ချည့်နဲ့နေတဲ့စစ်ကောင်စီအတွက် တရုတ်အကူအညီ မထိရောက်နိုင်
2024.12.11

စစ်ကောင်စီဟာ သံတမန်ရေးအရရော လက်နက်နည်းပညာတွေအရပါ တရုတ်နိုင်ငံရဲ့ မကြုံစဖူး ပံ့ပိုးကူညီမှုတွေရလာပေမဲ့ စီးပွားရေးနဲ့ ဘဏ္ဍာရေး အကျပ်အတည်း အမျိုးမျိုးတွေ ရင်ဆိုင်နေရတဲ့အတွက် ရလဒ်ကောင်းထွက်အောင် မလုပ်နိုင်ဘဲရှိနေတယ်လို့ ဆောင်းပါးရှင် ဇက်ခါရီ အဘူဇာက သုံးသပ်ပြပါတယ်။
လက်ရှိ နိုင်ငံ့ဧရိယာရဲ့ ၄၀ ရာခိုင်နှုန်းကိုပဲ ထိန်းချုပ်နိုင်တော့တဲ့ မြန်မာစစ်တပ်ဟာ လာမဲ့နှစ်မှာ ကျင်းပဖို့ကတိပေးထားတဲ့ ရွေးကောက်ပွဲမတိုင်ခင် ဆုံးရှုံးသွားတဲ့ နယ်မြေတွေကို ပြန်ရအောင်အသည်းအသန် ကြိုးစားနေပေမဲ့ မအောင်မြင်ဘဲ ဖြစ်နေပါတယ်လို့ ဆောင်းပါးရှင်က ဆိုပါတယ်။
ကချင်ပြည်နယ်မှာဆိုရင် ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ကနေ ကန်ပိုက်တီမြို့ကို သိမ်းပိုက်လိုက်တဲ့နောက် တရုတ်-မြန်မာ နယ်စပ်ဂိတ်အားလုံးကို ထိန်းချုပ်လိုက်တဲ့အပြင် မြေရှားသတ္တုတွင်းတွေရှိတဲ့ ပန်ဝါ-ချီဖွေ ဒေသကိုလည်း သိမ်းယူလိုက်နိုင်ပါတယ်။
ရခိုင်ပြည်နယ်မှာလည်း အာရက္ခတပ်တော် (AA) ဟာ တောင်ကုတ်မြို့ကို သိမ်းပိုက်လိုက်ပြီး တရုတ်ရဲ့ ရေနက်ဆိပ်ကမ်းစီမံကိန်းတည်ရှိတဲ့ ကျောက်ဖြူမြို့ကို သွားလာတဲ့ တောင်ပိုင်းဆက်သွယ်ရေးလမ်းကြောင်းကို ဖြတ်တောက်လိုက်ပါတယ်။ အဲဒီအပြင် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တည်ရှိပြီး တရုတ်ရဲ့သဘာဝဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်းအတွက်လည်း အရေးကြီးတဲ့ အမ်းမြို့ကိုလည်း သိမ်းယူလိုက်ပါတယ်။ ဒါကြောင့် ရခိုင်ပြည်နယ်မှာရှိတဲ့ ၁၇ မြို့နယ်မှာ ၁၁ မြို့နယ်ကို AA ထိန်းချုပ်ထားပါတယ်။
အရင်က AA နဲ့ အချင်းများတက်တဲ့ ချင်းကာကွယ်ရေးအဖွဲ့တွေဟာလည်း အခု AA နဲ့ မကြုံစဖူး ပူးပေါင်းဆောင်ရွက်နေတာတွေ့ရပြီး မကွေးတိုင်းထဲကနေ အမ်းစစ်ဌာနချုပ်ကို စစ်ကူဖို့လာတဲ့ စစ်ကောင်စီရဲ့စစ်ကြောင်းတွေကို ကြားဖြတ်တိုက်ခိုက်ပြီး ချေမှုန်းနေပါတယ်။
