ရိုဟင်ဂျာဒုက္ခသည်တွေ ရခိုင်ပြည်နယ်ကို သွားလေ့လာဖို့ မျှော်လင့်နေ
2019.09.17

ရိုဟင်ဂျာဒုက္ခသည် ကိုယ်စားလှယ်အဖွဲ့ကို ရခိုင်ပြည်နယ် အခြေအနေတွေ သွားရောက်လေ့လာမယ့် အစီအစဉ် တစ်ခု တရုတ်နိုင်ငံက ကမ်းလှမ်းထားပြီး ဒီကမ်းလှမ်းချက်ကို ရိုဟင်ဂျာ ခေါင်းဆောင်ပိုင်းရော၊ ဘင်္ဂလားဒေ့ရ်ှအစိုးရပိုင်းကပါ လိုလားနေကြတယ်လို့ သိရပါတယ်။
ဘင်္ဂလားဒေ့ရ်ှနိုင်ငံဆိုင်ရာ တရုတ်သံအမတ်သစ် Li Jiming က တနင်္လာနေ့မှာ ကော့ဘဇားခရိုင်ထဲက ရိုဟင်ဂျာ ဒုက္ခသည်တွေကို သွားရောက်တွေ့ဆုံအပြီးမှာ ရိုဟင်ဂျာအဖွဲ့ဖွဲ့ပြီး ရခိုင်ဒေသအခြေအနေကို သွားရောက် လေ့လာဖို့ အဆိုပြုခဲ့တာပါ။
တရုတ်သံအမတ်ရဲ့ အဆိုပြုချက်ဟာ ဘင်္ဂလားဒေ့ရှ်ဒုက္ခသည်စခန်းတွေကို ချက်ခြင်း သက်ရောက်မှုရှိခဲ့ပါတယ်။
မနေ့က ဘင်္ဂလားဒေ့ရှ်စံတော်ချိန် နေ့လယ် ၂ နာရီလောက်မှာပဲ ကော့ဘဇားခရိုင်အတွင်းက ဒုက္ခသည်စခန်း အသီးသီးမှာ ဘင်္ဂလားဒေ့ရှ်အစိုးရတာဝန်ပေးထားတဲ့ စခန်းတာဝန်ခံတွေက ရိုဟင်ဂျာခေါင်းဆောင်တွေနဲ့ စခန်းအတွင်းနေထိုင်သူတွေကို ခေါ်တွေ့တာတွေရှိခဲ့ပါတယ်။
စခန်းအမှတ်(၂၀) ဘာလူဟာလီ ဒုက္ခသည်စခန်းက မိုဟာမတ်ဂျူဟာရ်က စခန်းတာဝန်ခံက ရခိုင်ပြည်နယ်ကို သွားရောက်လေ့လာဖို့ ပြောတာရှိပြီး သူ့တို့က လက်မခံခဲ့ဘူးလို့ RFA ကိုပြောပါတယ်။
“ရိုဟင်ဂျာကိုယ်စားလှယ်ကော၊ သတင်းထောက်ကော အကုန်လုံးပါမယ်။ ပြန်မယ့်ကိစ္စတွေကို သဘောတူ ဆွေးနွေးမယ်လို့ ပြောခဲ့တယ်။ ကျနော်မသွားဘူး အဲလိုပြောခဲ့ပါတယ်”
စခန်းတာဝန်ခံဆိုတာဟာ မြန်မာနိုင်ငံမှာဆို ရပ်ကွက်၊ မြို့နယ် အုပ်ချုပ်ရေးမှူး အဆင့်ပုံစံမျိုးဖြစ်တယ်လို့ သူက ပြောပါတယ်။ စခန်းတာဝန်ခံက မြန်မာနိုင်ငံကို ပြန်ဖို့ သွားသင့်ကြောင်းနဲ့ အရင်ကလို အခြေအနေမျိုး မဟုတ်တော့ကြောင်း၊ မြန်မာပြည်တွင်းမှာ ကျန်နေတဲ့ ရိုဟင်ဂျာတွေနဲ့ တွေ့ဆုံမေးမြန်းဖို့လိုကြောင်းပြောတယ်လို့ မိုဟာမတ်ဂျူဟာရ်က ပြောပါတယ်။
