ရခိုင်မှာ ကလေးသူငယ်တွေရဲ့ လုံခြုံရေး စိုးရိမ်စရာဖြစ်လာနေ
2020.09.14
ရခိုင်ပြည်နယ်မှာ ကလေးသူတွေ ထိခိုက်ဒဏ်ရာရတာ၊ သေဆုံးတာတွေဟာ တနေ့တခြားပိုများလာနေပြီး ကလေးသူငယ်တွေရဲ့ အခြေအနေဟာ စိုးရိမ်စရာဖြစ်လာနေတယ်လို့ ကုလသမဂ္ဂအပါအဝင် ဒေသခံတွေကပါ ထုတ်ဖော်ပြောဆိုလာကြပါတယ်။
ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် အောင်စည်ကုန်းကျေးရွာမှာ စက်တင်ဘာလ ၁၁ ရက် နေ့လယ်ပိုင်းက အသက် ၆ နှစ်အရွယ်သာရှိသေးတဲ့ ကလေးငယ်တစ်ဦး လက်နက်ကြီး အစထိမှန်ပြီး အပြင်းအထန်ဒဏ်ရာရလို့ စေတီပြင်တိုက်နယ်ဆေးရုံကနေတဆင့် စစ်တွေဆေးရုံကြီးကို အရေးပေါ်ပို့ဆောင်လိုက်ရပါတယ်။
အောင်စည်ကုန်းကျေးရွာက ဒဏ်ရာရတဲ့ ကလေးရဲ့အမေဖြစ်သူ ဒေါ်ချိုချိုက လုံခြုံမယ်လို့ယူဆတဲ့ အိမ်အောက် ဗုံးခိုကျင်းထဲမှာ ပုန်းနေရာကနေ အခုလိုထိခိုက်ဒဏ်ရာရခဲ့တာလို့ RFA ကိုပြောပါတယ်။
“တပ်မတော်ဇက်ရေယာဉ်က မြစ်ထဲကနေ တက်လာတော့ ဗုံးခိုကျင်းထဲကို ပြေးဝင်ကြပါတယ်။ အပေါ်ကနေ ပြန်ဆင်းလာတော့လည်း ကျင်းထဲမှာ ဝင်နေကြပါတယ်။ အဲဒီနောက် ဟိုးအရှေ့ကို လွန်သွားပြီ ဆိုပြီးတော့ ကျင်းထဲကနေ ပြန်ထွက်ကြပါတယ်။ ဒါပေမဲ့ အိမ်အောက်ထဲမှာပဲနေနေကြတာပါ။ အဲဒီအချိန်မှာပဲ အိမ်ရှေ့မှာ အုန်းခနဲ့ပေါက်ကွဲသံကို ကြားလိုက်ရပါတယ်။ စဉ့်အိုးတစ်လုံးလည်း ကွဲသွားတယ်။ ရေပုံးတစ်ခုလည်း ကွဲသွားတယ်။ အိမ်ရှေ့ခြံတံခါးတွေလည်း ပျက်စီးသွားတယ်။ လက်နက်ကြီးအစ အိမ်အောက်ကိုလည်း လာစင်ပါတယ်”
လက်နက်ကြီးအစက ဘယ်ဘက်ပခုံးထဲဖောက်ဝင်ပြီး အရိုးကိုအထိ ထိခိုက်သွားတယ်လို့ မိခင်ဖြစ်သူ ဒေါ်ချိုချိုက ပြောပါတယ်။
မေယုမြစ်ထဲမှာ ကင်းလှည့်နေတဲ့ တပ်မတော်ရေယာဉ်တွေကို ရက္ခိုင့်တပ်တော် AA က မကြာခဏဆိုသလို ကုန်းပေါ်ကနေ တိုက်ခိုက်လေ့ရှိပြီး တပ်မတော်ရေယာဉ်တွေကလည်း ကုန်းပေါ်ကို ရှင်းလင်းရေးလုပ်တဲ့အနေနဲ့ လက်နက်ကြီးတွေနဲ့ ပစ်ခတ်လေ့ရှိတယ်လို့ ဒေသခံတွေကပြောပါတယ်။