ရှမ်းမြောက်ဒေသမှာတော့ တရုတ်အစိုးရဟာ ကိုးကန့် (MNDAA) နဲ့ တအာင်း (TNLA) အဖွဲ့တွေကို ဖိအားပေးတာတွေ အလုပ်ဖြစ်နေတာ တွေ့ရပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာ ၄ ရက်မှာ MNDAA ဟာ တရုတ်ရဲ့ တိုက်တွန်းမှုကြောင့် စစ်တပ်နဲ့ အပစ်ရပ်ကြောင်း ကြေညာခဲ့ပြီး TNLA ကလည်း အလားတူ စစ်ကောင်စီနဲ့ ငြိမ်းချမ်းရေး ဆွေးနွေမဲ့အကြောင်း ပြောထားပါတယ်။
ဒါပေမဲ့လည်း စစ်ကောင်စီကတော့ ရှမ်းမြောက်ဒေသမှာ ထိုးစစ်ဆင်တိုက်ခိုက်မှုတွေ အောင်ပွဲရတာသိပ်မတွေ့ရဘဲ အရပ်သားပြည်သူတွေကို လေကြောင်းကနေ တိုက်ခိုက်မှုတွေပဲ တိုးလုပ်နေပါတယ်။
မြန်မာနိုင်ငံရဲ့ စီးပွားရေးဟာ စစ်တပ်က အာဏာသိမ်းလိုက်ပြီးနောက်ပိုင်း ၁၂ ရာခိုင်နှုန်း လျော့သွားပေမဲ့ စစ်ရေးအသုံးစရိတ်ကတော့ ၂၀၂၃ ခုနှစ်မှာ ၂၂၂ ရာခိုင်နှုန်းတိုးလာပြီး ၂၀၂၃ ခုနှစ်ကဆိုရင် အမေရိကန်ဒေါ်လာ ၂.၇ ဘီလျံအထိရှိခဲ့ပါတယ်။
အာဏာသိမ်းထားတဲ့ ကာလအတွင်းမှာ ကျန်းမာရေး၊ ပညာရေးနဲ့ အခြား လူမှုဖူလုံရေးကဏ္ဍတွေအတွက် အသုံးစရိတ်တွေ လျှော့ချခဲ့တဲ့အပြင်၊ လုံခြုံရေး အသုံးစရိတ်ကို အခြားကဏ္ဍတွေအားလုံးထက် ဦးစားပေးပြီး သုံးစွဲဖို့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ညွှန်ကြားထားတဲ့အကြောင်း စစ်ကောင်စီ ဒုတိယခေါင်းဆောင် ဒုဗိုလ်ချုပ်မှူးကြီးစိုးဝင်းက မကြာခင်က အစည်းအဝေးတစ်ခုမှာ ပြောသွားပါတယ်။
လက်ရှိ မြန်မာနိုင်ငံအတွက် လျှပ်စစ်ဓာတ်အား လိုအပ်ချက် ၅၄၀ မဂ္ဂါဝပ် ရှိနေပေမဲ့ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု ၂၅ ရာခိုင်နှုန်းအထိ ကျဆင်းပြီး ၃၀၀ မဂ္ဂါဝပ်လောက်ပဲ ထုတ်လုပ်နိုင်ပါတော့တယ်။ ဓာတ်အားပေးစက်ရုံ အများစုကလည်း စစ်တပ်ထိန်းချုပ်နယ်မြေပြင်ပရောက်နေပြီး မလည်ပတ်နိုင်ဘဲ ရှိနေပါတယ်။
နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုလည်း ကျဆင်းနေတယ်လို့ ဆောင်းပါးရှင်က ထောက်ပြပါတယ်။ ၂၀၂၂-၂၃ ဘဏ္ဍာနှစ်မှာ အမေရိကန် ဒေါ်လာ ၁ ဒသမ ၆၄ ဘီလျံနဲ့ ၂၀၂၃-၂၄ ဘဏ္ဍာနှစ်မှာ ဒေါ်လာ ၆၆၁ သန်း ဝင်ရောက်ခဲ့ရာက အခု ၂၀၂၄-၂၅ ဘဏ္ဍာနှစ်မှာတော့ ပထမ ၇ လအတွင်းမှာ ဒေါ်လာ ၂၂၆ သန်းပဲ ရှိတယ်လို့ စစ်ကောင်စီရဲ့ တရားဝင်စာရင်းတွေက ဖော်ပြပါတယ်။