ရိုဟင်ဂျာတွေဘက်က မြန်မာပြည်တွင်းက ရိုဟင်ဂျာတွေကို လွတ်လပ်စွာ သွားလာခွင့်ပေးပြီးမှသူတို့ မြန်မာပြည် တွင်း သွားရောက်လေ့လာသင့်တယ်လို့ မြင်ကြောင်း တုံ့ပြန်ခဲ့တယ်လို့ ပြောပါတယ်။
သူခေါင်းဆောင်ပြီး ရိုဟင်ဂျာ ၅၀ လောက်နဲ့ ဘင်္ဂလားဒေ့ရှ်စခန်းတာဝန်ခံနဲ့ တွေ့ခဲ့တာလို့ မိုဟာမတ်ဂျူဟာရ်က ပြောပါတယ်။ တခြားစခန်းအသီးသီးမှာလည်း အဲ့ဒီလိုတွေ့ဆုံမှုတွေရှိတယ်လို့ သတင်းကြားရကြောင်းနဲ့ လက်ရှိမှာ ဖုန်းလိုင်းအဆက်အသွယ်တွေ ခက်နေတာကြောင့် သတင်းအပြည့်အဝမရဘူးလို့ သူက ပြောပါတယ်။
RFA ကလည်း ကုတုပါလောင်နဲ့ သင်္ခါလီ ဒုက္ခသည်စခန်းတွေကို ဆက်သွယ်ခဲ့ပေမယ့် အဆက်အသွယ် မရခဲ့တာပါ။
မြန်မာပြည်ပြန် သံအမတ်က တရုတ်နိုင်ငံကိုယ်စားလှယ်အဖွဲ့ကို ခေါင်းဆောင်ပြီး သွားရောက်ခဲ့တာဖြစ်တယ်လို့ ဒုက္ခသည်ကူညီရေးနဲ့ နေရပ်ပြန်ရေးဆိုင်ရာ အရာရှိတဦးဖြစ်တဲ့ Shamsu Douza Nayan (ရှမ်ဆူ ဒူးဇ နာရမ်) Benar news ကို ပြောထားပါတယ်။
"တရုတ်သံအမတ်ခေါင်းဆောင်တဲ့အဖွဲ့က ရိုဟင်ဂျာတွေကို ကိုယ်စားလှယ်အဖွဲ့ တဖွဲ့ ဖွဲ့ပေးမယ်၊ ပြီးတော့ ဒေသအခြေအနေကို လေ့လာဖို့ ရခိုင်ပြည်နယ်ကိုပို့မယ်၊ ရိုဟင်ဂျာ ခေါင်းဆောင်တွေကတော့ အဲဒီအဆိုပြုချက်ကို လက်ခံကြတယ်"
ရခိုင်ပြည်နယ်ကနေ ဘင်္ဂလားဒေ့ရ်ှနိုင်ငံကို ထွက်ပြေးတိမ်းရှောင်ခဲ့ကြရတဲ့ ဒုက္ခသည်တွေထဲက လူဦးရေ ၃,၄၅၀ ကျော် နေရပ်ပြန်ရေး မြန်မာ ဘင်္ဂလားဒေ့ရ်ှ သဘောတူ ကြိုးပမ်းချက် မအောင်မမြင်ဖြစ်သွားပြီး တလနီးပါးအကြာမှာ ဒီကမ်းလှမ်းချက် ပေါ်ထွက်လာတာပါ။
ဘင်္ဂလားဒေ့ရ်ှနိုင်ငံကို ထွက်ပြေးတိမ်းရှောင်ခဲ့ကြတဲ့ ဒုက္ခသည်တွေကို ပြန်လည်လက်ခံဖို့ မြန်မာအစိုးရက ၂၀၁၈ ခုနှစ် ဇန်နဝါနဲ့ နိုဝင်ဘာလတွေမှာ နှစ်ကြိမ်တိုင် ကြိုးစားခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီနှစ်ကြိမ်စလုံးမှာ ပြန်ဝင်ရောက်လာ တာမရှိခဲ့ပါဘူး။ သြဂုတ်လ ၂၂ ရက်နေ့က တတိယအကြိမ် ကြိုးပမ်းခဲ့ကြတာ ဖြစ်ပါတယ်။
ဒီဒုက္ခသည်တွေ နေရပ်ပြန်ရေးအစီအစဉ်နဲ့ ပတ်သက်ပြီး လူ့အခွင့်အရေးအဖွဲ့တွေက ကန့်ကွက်နေတာရှိပါတယ်။