ဒေသခံတွေအနေနဲ့ တပ်မတော်ရေယာဉ်တွေ မြစ်ထဲကနေလာပြီဆိုရင် ကလေးသူငယ်တွေပါမကျန် ဗုံးခိုကျင်း ထဲကို ဝင်ရောက်ပုန်းခိုကြရလေ့ရှိတယ်လို့လည်းဆိုပါတယ်။
ကလေးသူငယ်တွေနဲ့ ပတ်သက်လို့ စိတ်ဓာတ်မြှင့်တင်ရေး အစီအစဉ်တွေ လုပ်လေ့ရှိတဲ့ စစ်တွေမြို့အခြေစိုက် ရခိုင်လူငယ်မျိုးဆက်ကွန်ရက်က တာဝန်ခံ မဦးခင်သိန်းက ကလေးသူငယ်တွေဟာ စိတ်ပိုင်းဆိုင်ရာအရရော၊ ရုပ်ပိုင်းဆိုင်ရာအရပါ လုံခြုံမှုကင်းမဲ့နေကြတယ်လို့ ပြောပါတယ်။
“စိတ်ပိုင်းဆိုင်ရာအရ သူတို့မှာလုံခြုံမှုမရှိဘူး။ ရုပ်ပိုင်းဆိုင်ရာအရလည်း သူတို့အနေနဲ့လုံခြုံမှုမရှိဘူး။ အဲလို ဟာတွေကို ဒုက္ခသည်စခန်းတွေမှာ အများကြီးတွေ့ရတယ်။ ဒုက္ခသည်စခန်းတွေထဲမှာတင်လားဆိုတော့ မဟုတ်ပြန်ဘူး။ တိုက်ပွဲတွေဖြစ်နေတဲ့ မြို့နယ်ကရွာတွေမှာလည်း ကလေးတွေက ပိုပြီးတော့ ရုပ်ပိုင်း ဆိုင်ရာတွေ ထိခိုက်တယ်။ စိတ်ပိုင်းဆိုင်ရာကလည်း လက်နက်ကြီးတွေကျတဲ့အပေါ်မှာ သူတို့မှာ အမြဲတမ်း ကြောက်ရွံ့ စိုးရိမ်မှုတွေရှိနေတဲ့ကလေးတွေ တစ်နေ့ထက်တစ်နေ့ ပိုများလာတာကိုတွေ့ရတယ်”
ရခိုင်မြောက်ပိုင်းမှာ ကလေးသူငယ်တွေဟာ လူ့အဖွဲ့အစည်းတစ်ခုလုံးနဲ့အတူ လုံခြုံမှုကင်းမဲ့နေတာလို့ ကျောက်တော်မြို့နယ်က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဦးထွန်းဝင်းက ထောက်ပြပါတယ်။
“စစ်ဖြစ်နေတဲ့ ကျွန်တော်တို့ဒေသတွေမှာက လူ့အဖွဲ့အစည်းကြီးတစ်ခုလုံးကိုက လုံခြုံမှုတွေကင်းမဲ့နေတဲ့ အခြေအနေမျိုးတွေ ရှိနေပြီပေါ့။ အိမ်မှာနေရင်း ထမင်းစားနေရင်း လက်နက်ကြီးတွေကျတယ် သေတယ်၊ အဲဒါတွေကို ကြောက်ပြီးတော့ ပြေးရင်းလွှားရင်းနဲ့ လမ်းမှာ ကျည်ထိပြီး လက်နက်ကြီးတွေကျပြီး သေတယ်၊ အိပ်နေရင်းတန်းလန်းနဲ့ လက်နက်ကြီးတွေကျလာပြီးတော့သေတယ်။ ဆိုတော့ ဘယ်နေရာမှာမှ မလုံခြုံတဲ့ အခြေအနေမျိုးတွေ ကျွန်တော်တို့လူ့အဖွဲ့အစည်းတစ်ခုလုံးမှာ ကြုံနေရတယ်။ လူ့အဖွဲ့အစည်းတစ်ခုလုံး မလုံခြုံဘူးဆိုမှတော့ ကလေးတွေရဲ့ လုံခြုံမှုကလည်း ကင်းမဲ့နေတော့တာပေါ့”
