတယ်။ အဲလို ဦးတည်ပြီးတက်လာတဲ့လမ်းမှာ ရွာမှာရှိတဲ့ပြည်သူတွေ၊ အစကတည်းကမှ ပျူစောထီးရွာနဲ့ နီးလို့ရှောင်နေတဲ့ ပြည်သူတွေကို တစ်သုတ်ခြင်း၊ တစ်သုတ်ခြင်းကယ်ထုတ်တာပေါ့။ အဲလိုကယ်ထုတ်တဲ့အခါ လေး၊ ငါး၊ ခြောက်ခါလောက်ကယ်ထုတ်ပြီး နောက်ထပ်တစ်သုတ်၊ နှစ်သုတ်လောက်အကျန် ပြန်သွားတဲ့အချိန် လမ်းမှာပဲ ထိုးလာတဲ့စစ်ကြောင်းနဲ့ တည့်တည့်တိုးပြီးတော့ ပစ်သတ်ခံလိုက်ရတယ်”

လုံခြုံရေးအရအမည်မဖော်လိုတဲ့ မြောင်မြို့နယ်ထဲက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်ကလည်း ကျီကုန်းရွာထဲမှာ စစ်ကောင်စီတပ်ကို ခုခံဖို့ ပြင်ဆင်နေတဲ့ ချောင်းဦးပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်သုံးဦးနဲ့ ခင်မွန်ရွာကာကွယ်ရေး တပ်ဖွဲ့ဝင်နှစ်ဦး အသတ်ခံလိုက်ရတယ်လို့ RFA ကိုပြောပါတယ်။

“အင်အားတစ်ရာလောက်နဲ့ ကျီကုန်းဘက်ကို တက်လာတာ။ ပထမတော့ ရွာကကင်းသမား ငါးယောက်၊ ခြောက်ယောက်နဲ့ စပြီးတော့ပစ်ကြတာ။ အဲလိုပစ်တော့ သူတို့ (ကင်းသမား) တွေက ဆုတ်နိုင်ခဲ့တယ်။ ဆုတ်နိုင်ခဲ့တာကို ကျီကုန်းဘက်အရောက်မှာ ကင်းစောင့်တဲ့အဖွဲ့က မိုင်းသမားတွေ။ ရွာထဲက လုံခြုံရေးအဖွဲ့တွေကို ဆုတ်တော့လို့ပြောတယ်။ ဆုတ်ခိုင်းတာကို မိုင်းထောင်ဦးမယ်။ မိုင်းထောင်ပြီးမှ ဆုတ်ခဲ့မယ် မင်းတို့သွားနှင့်ဆိုပြီး ပွိုင့် (မိုင်း) ထောင်သွားတာ။ အဲမှာသူတို့ (စစ်ကောင်စီတပ်) နဲ့ပက်ပင်းတိုးပြီး အပစ်ခံလိုက်ရတာ”

ကျီကုန်ရွာမှာသတ်ဖြတ်ခံရတဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကတော့ အသက် ၂၀ ကနေ ၃၀ ကြား အမျိုးသားတွေ ဖြစ်ပြီး ရုပ်အလောင်းတချို့မှာ ခေါင်းဖြတ်ခံထားရတာ၊ နှိပ်စက်ခံထားရတာနဲ့ မျက်နာနဲ့ရင်ဘတ်တွေကို ဓားနဲ့ထိုးထားတဲ့ ဒဏ်ရာတွေပါ တွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။

PDF တွေသေဆုံးတဲ့အပေါ် ချောင်းဦး PDF တာဝန်ခံကို RFA က ဆက်သွယ်ခဲ့ပေမယ့် စစ်ရေးအခြေအနေရ ရှေ့တန်းကိုရောက်နေပြီး ဖြေဖို့အဆင်မပြေသေးတာကြောင့် မေးမြန်းခွင့် မရခဲ့ပါဘူး။

စစ်ကိုင်းတိုင်း ချောင်းဦးမြို့နယ်မှ စစ်ဘေးဒုက္ခသည်များအား ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့က တွေ့ရစဉ်။ (Photo: Citizen Journalist)
စစ်ကိုင်းတိုင်း ချောင်းဦးမြို့နယ်မှ စစ်ဘေးဒုက္ခသည်များအား ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့က တွေ့ရစဉ်။ (Photo: Citizen Journalist)

