စစ်မှုထမ်းဖို့ ဆင့်ခေါ်မှုကို အမျိုးသမီးတွေ ဘယ်လိုရင်ဆိုင်မလဲ
2024.07.04

စစ်ကောင်စီဟာ စစ်မှုထမ်းဥပဒေအရ စစ်မှုထမ်းဖို့ အသက်အရွယ်သတ်မှတ်ချက်အတွင်း အကျုံးဝင်တဲ့ အမျိုးသမီးတွေကို အပတ်စဉ် (၅) အတွက် ဆင့်ခေါ်မယ်လို့ ထုတ်ပြန်အပြီး ဧရာဝတီတိုင်းနဲ့ တနင်္သာရီတိုင်းထဲက မြို့နယ်တချို့မှာ အမျိုးသမီးတွေစစ်မှုထမ်းဖို့ လူစာရင်းတွေ စတင်ကောက်ခံလာပါတယ်။ အနှေးနဲ့အမြန်ရောက်လာတော့မယ့် စစ်သင်တန်းတွေအတွက် အမျိုးသမီးငယ်တွေနဲ့ မိခင်တွေ ပူပန်နေကြရပါတယ်။
“ကလေးတွေရဲ့ အနာဂတ်တွေမဲ့အောင်၊ အနာဂတ်တွေမရေရာအောင် လုပ်နေတဲ့အပေါ် စိုးရိမ်မှုကတော့ ပြောတောင်မပြောပြတတ်တော့ပါဘူး။ တအားကိုမှ စိတ်ပူပြီး မအိပ်နိုင်၊ မစားနိုင်တောင်ဖြစ်ရပါတယ်။ ဘာလုပ်ရမှန်းမသိဖြစ်နေတာ အားလုံးလိုလိုပါပဲ”
ဧရာဝတီတိုင်း မအူပင်မြို့နယ်က မိခင်တစ်ဦးရဲ့ သောကဖြစ်ပါတယ်။
စစ်ကောင်စီက ၂၀၂၄ ခုနှစ်ဖေဖော်ဝါရီလထဲမှာ အတည်ပြုလိုက်တဲ့ စစ်မှုထမ်းဥပဒေအရ စစ်မှုထမ်းဖို့ အသက် အရွယ်သတ်မှတ်ချက်အတွင်း အကျုံးဝင်တဲ့ အမျိုးသမီးတွေကို အပတ်စဉ် (၅) မှာ စခေါ်မယ်လို့ ထုတ်ပြန်ထားပါတယ်။
“အာဏာရှင်ကို မကြိုက်လို့ကို တော်လှန်နေတာဆိုတော့ သူပြဋ္ဌာန်းတဲ့ ဘယ်လိုဥပဒေပဲဖြစ်ဖြစ် ကိုယ်က ဆန့်ကျင်ကန့်ကွက်သွားမှာဆိုတော့ စစ်မှုထမ်းဖို့ ဆင့်ခေါ်လာရင်လည်း အဆုံးထိ ကန့်ကွက်ငြင်းဆန်သွားမှာဖြစ်တယ်”
ဒါပေမဲ့ ဧရာဝတီတိုင်းထဲက မအူပင်၊ ဟင်္သာတနဲ့ ပုသိမ်မြို့နယ်တွေ၊ တနင်္သာရီတိုင်းထဲက မြိတ်နဲ့ ထားဝယ် မြို့နယ်တွေမှာ အမျိုးသမီးတွေကို စစ်မှုထမ်းစာရင်းကောက်ယူဖို့ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်တွေက အပတ်စဥ် (၃) စတင်မယ့် ဒီ ဇွန်လဆန်းထဲက ပြင်ဆင်နေတဲ့အကြောင်း သတင်းတွေမှာ တွေ့လာရပါတယ်။
ဒါကြောင့် အဲဒီမြို့နယ်တွေက မိခင်တွေ အချင်းချင်းကြား အပူတွေဝေမျှပြီး ခေါင်းချင်းဆိုင် တိုင်ပင်နေကြရတဲ့အချိန် ဖြစ်ပါတယ်။
“ကျွန်မနဲ့ ဘဝတူအမေတွေကတော့ ဒီလိုဖြစ်တယ်ဆိုတဲ့လွန်ခဲ့တဲ့ သုံးလကျော်ကျော်ထဲက တော်တော်များများက နိုင်ငံခြားတိုင်းပြည်တွေ ရောက်ကုန်ပါပြီ။ ဒီမှာ မရှိတော့ပါဘူး။ ပိုက်ဆံမရှိလို့ကျန်ခဲ့တဲ့ သူတွေကျတော့ အခု ဘာလုပ်ရမှန်းကိုမသိဘူး။ အိမ်ထောင်ပဲ ပြုရမလား၊ ဘယ်လိုမှန်းကို မသိတဲ့အခြေအနေပါရှင့်။ ကျွန်မသမီးလေးတွေကတော့ နိုင်ငံခြားတိုင်းပြည်မထွက်နိုင်ရင်တောင် စစ်ကိုင်းဘက်သွားကြမယ် ပြောတယ်။ စစ်ကိုင်းကိုတော့ သူတို့က အဓိကထားပြောကြတယ်ရှင့်။ သူတို့ သူငယ်ချင်းတွေ တိုင်ပင်ဆွေးနွေးတာပေါ့နော်”