ဆက်နွှယ်သောသတင်းများ
တရုတ်ကြေးစားတပ်တွေ မြန်မာပြည်တွင်း တိုက်ပွဲတွေမှာ ပါလာမှာလား
ယိမ်းယိုင်နေတဲ့ စစ်ကောင်စီကို ထောက်ပံ့လို့ အကျိုးထိခိုက်လာသော တရုတ်အစိုးရ
စစ်ကောင်စီကို ဘဏ္ဍာရေးအရ ဝင်ကယ်ဖို့ တရုတ်ကမ်းလှမ်း
ဒီလို နိုင်ငံစီးပွားရေးကျဆင်းပြီး နိုင်ငံခြားငွေကုန်ခမ်းနေတဲ့အချိန်မှာ စစ်ရေးအသုံးစရိတ်ကို တိုးသုံးဖို့ ဘယ်ကရမလဲဆိုတာ စဉ်းစားစရာပါပဲလို့ ဆောင်းပါးရှင်က ဆိုပါတယ်။
ဒါကြောင့်လည်း စစ်ကောင်စီဟာ နိုင်ငံခြားငွေရှာဖို့ နည်းလမ်းအသစ်တွေ ရှာဖွေနေတာလည်း တွေ့ရပါတယ်။ စစ်ကောင်စီ စွမ်းအင်ဝန်ကြီး ဦးကိုကိုလွင်ဟာ တရုတ်နိုင်ငံပိုင် စွမ်းအင်လုပ်ငန်း CNPC ဥက္ကဋ္ဌနဲ့ ပေကျင်းမြို့မှာ တွေ့ဆုံခဲ့စဉ်က တရုတ်နိုင်ငံကို ရေနံနဲ့ သဘာဝဓာတ်ငွေ့တွေ တိုးမြှင့်ရောင်းချဖို့ ဆွေးနွေးခဲ့ပါတယ်။
စစ်ခေါင်းဆောင်ဟာ မကြာခင်ကသွားရောက်ခဲ့တဲ့ နေပြည်တော် ကျောက်မျက်ရတနာပြတိုက်ကတော့ စစ်တပ်အတွက် နောက်ဆုံးလက်ကျန် ဝင်ငွေရင်းမြစ်တစ်ခုကတော့ ကျောက်စိမ်းနဲ့ ကျောက်မျက်ရတနာ ရောင်းချမှုကရတဲ့ ဝင်ငွေကို ညွှန်ပြနေပါတယ်။
စစ်တပ်က အာဏာသိမ်းပြီး နှစ်တိုင်းလိုလိုမှာ ကျောက်စိမ်းရောင်းချမှု တိုးလာနေပါတယ်။ ၂၀၂၁ ခုနှစ်မှာ ကျောက်စိမ်းတန်ချိန် ၁၉၅၅ တန် ရောင်းချခဲ့ရာက ၂၀၂၃ မှာ တန်ချိန် ၄၀၂၅ တန်အထိ တိုးလာပါတယ်။
ဒါ့အပြင် လူအင်အား လျော့ပါးလာတဲ့ စစ်ကောင်စီဟာ ပြည်ပရောက် မြန်မာနိုင်ငံသားတွေကို ပြန်လာပြီး စစ်မှုထမ်းခိုင်းဖို့ ကြိုးစားနေပါတယ်။ ထိုင်းနိုင်ငံမှာ ရောက်နေတဲ့ တရားဝင်နေထိုင်သူ နှစ်သန်းလောက်နဲ့ တရားမဝင်နေထိုင်သူ မြန်မာနိုင်ငံနိုင်ငံသား သုံးသန်းလောက်ကို ပြန်ခိုင်းဖို့ ထိုင်းအစိုးရကို တွန်းအားပေးနေပါတယ်။
ပြည်ပကနေ ပြန်မလာတဲ့သူတွေဟာလည်း စစ်ကောင်စီက တိုးမြှင့်ကောက်ခံတဲ့ အခွန်အခတွေပေးဆောင်ရပြီး အိမ်ပြန်ပို့ငွေတွေကို စျေးနှိမ်ထားတဲ့ ငွေလဲနှုန်းနဲ့ မဖြစ်မနေ ပြန်ပို့နေရပါတယ်။
