မြန်မာမှာ တရုတ်အွန်လိုင်းငွေလိမ်ဂိုဏ်းတွေကြီးထွားနေဆဲ

RFA Burmese
2023.10.11
မြန်မာမှာ တရုတ်အွန်လိုင်းငွေလိမ်ဂိုဏ်းတွေကြီးထွားနေဆဲ မြန်မာနိုင်ငံမြောက်ပိုင်းရှိ အွန်လိုင်းငွေလိမ်မှုများတွင် ပါဝင်သည်ဟု သံသယရှိသူများအား ၂၀၂၃ ခုနှစ် စက်တင်ဘာ ၃ ရက်နေ့က မြန်မာ-တရုတ်ပူးပေါင်းအဖွဲ့မှ ဖမ်းဆီးခဲ့စဉ်။
Weibo

ရှမ်းပြည်နယ်မြောက်ပိုင်း ‘ဝ’ နဲ့ ကိုးကန့်ဒေသက အွန်လိုင်းငွေလိမ်ဂိုဏ်းနဲ့ ဆက်စပ်တဲ့ တရုတ်နိုင်ငံသား ၂၃၀၀ ကျော်ကို ဖမ်းဆီးပြန်ပို့ခဲ့ပေမယ့် တရုတ်နယ်စပ်အနီးက မူဆယ်မြို့နဲ့ ထိုင်း-မြန်မာ နယ်စပ်အနီးက တာချီလိတ်မြို့မှာ ငွေလိမ်ဂိုဏ်းတွေ ကြီးထွားနေဆဲလို့ ဒေသခံတွေက ပြောပါတယ်။

‘ဝ’ နဲ့ ကိုးကန့်ဒေသမှာလည်း ငွေလိမ်ဂိုဏ်းတွေ ဆက်ရှိနေပြီး UWSA ‘ဝ’ တပ်ဖွဲ့ထိန်းချုပ်ရာ ဝိန်းကောင်မြို့ ငွေလိမ်ဂိုဏ်းတစ်ခုမှာ အလုပ်လုပ်နေတဲ့ အသက် ၂၃ နှစ်အရွယ် မောင်ဇော်သန်းဟာ ရိုက်နှက်ခိုင်းစေခံရတာကြောင့် အောက်တိုဘာလ ၆ ရက်နေ့က သေဆုံးသွားတယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။

သူဟာ ရှမ်းပြည်နယ်မြောက်ပိုင်း တန့်ယန်းမြို့က ဖြစ်ပါတယ်။ အခုနှစ် စက်တင်ဘာလထဲမှာ ‘ဝ’ ဒေသ မိုင်းပေါက်မြို့က ကာစီနိုဂိမ်းဆိုင်တစ်ခုမှာ ဂိမ်းကစားလို့ အကြွေးတင်ရာကနေ တရုတ်နိုင်ငံသားတစ်ဦးက သူ့ကို ဝိန်းကောင်မြို့ ငွေလိမ်ဂိုဏ်းတစ်ခုမှာ ရောင်းစားခဲ့တာပါ။

မိသားစုက သတင်းကြားလို့ အောက်တိုဘာ ၄ ရက်နေ့မှာ ဝိန်းကောင်မြို့ကိုလိုက်သွားပေမယ့် ၆ ရက်နေ့မှတွေ့ခွင့်ရပြီး ခန္ဓာကိုယ်တစ်ခုလုံး ရိုက်နှက်ခံထားရတဲ့ ဒဏ်ရာတွေနဲ့ အသက်တောင်မရှုနိုင်ဘဲ နာရီပိုင်းအတွင်း သေဆုံးသွားတာလို့ မိသားစုဝင်တွေက ပြောပါတယ်။

ရောင်းစားခဲ့သူ၊ သေဆုံးတဲ့အထိ ရိုက်နှက်ခဲ့သူအားလုံးကို သိချင်၊ တွေ့ချင်တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မောင်ဇော်သန်းရဲ့ မိသားစုဝင်တစ်ဦးက RFA ကို ပြောပါတယ်။