ဒါ့အပြင် ကျီကုန်းရွာကို စစ်ကြောင်းဝင်ရောက်လာချိန် ကျီကုန်းနဲ့အင်းမရွာက အရပ်သားသုံးဦးလည်း အသတ်ခံခဲ့ရတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ချောင်းဦးဒေသခံက RFA ကိုပြောပါတယ်။

“ကျီကုန်းက နှစ်ယောက်။ တစ်ယောက်က မိန်းကလေးတဲ့ နာမည်တွေကတော့ မသိဘူး ကျွန်တော်တို့။ နောက်တစ်ယောက်က အင်းမဘက်ကလို့ပြောတယ်။ သူတို့ကတော့လမ်းမှာ စစ်ဘေးရှောင်ရင်းနဲ့ တွေ့ပြီးဖမ်းတာ”

အသတ်ခံရတဲ့ ဒေသခံတွေထဲမှာ အမျိုးသမီးတစ်ဦးနဲ့ အမျိုးသားနှစ်ဦးပါဝင်ပြီး သူတို့ရဲ့အသက်အရွယ်နဲ့ နာမည်တွေကိုတော့ အသေးစိတ်မသိရသေးဘူးလို့ ဆိုပါတယ်။

ဒီသတ်ဖြတ်ခံရမှုတွေအပေါ် စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာမရှိသလို စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်း ပြောခွင့်ရသူ လူမှုရေးဝန်ကြီးဦးအေးလှိုင်ကို RFA ကဖုန်းနဲ့ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေခြင်း မရှိပါဘူး။

"ချောင်းဦးမြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်စခန်းကို အလစ်အငိုက် ဝင်ရောက် စီးနင်းတာ။"

ချောင်းဦးမြို့နယ်က ရွာတွေကို စစ်ကြောင်းဝင်ရောက်နေတာကြောင့် မေလ ၅ ရက်ကစပြီး ထိုးနီ၊ ရှမ်းထူး၊ ရွှေလှေ၊ ကျီးကုန်းနဲ့ ၀ယာအပါအဝင် ရွာကိုးရွာကဒေသခံတွေ ဘေးလွတ်ရာ ထွက်ပြေးနေရပါတယ်။

အခုလို မကြာခဏ စစ်ကြောင်းထိုးနေတာကြောင့် ထွက်ပြေးနေရပြီး အခက်အခဲမျိုးစုံနဲ့ ရင်ဆိုင်နေရတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကိုပြောပါတယ်။

“ရှောင်ရတိမ်းရတာတော့ ပြည်သူတွေ ဒုက္ခရောက်တာပေါ့ဗျာ။ တချို့ဆို ဆိုင်ကယ်ဘာညာ မရှိတော့ ခြေလျင်ပြေးရတယ်ဗျာ ကလေးသားသမီးများတော့ သူတို့ကလည်း ဆိုင်ကယ်မဝယ်နိုင်၊ ဆီဖိုးကလည်းမရှိ။ တချို့ကလည်း စားဝတ်နေရေး မပြေလည်တော့ အဲလိုပဲသွားလာနေတာ။ အခက်အခဲကတော့ အများကြီးပဲပေါ့ဗျာ။ စားဝတ်နေရေး ဘာညာကျတော့ တော်တော်လေး ဆိုးရွားတယ်ဗျ။ လုပ်ငန်းကိုင်ငန်းကလည်း မဆင်မပြေကြတော့ဘူးလေ။ ဆက်တိုက်စစ်ကြောင်းက ထိုးထိုးနေတော့”

စစ်ရေးပဋိပက္ခတွေကို မှတ်တမ်းတင်ပြုစုနေတဲ့ BNI-Myanmar Peace Monitor ကတော့ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီကနေ ဧပြီလအထိ နိုင်ငံတစ်ဝန်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၁၇၉ ဦး သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ၂၀၂၃ ခုနှစ်၊ မေလ ၅ ရက် ထုတ်ပြန်ချက်အရ စစ်တပ်အာဏာသိမ်းပြီးနောက် သတ်ဖြတ်ခံရသူ ၃၄၆၅ ဦးရှိလာပြီဖြစ်ပါတယ်။

ဖတ်ရှုသူအများဆုံး သတင်းများ။
သတင်းဆောင်းပါးများ
ထိန်းချုပ်နယ်မြေတွေကို စွန့်လွှတ်မှာမဟုတ်ကြောင်း TNLA ပြော
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။