ကလေးသူငယ်တွေဟာ လက်နက်ကျည်တွေကြောင့် ထိခိုက်ဒဏ်ရာရကြတာ၊ သေဆုံးတာတွေရှိသလို အေအေ အဖွဲ့နဲ့ ပတ်သက်တယ်ဆိုတဲ့ သံသယကြောင့် ကလေးအချို့ဟာ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနဲ့ အရေးယူ ခံထားရပါတယ်။
ဒီအမှုတွေကို လိုက်ပါဆောင်ရွက်ပေးနေတဲ့ သဇင်ဥပဒေရေးရာကုစားရေးအဖွဲ့က ဒါရိုက်တာဖြစ်သူ တရားလွှတ် တော်ရှေ့နေ ဦးမျိုးမြတ်ဟိန်း(ခေါ်)ဦးငြိမ်းချမ်းက အခုလို အေအေနဲ့ ပတ်သက်လို့ သံသယနဲ့အမှုရင်ဆိုင်နေရတဲ့ ကလေးတွေဟာ ဥပဒေပါ အခွင့်အရေးကို အပြည့်အဝမရကြဘူးလို့ ပြောပါတယ်။
“ကလေးသူငယ်တွေကို တရားစွဲတဲ့အခါမှာ များသောအားဖြင့် အကြမ်းဖက်မှုနဲ့တရားစွဲတယ်။ အေအေနဲ့ ဆက်စပ်တယ်ဆိုပြီး ဖမ်းဆီးတဲ့ကိစ္စတွေမှာလည်း ကလေးသူငယ်ဥပဒေပါ အခွင့်အရေးကို အပြည့်အဝ မရဘူးလို့ ကျွန်တော်တို့ပြောလို့ရတယ်ပေါ့။ ဘာဖြစ်လို့လဲဆိုတော့ ဖမ်းဆီးခံရတဲ့အခါမှာ ကလေးသူငယ်ဆိုရင် ချက်ချင်း တွေ့ခွင့်ရတယ်ဆိုပြီးတော့ ၂၀၁၉ ကလေးသူငယ်များအခွင့်အရေးဆိုင်ရာဥပဒေမှာ အတိအလင်း ပြဌာန်းထားတယ်။ ဒါပေမယ့် အဲဒါမျိုးတွေကို ကျွန်တော်တို့ မရတာတွေရှိတယ်။ တွေ့ခွင့်မရတာတွေရှိတယ်။ တရားရုံးရောက်တော့မှပဲ တွေ့ခွင့်ရတာတွေရှိတယ်”
အေအေအဖွဲ့နဲ့ ပတ်သက်တယ်လို့သံသယနဲ့ဖမ်းဆီးခံရတဲ့ကလေးအချို့ဟာ အာဏာပိုင်တွေရဲ့ ညှဉ်းပန်းနှိပ်စက် စစ်ဆေးခံရတာတွေ ရှိနေတယ်လို့ မိသားစုတွေက ပြောကြတယ်လို့လည်း သူကဆိုပါတယ်။
အေအေအဖွဲ့နဲ့ပတ်သက်လို့ သံသယနဲ့ဖမ်းဆီးခံရတာတွေရှိသလို အခြားတဘက်မှာလည်း ဖမ်းဆီးခံရအပြီး ပျောက်ဆုံးနေတဲ့ ကလေးသူငယ်တွေလည်းရှိတယ်လို့ ဒေသခံတွေကပြောကြပါတယ်။