“ကလေးက ကာစီနိုကုမ္ပဏီကနေ ကျားဖျန့် (ငွေလိမ်ဂိုဏ်း) မှာ ရောင်းစားခံရတာ။ ကျားဖျန့်ကုမ္ပဏီမှာ အရိုက်ခံရတာ။ ကျွန်တော်တို့က ရောင်းတဲ့သူ ဝယ်တဲ့သူကိုလည်း သိချင်တယ်။ မသေမချင်း ရိုက်သတ်တဲ့အဖွဲ့ကိုလည်း တွေ့ချင်တယ်။ ဒါတွေကို ‘ဝ’ ပြည်နယ်အစိုးရအဖွဲ့က ဘာတွေလုပ်ပေးမလဲဆိုတာကိုလည်း တောင်းဆိုထားတယ်ပေါ့နော့်။ ကျွန်တော်တို့ကလေးရဲ့ ခန္ဓာကိုယ်ကိုတော့ ဆေးစစ်ချက်ယူဖို့အတွက်ကို တောင်းဆိုထားတယ်။ အရမ်းနစ်နာတယ်ဗျာ။ ကျွန်တော်တို့ နိုင်ငံသားတွေ။ ဒီကလေးဆို အသက် ၂၃ နှစ်ပဲရှိသေးတယ်။ အင်္ဂလိပ်စာနဲ့ ကျောင်းပြီးထားတယ်။ ကွန်ပျူတာဆိုရင် တန့်ယန်းတစ်မြို့လုံးမှာ သင်ကြားစရာကျောင်း မရှိလောက်အောင်တော်တဲ့ကလေးမျိုး”

မောင်ဇော်သန်းရဲ့ ရုပ်အလောင်းကို ဆေးစစ်ချက်ယူဖို့ လောလောဆယ် ဝိန်းကောင်ဆေးရုံမှာ ပို့ထားတယ်လို့ သူကပြောပါတယ်။

အွန်လိုင်းငွေလိမ်ဂိုဏ်းတွင် ရောင်းစားခံရပြီး ရိုက်နှက်ခံရသည့်ဒဏ်ရာများဖြင့် သေဆုံးခဲ့ရသည့် မောင်ဇော်သန်းကို ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၆ ရက်နေ့က တွေ့ရစဉ်။ (Photo: Citizen Journalist)
အွန်လိုင်းငွေလိမ်ဂိုဏ်းတွင် ရောင်းစားခံရပြီး ရိုက်နှက်ခံရသည့်ဒဏ်ရာများဖြင့် သေဆုံးခဲ့ရသည့် မောင်ဇော်သန်းကို ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၆ ရက်နေ့က တွေ့ရစဉ်။ (Photo: Citizen Journalist)

လူကိုမြင်တွေ့ခွင့်ရဖို့ ‘ဝ’ တပ်ဖွဲ့ အာဏာပိုင်တွေကတစ်ဆင့် ခက်ခက်ခဲခဲ တောင်းဆိုခဲ့ရပြီး အခုချိန်ထိ မောင်ဇော်သန်း မသေဆုံးခင်က ဘယ်မှာအလုပ်လုပ်ခဲ့သလဲ၊ ဘယ်သူတွေက ရိုက်နှက်ခဲ့သလဲဆိုတာ ဘာတစ်ခုမှမသိရသေးဘူးလို့ ဆိုပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး လားရှိုးအခြေစိုက် ‘ဝ’ တပ်ဖွဲ့ ဆက်ဆံရေးရုံး တာဝန်ခံ ဦးညီရမ်းကို RFA က ဆက်သွယ်မေးမြန်းရာမှာ ဗဟိုဌာနချုပ်ကို မေးမြန်းပြီးမှသာ ပြန်ဖြေနိုင်မယ်လို့ပြောပါတယ်။