ဒုက္ခသည်တွေ နေရပ်ပြန်တဲ့အခါမှာ သူတို့သဘောဆန္ဒနဲ့အညီ လုံခြုံစိတ်ချရပြီး ဂုဏ်သိက္ခာနဲ့ ပြန်ခွင့်မရမခြင်း နှစ်ဖက်အစိုးရတို့ရဲ့ ဒုက္ခသည်လွှဲပြောင်းပေးရေး အစီအစဉ်ကို ရပ်ဆိုင်းထားသင့်တယ်လို့ HRW လူ့အခွင့် အရေးစောင့်ကြည့်အဖွဲ့က မနေ့က ပြောထားပါတယ်။ ဒါ့အပြင် Fortify Rights အဖွဲ့ကလည်း နေရပ်ပြန်ရေး အစီအစဉ်ကို ရပ်ဆိုင်းထားသင့်တယ်လို့ ကြေညာချက်ထုတ်ထားပါတယ်။
ဒီကမ်းလှမ်းချက်အပေါ် မြန်မာအစိုးရက လက်ခံနိုင်မလားဆိုတာ သိနိုင်ဖို့ RFA က နိုင်ငံခြားရေးဝန်ကြီးဌာနက အမြဲတမ်းအတွင်းဝန်၊ ဒုအမြဲတမ်းအတွင်းဝန်၊ ညွန်ကြားရေးမှူးချုပ်တို့ကို ဖုန်းနဲ့အကြိမ်ကြိမ် ဆက်သွယ်ခဲ့ပေမယ့် အဆက်အသွယ်မရခဲ့ပါဘူး။
တရုတ်သံရုံးဘက်ကလည်း ဖုန်းလက်ခံဖြေကြားတာမရှိပါဘူး။
ရခိုင်ပြည်နယ် လူသားချင်းစာနာမှု အကူအညီပေးရေး၊ ပြန်လည်နေရာချထားရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ UEHRD ရဲ့ ဒုတိယဥက္ကဋ္ဌလည်းဖြစ် ပြည်ထောင်စုဝန်ကြီးတစ်ဦးလည်းဖြစ်သူ ဒေါက်တာဝင်းမြတ်အေးကို ဆက်သွယ်မေးမြန်း ရာမှာတော့
“ကျနော်တို့က ပြန်လည်လက်ခံတော့မှဆောင်ရွက်ရတာ၊ အဲဒါတွေကျတော့ နိုင်ငံတော်အတိုင်ပင်ခံရုံးတို့ နိုင်ငံတော်သမ္မတရုံးတို့ မေးမှရမယ်။ အဲဒါတွေ ဆုံးဖြတ်ချက်ချတဲ့အထဲမှာ ကျနော်တို့မပါဘူး။ ပြန်လည် လက်ခံရေးကိုပဲ ညှိနှိုင်းဆောင်ရွက်တယ်။ နိုင်ငံတကာအဖွဲ့အစည်းတွေက ဒီမှာဝင်မယ်ဆိုတာတွေကို ကျနော် တို့က မဆုံးဖြတ်ရဘူး။ ကျနော်တို့ကို မေးရင်တော့ ဘာမှအဖြေမထွက်ဘူး။ ကျနော်တို့ မဆုံးဖြတ်ရလို့ပါ။”
မနေ့က ကုလသမဂ္ဂအချက်အလက်ရှာဖွေရေးမစ်ရှင်အဖွဲ့က ထုတ်ပြန်တဲ့ ကြေညာချက်မှာ မြန်မာပြည်တွင်းမှာ ရိုဟင်ဂျာ ၆ သိန်းကျော် ရှိနေပြီး သူတို့ဟာ ဖိနှိပ်ညှင်းပမ်းမှုခံနေရကြောင်းနဲ့ ၇ သိန်းလေးသောင်း ကျော်ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ရောက်ရှိနေကြောင်း ပြောထားပါတယ်ရှင်။