မေလလယ်ပိုင်းက ဘူးသီးတောင်မြို့နယ်၊ သရက်ပြင်ရွာမှာ မြေမြှုပ်မိုင်းပေါက်ကွဲမှုကြောင့် ရိုဟင်ဂျာကလေးတွေ ထိခိုက်ခဲ့ပါတယ်။ အဲဒီဖြစ်စဉ်မှာ ၁၅ နှစ် နဲ့ ၁ဝ နှစ်အရွယ် ကလေး နှစ်ယောက် သေဆုံးပြီး ၁ဝ နှစ်အရွယ် ကလေးတယောက် ဒဏ်ရာရခဲ့ပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလ ၈ ရက်နေ့က မြေပုံမြို့နယ် ညောင်ခက်ကန်ကျေးရွာထဲကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခံရလို့ ဒေသခံလေးဦး သေဆုံးပြီး ရှစ်ဦး ဒဏ်ရာရခဲ့ပါတယ်။ သေဆုံးသွားတဲ့ထဲမှာ ငါးနှစ်အရွယ် ကလေး နှစ်ဦး ပါဝင်ခဲ့ပါတယ်။
ကလေးတွေသေဆုံးခဲ့ရတဲ့ ဒီဖြစ်စဉ်အပေါ် ကုလသမဂ္ဂကလေးများရံပုံငွေအဖွဲ့ UNICEF နဲ့ Save The Children အဖွဲ့တို့က မိသားစုနဲ့အတူ ဝမ်းနည်းကြေကွဲကြောင်း စက်တင်ဘာ ၁၀ ရက်နေ့က အသီးသီးကြေငြာချက်ထုတ်ပြန်ပြောဆိုခဲ့ပါတယ်။
မြန်မာနိုင်ငံအနေနဲ့ ကလေးသူငယ်တွေအပေါ် ကျူးလွန်နေတဲ့ဖြစ်ရပ်တွေကို ထိရောက်တဲ့စုံစမ်းစစ်ဆေးမှုတွေ လုပ်ဖို့တိုက်တွန်းပြီး ဒီလိုသာမလုပ်ဘူးဆိုရင် ကလေးသူငယ်တွေရဲ့ အသက်ပေါင်းများစွာ ဆုံးရှုံးရဖွယ်ရှိနေတယ် လို့လည်း Save The Children အဖွဲ့က ပြောပါတယ်။
စစ်ရေးပဋိပက္ခအတွင်း အရွယ်မရောက်သေးသူတွေ သေဆုံးမှု၊ UNICEF, Save the Children အဖွဲ့တို့ရဲ့ ထုတ်ပြန်မှုတို့နဲ့ ပတ်သက်ပြီး မှတ်ချက်ပေးဖို့ နိုင်ငံတော်သမ္မတရုံး၊ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့တို့ကို ဒီကနေ့ ဆက်သွယ်ခဲ့ပေမယ့် အဆက်အသွယ် မရခဲ့ပါဘူး။
RFA က လက်လှမ်းမီသလောက် စုဆောင်းရရှိထားတဲ့ အချက်အလက်တွေအရ ရခိုင်မြောက်ပိုင်းနဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်တွေမှာ ပြီးခဲ့တဲ့ ၂၀၁၈ ဒီဇင်ဘာလကနေ စက်တင်ဘာ ၁၁ ရက်နေ့အထိ အသက် ၁၈ နှစ်အောက် မွေးကင်းစအရွယ်တွေအထိ လက်နက်ကျည်တွေကြောင့် သေဆုံးတဲ့ ကလေးသူငယ် ၄၂ ဦးရှိပြီး ထိခိုက်ဒဏ်ရာရ သူပေါင်းက ၁၃၄ ဦးအထိ ရှိနေပါတယ်။
ပြီးခဲ့တဲ့ ၂၀၁၉ ဒီဇင်ဘာလကုန်အထိ ကလေးသူငယ် ဒဏ်ရာရသူ ၂၅ ဦး၊ သေဆုံးသူ ၁၂ ဦးသာရှိခဲ့ပေမယ့် အခုနှစ် ဇန်နဝါရီလကနေ စက်တင်ဘာ ၁၁ နေ့အထိ အချိန် ၉ လာကျော်ကာလမှာတော့ ဒဏ်ရာရသူ ၁၀၉ ဦးနဲ့ သေဆုံးသူ ၃၀ ဦးအထိ ရှိနေပါတယ်။