မောင်ဇော်သန်းကို တရုတ်နိုင်ငံသားတစ်ဦးက ရောင်းစားခဲ့တယ်ဆိုတဲ့ကိစ္စ၊ အွန်လိုင်းငွေလိမ်ဂိုဏ်းတွေကို တရုတ်နိုင်ငံသားတွေ ဦးစီးလုပ်ကိုင်နေတယ်ဆိုတဲ့ ပြောဆိုချက်တွေနဲ့ပတ်သက်ပြီး ရန်ကုန်ရှိ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးကို RFA က အီးမေးလ်ပို့ မေးမြန်းခဲ့ပေမယ့် အကြောင်းမပြန်ပါဘူး။

“တချို့ကျတော့ အဲထဲမှာ ချက်ကျွေးတာလည်း ရှိတယ်လေနော့်။ လူမရှာနိုင်ရင်တော့ ရိုက်တယ်။ ရိုက်တာတွေ တွေ့ခဲ့ရတယ်”

မကြာသေးခင်ကမှ တရားမဝင် နေထိုင်တဲ့ တရုတ်နိုင်ငံသား ၃၇၇ ဦးကို ဖမ်းဆီးပြန်ပို့ခဲ့တဲ့ ကိုးကန့်ဒေသ လောက်ကိုင်မြို့မှာလည်း အွန်လိုင်းငွေလိမ်ဂိုဏ်းတွေ ကြီးထွားနေဆဲလို့ ဒီလုပ်ငန်းတွေမှာ ကိုယ်တိုင်လုပ်ခဲ့ဖူးသူတွေက ပြောပါတယ်။

မောင်ဇော်သန်း သေဆုံးခဲ့ရတဲ့ ‘ဝ’ ဒေသက အခြေအနေကို သူ မသိပေမယ့် လောက်ကိုင်မြို့က ငွေလိမ်ဂိုဏ်းတွေမှာတော့ ဝန်ထမ်းတွေကို ထောင်ပုံစံချုပ်နှောင်ထားပြီး ရိုက်နှက်ခိုင်းစေလေ့ရှိတယ်လို့ လောက်ကိုင်မြို့ ငွေလိမ်ဂိုဏ်းတစ်ခုမှာ အလုပ်လုပ်ခဲ့ဖူးတဲ့ ကိုအောင်နိုင်က ပြောပါတယ်။

“သူက ထောင်ပုံစံ အုတ်တံတိုင်း နှစ်ဆင့်လောက် ခတ်လိုက်တာလေ။ ပြီးတော့ အပေါ်မှာ သံဆူးကြိုးတွေ အမြင့်ကြီးတွေနဲ့၊ ပြီးရင် ပြည်သူ့စစ်တွေကို ကင်းတဲအမြင့်ကြီးတွေထားပြီး အဲဒီကနေ ကြည့်ခိုင်းထားတာ။ CCTV တွေ ချိန်ထားတော့ အဲဒီကနေ ထွက်လို့မရတော့ဘူး။ သူတို့ကို ထမင်းကျွေးမယ်၊ ထမင်းလာပို့ပေးတာရှိတယ်။ တချို့ကျတော့ အဲထဲမှာ ချက်ကျွေးတာလည်း ရှိတယ်လေနော့်။ လူမရှာနိုင်ရင်တော့ ရိုက်တယ်။ ရိုက်တာတွေ တွေ့ခဲ့ရတယ်။ တစ်ချို့ကျတော့ ပွဲစားတွေနဲ့လုပ်တာ ခြောက်လစာ ကြိုထုတ်သွားတာတို့ အဲလိုမျိုး ထားခဲ့ခံရပြီး ရောင်းစားခံရတာရှိတယ်”