စစ်ကောင်စီဟာ ရတဲ့နည်းလမ်းနဲ့ ဝင်ငွေရှာဖို့ ကြိုးစားနေတဲ့အပြင် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေကို စီးပွားရေးနဲ့ တိုက်ခိုက်ဖို့လည်း ကြိုးစားနေပါတယ်။ မိုးကုတ်နဲ့ လားရှိုးလို လက်လွှတ်ဆုံးရှုံးလိုက်ရတဲ့ မြို့တွေမှာ ပြန်မသိမ်းယူနိုင်သေးခင်မှာ စီးပွားရေးလုပ်လို့ မရအောင် ဗုံးကြဲတိုက်ခိုက်နေပါတယ်။
တရုတ်ဘက်က နယ်စပ်ဂိတ်တွေ ပိတ်လိုက်ပြီး အင်တာနက်နဲ့ လျှပ်စစ်ဓာတ်အားပေးနေတာတွေ ရပ်လိုက်တဲ့အတွက်လည်း နယ်စပ်ဒေသက တိုင်းရင်းသားအဖွဲ့တွေ ထိန်းချုပ်နယ်မြေတွေထဲမှာ နေထိုင်တဲ့ ပြည်သူတွေဟာ ဆင်းရဲကျပ်တည်းမှုတွေ ကြုံလာရပါတယ်။
အခုဆိုရင် စစ်ကောင်စီဟာ တိုင်းရင်းသားအဖွဲ့တွေ ထိန်းချုပ်ထားတဲ့ နယ်မြေတွေထဲကို လောင်စာဆီ ရောင်းချလို့မရအောင် ပိတ်ဆို့ထားပါတယ်။ ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကချင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းနဲ့ မန္တလေးတိုင်းက မြို့နယ်အချို့မှာ လောင်စာဆီ ဖြန့်ဖြူးရောင်းချမှု ပိတ်ပင်ထားပါတယ်။
မြန်မာစစ်တပ်ဟာ အဘက်ဘက်က အင်အားချည့်နဲ့နေပြီဖြစ်ပေမဲ့ တရုတ်ရဲ့ အားပေးထောက်ခံမှုလိုမျိုး တိုင်းရင်းသားအဖွဲ့တွေအပေါ် အားသာချက်အချို့ရှိနေဆဲ ဖြစ်ပါတယ်။ ဒါပေမဲ့ စစ်တပ်တွင်း အကျင့်ပျက်ချစားမှုတွေ၊ စိတ်ဓာတ်ကျဆင်းမှုတွေကြောင့် ပျက်စီးနေတဲ့ မြန်မာစစ်တပ်အတွက် ဒီအားသာချက်တွေက လုံလောက်နိုင်ပါ့မလားလို့ ဆောင်းပါးရှင် ဇက်ခါရီ အဘူဇာက မေးခွန်းထုတ်ထားတဲ့အကြောင်း တင်ပြလိုက်ရပါတယ်။
(မှတ်ချက်။ ဇက်ခါရီ အဘူဇာသည် Zachary Abuza သည် ဝါရှင်တန်ဒီစီမြို့တော်ရှိ အမျိုးသားစစ်တက္ကသိုလ်မှ ပါမောက္ခတစ်ဦးဖြစ်ပြီး Georgetown University ၏ တွဲဖက်ပါမောက္ခလည်း ဖြစ်သည်။ ဤဆောင်းပါးတွင် ဖော်ပြထားသော အမြင်များသည် ၎င်း၏ကိုယ်ပိုင်အမြင်များဖြစ်ပြီး အမေရိကန်ကာကွယ်ရေးဌာန၊ အမျိုးသားစစ်တက္ကသိုယ်၊ Georgetown တက္ကသိုလ် သို့မဟုတ် Radio Free Asia တို့၏ ရပ်တည်ချက်ကို မထင်ဟပ်ပါ။)