ကွန်ပျူတာနဲ့ အင်္ဂလိပ်စာ ကျွမ်းကျင်ရင် တစ်လကို အနည်းဆုံး တရုတ်ယွမ် သုံးထောင်ကနေ လေးထောင်ကြား မြန်မာငွေ ၁၂ သိန်းကနေ ၁၅ သိန်းကြားရရှိမယ်လို့ မက်လုံးပေးတာကြောင့် မြန်မာနိုင်ငံတစ်ဝန်းက ဘွဲ့ရ အလုပ်လက်မဲ့ လူငယ်တွေဟာ ဒီအလုပ်ကို တချို့က ကိုယ်တိုင်ရွေးချယ်ခဲ့ကြသလို တချို့ကတော့ လိမ်လည်ရောင်းစားခံရတာလို့လည်း သူကဆိုပါတယ်။

ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ဆွေကတော့ ကိုးကန့်ဒေသက အွန်လိုင်းငွေလိမ်ဂိုဏ်းတွေကိုနှိမ်နင်းနေပြီး ဖမ်းမိတဲ့နိုင်ငံခြားသားတွေကို နေရပ်ပြန်ပို့မယ်လို့ ပြီးခဲ့တဲ့ စက်တင်ဘာလ ၈ ရက်နေ့က ဌာနဆိုင်ရာအစည်းဝေးမှာ ပြောခဲ့ပါတယ်။ အောက်တိုဘာ ၉ ရက် အစည်းအဝေးမှာလည်း ဒီကိစ္စကို ထပ်ပြောခဲ့ပါတယ်။

စက်တင်ဘာ ၂၅ နဲ့ ၂၆ ရက်နေ့တွေမှာလည်း လောက်ကိုင်ဒေသမှာ တရားမဝင် နေထိုင်တဲ့ တရုတ်နိုင်ငံသား ၃၇၇ ဦးကို ဖမ်းဆီးပြီး အောက်တိုဘာ ၇ ရက်နေ့မှာ နယ်စပ်ကတစ်ဆင့် တရုတ်အာဏာပိုင်တွေလက်ထဲ လွှဲပြောင်းပေးခဲ့ပါတယ်။

တရုတ်-မြန်မာနယ်စပ် မူဆယ်မြို့မှာလည်း အွန်လိုင်းငွေလိမ်ဂိုဏ်း ၃၀၀ ခန့်ရှိနေပြီး အများစုကို တရုတ်နိုင်ငံသားတွေက ဦးဆောင်နေတယ်၊ ဝန်ထမ်း တစ်သောင်းနီးပါးလောက် အလုပ်လုပ်နေတယ်လို့ မူဆယ်မြို့ခံတွေကပြောပါတယ်။

“တရုတ်လိုရရင် တရုတ်စာတတ်ရင် တရုတ်လို လိမ်တာပေါ့ဗျာ။ တစ်ကမ္ဘာလုံးကိုလိမ်တာပေါ့”

မူဆယ်မြို့က အွန်လိုင်းငွေလိမ်လုပ်ငန်းတွေနဲ့ပတ်သက်ပြီး မူဆယ်ခရိုင် အုပ်ချုပ်ရေးတာဝန်ရှိသူကို RFA က ဖုန်းဆက်မေးမြန်းရာမှာ အဲဒီကိစ္စတွေကို တိတိကျကျ မသိဘူးလို့ ပြောပါတယ်။

တရုတ်နယ်စပ်မှာ သာမက ထိုင်း-မြန်မာနယ်စပ် တာချီလိတ်မြို့မှာလည်း တရုတ်နိုင်ငံသားတွေ ဦးစီးတဲ့ အွန်လိုင်းငွေလိမ်ဂိုဏ်း အများအပြားရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

တာချီလိတ်မြို့ ဟုန်ပန်းကွင်းက ခုနစ်ထပ်ရှိတဲ့ အဆောက်အအုံတစ်ခုမှာဆိုရင် ဝန်ထမ်း ၅၀ လောက်က ဘာသာစကား သုံးခုနဲ့ အွန်လိုင်းကနေ ငွေလိမ်နေတယ်လို့ ကိုယ်တိုင် အလုပ်လုပ်ခဲ့သူတစ်ဦးက RFA ကို ပြောပါတယ်။

“ဒီကောင်တွေ လိမ်တဲ့ကောင်တွေချည်းပဲ။ မြန်မာစာတို့ အင်္ဂလိပ်စာတို့ တရုတ်စာတို့ပေါ့ဗျာ။ တတ်တဲ့သူတွေ ခေါ်ကြတယ်။ တရုတ်လိုရရင် တရုတ်စာတတ်ရင် တရုတ်လို လိမ်တာပေါ့ဗျာ။ တစ်ကမ္ဘာလုံးကိုလိမ်တာပေါ့။ ဖုန်းတွေဆိုလည်း ခြင်းလေးတွေနဲ့လေ သူ့နံပါတ်လေးတွေနဲ့ ခြင်းလေးတွေမှာ နံပါတ်စဉ်လေးတွေနဲ့ပေါ့ဗျာ။ ဒါဘယ်သူ့ဖုန်း ဒါဘယ်သူ့ဖုန်းဆိုပြီး အဲလိုမျိုးပေါ့။ ကွန်ပျူတာတစ်လုံး စားပွဲခုံတစ်လုံးနဲ့ ဖုန်းတွေက ၁၀ လုံး ၁၅ လုံးလောက်ရှိမယ် စီရီနေတာ”

ဒီအခြေအနေအတွင်းမှာပဲ တရုတ်အစိုးရကတော့ သူ့နိုင်ငံသားတွေကို ပစ်မှတ်ထားကျူးလွန်နေတဲ့ အွန်လိုင်းလိမ်လည်မှုတွေကို ထိန်းချုပ်ဖို့ဆိုပြီး တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ် ထိန်ချုန်းမြို့မှာ အထူးဇုန်တစ်ခု ဖွင့်လှစ်ထားကြောင်း တရုတ်နိုင်ငံအခြစိုက် သတင်းမီဒီယာတွေက စက်တင်ဘာလကုန်ပိုင်းမှာ ဖော်ပြလာပါတယ်။

ကိုးကန့်ဒေသမှ တရုတ်နိုင်ငံသား ၃၃၇ ဦးအား ၂ဝ၂၃ ခုနှစ် အောက်တိုဘာလ ၇ ရက်နေ့က တရုတ်ဘက်သို့ လွှဲပြောင်းပေးခဲ့စဉ်။ (ဓာတ်ပုံ- ကိုးကန့်ဒေသသတင်းလွှာ)
ကိုးကန့်ဒေသမှ တရုတ်နိုင်ငံသား ၃၃၇ ဦးအား ၂ဝ၂၃ ခုနှစ် အောက်တိုဘာလ ၇ ရက်နေ့က တရုတ်ဘက်သို့ လွှဲပြောင်းပေးခဲ့စဉ်။ (ဓာတ်ပုံ- ကိုးကန့်ဒေသသတင်းလွှာ)

အောက်တိုဘာ ၁ ရက်နေ့ကစပြီး ဒီနှစ်ကုန်တဲ့အထိ အဲဒီဇုန်ထဲ ဝင်ရောက်လာတဲ့ လူတစ်ဦးချင်းစီနဲ့ ယာဉ်တွေရဲ့ ဆိုက်ရောက်မှတ်တမ်းတွေကို စစ်ဆေးမယ်၊ ခွင့်ပြုချက်မရှိဘဲ ဝင်ရောက်လာသူတွေကို တရုတ်ရဲတပ်ဖွဲ့က ဖမ်းဆီးမယ်လို့ ဆိုပါတယ်။

ဒီလိုဆောင်ရွက်တာဟာ ပြည်တွင်းကနေ လူခိုးဝင်ခိုးထုတ်တာအပြင် တရုတ်-မြန်မာ နယ်စပ်တစ်လျှောက်က အင်တာနက်လိမ်လည်မှုတွေကို ကန့်သတ်ဖို့ဖြစ်တယ်လို့ တရုတ်အခြေစိုက် သတင်းစာတွေက ဖော်ပြပါတယ်။

လက်ရှိမှာ တရုတ်အာဏာပိုင်တွေဘက်က ဒီကိစ္စတွေကို တင်းတင်းကြပ်ကြပ် စစ်ဆေးနေတာကြောင့် မြန်မာရွှေ့ ပြောင်းလုပ်သားတွေ ကြားညှပ်ပြီး အဖမ်းမခံရအောင် သတိထားသင့်တယ်လို့ တရုတ်နိုင်ငံ ကျယ်ဂေါင်မြို့မှာနေထိုင်တဲ့ မြန်မာအလုပ်သမားအရေး ကူညီပေးနေသူ ကိုကြီးမောင်က ပြောပါတယ်။

“ကျယ်ဂေါင်ထဲမှာ မြန်မာလူမျိုးတွေ ပတ်စ်ပို့စ်နဲ့ဝယ်တဲ့ တရုတ်ဆင်းကတ်ကို တရုတ်တွေက ပြန်ဝယ်တယ်။ တရုတ်ငွေ ၄၀၀၊ ၅၀၀ ပေးပြီး ပြန်ဝယ်တာ။ ပြန်ဝယ်ပြီး သူက ကျားဖျန့်မှာ အကောင့်ဖွင့်ပြီးတော့ ငွေလိမ်တဲ့ အကောင့်တွေ ပြန်လုပ်တဲ့အခါကျတော့ အဲဒီဟာတွေကို တရုတ်ရဲက ပြန်စီစစ်လိုက်တဲ့အချိန်မှာ ဒီပတ်စ်ပို့ နံပါတ်နဲ့ ဒီစာအုပ်နဲ့လူတွေကို Black List ထဲထည့်ပြီးတော့ ဒီစာအုပ်နဲ့ဝင်လာတာနဲ့ ချက်ချင်း စာအုပ်သိမ်းပစ်လိုက်တယ်၊ ပြီးရင်ပြန်လွှတ်တယ်။ ထိန်ချုန်းနေရာမှာ သူတို့ မိန်းချမယ်ဆိုရင် စစ်ဆေးလို့ ဘာမှမတွေ့ရင် ဘာမှမဖြစ်ဘူးပေါ့။ ခုန ကျွန်တော်ပြောသလို ဒီကတ်တွေဝယ်ပြီး ရောင်းခဲ့မိတာတို့ လက်ဆင့်ကမ်းတွေ ပေးခဲ့မိတာတွေရှိရင် ကိုယ့်နိုင်ငံသားတွေ အချောင် အဖမ်းခံရမှာ”

မြန်မာနိုင်ငံက အွန်လိုင်းငွေလိမ်လုပ်ငန်းတွေကို ထိထိရောက်ရောက် နှိမ်နှင်းဖို့ ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ အဖွဲ့အစည်းတွေက ဖိအားပေး တောင်းဆိုနေပါတယ်။

ရှမ်းမြောက်ဒေသက အွန်လိုင်းငွေလိမ်လုပ်ငန်းနဲ့ ဆက်စပ်သူ နှစ်ထောင်ကျော်ကို ဒေသအာဏာပိုင်တွေနဲ့ တရုတ်အစိုးရ ပူးပေါင်းဖမ်းဆီးခဲ့ပေမယ့် နောက်ထပ် နှိမ်နင်းရမယ့် လုပ်ငန်းအများအပြား ရှိနေသေးတယ်လို့ ဒေသခံတွေနဲ့ ကိုယ်တိုင်အလုပ်လုပ်ခဲ့သူတွေက ပြောပါတယ်။

ဒီအခြေအနေတွေနဲ့ပတ်သက်ပြီး ရန်ကုန်ရှိ တရုတ်သံရုံးကို RFA က အကြိမ်ကြိမ် အီးမေးလ်ပို့ မေးမြန်းခဲ့ပေမယ့် တစ်ကြိမ်မှအကြောင်းမပြန်ပါဘူး။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။