အဲဒီမိခင် ပြောသလိုပဲ ဧရာဝတီနဲ့ တနင်္သာရီတိုင်းထဲမှာ အမျိုးသမီးတွေစစ်မှုထမ်းဖို့စာရင်းစကောက်နေပြီလို့ သတင်းတွေမှာပါပြီးနောက်ပိုင်း ပြည်သူ့ကာကွယ်ရေးတပ်တွေ စိုးမိုးထားတဲ့ စစ်ကိုင်းတိုင်းထဲက နယ်မြေတချို့ကို ရောက်လာတဲ့ အမျိုးသမီးငယ် အတော်များများရှိတယ်လို့ မုံရွာတက္ကသိုလ်ကျောင်းသားသမဂ္ဂအဖွဲ့ဝင် မချောစုဟန်က ပြောပါတယ်။
“ဒီဘက်မှာတော့ အမျိုးသမီးတွေကို ဆင့်ခေါ်တဲ့စာတော့ ရောက်မလာသေးဘူး။ ဒါပေမဲ့ အမျိုးသမီးတွေကို စစ်မှုထမ်းဖို့အတွက် ခေါ်ယူတော့မယ်လို့ စာတွေထွက်လာပြီးနောက်ပိုင်းမှာတော့ အမျိုးသမီးငယ်တွေ တော်တော်များများပေါ့နော်၊ NUG ဘက်က နယ်မြေစိုးမိုးမှုရထားတဲ့ ကျေးလက်တွေဘက်ကို ရှောင်ပြေးလာတာတွေ ရှိတယ်။ တချို့ဆို နိုင်ငံခြားတွေထွက်ကြတယ်။ PDF တွေမှာလိုတဲ့ အမျိုးသမီးဆေးတပ်ဖွဲ့တွေထဲကို ဝင်လာတဲ့သူတွေလည်း ရှိတယ်။ စစ်ကောင်စီကို လုံးဝလက်မခံတော့လို့ စစ်မှုထမ်းဖို့ကိုဆန့်ကျင်နေကြတဲ့ အမျိုးသမီးငယ်တွေကို မြင်ရတယ်။ ကိုယ်ကိုယ်တိုင်က စစ်မှုထမ်းရမယ့်အသက်အရွယ်ထဲမှာပါတာ ဖြစ်တဲ့အတွက် လုံးဝ စစ်မှုမထမ်းဖို့ကိုပဲ ကန့်ကွက်ဆန္ဒပြမယ်။ လွတ်မြောက်တဲ့ဆီကို ရှောင်ပြီး စစ်အာဏာရှင်အမြစ်ပြတ်ဖို့ ရရာလက်နက် စွဲကိုင်ပြီး တိုက်ပွဲဝင်မယ်”
စစ်မှုထမ်းဖို့ သတ်မှတ်ထားတဲ့ အသက်ထဲမှာ အကျုံးဝင်နေသူ တနင်္သာရီတိုင်း၊ ထားဝယ်မြို့က မိန်းကလေးတစ်ဦးကလည်း စစ်ကောင်စီရဲ့အမိန့်ဥပဒေတွေကို ရတဲ့နည်းနဲ့ ရှောင်လွှဲသွားမယ်လို့ ပြောပါတယ်။
“ကျွန်မတို့ထားဝယ်မှာဆိုလို့ရှိရင် စစ်သင်တန်းတက်ဖို့ စပြီးပို့နေပြီလို့ကြားတယ်၊ ကျွန်မက လွတ်မြောက်နယ်မြေ ကို ထွက်ခွာဖို့လည်း အစီအစဥ်မရှိဘူး။ ပြည်ပသွားဖို့လည်း အစီအစဥ်မရှိဘူးဆိုတော့ နေရာတစ်ခုမှာ ပြောင်းရွှေ့ ပြီးတော့နေမယ်ပေါ့နော်။ ကိုယ့်ကိုယ်ကိုယ်တော့ အစစအရာရာ ဂရုစိုက်ရမှာပေါ့။ အာဏာရှင်ကို မကြိုက်လို့ကို တော်လှန်နေတာဆိုတော့ သူပြဋ္ဌာန်းတဲ့ ဘယ်လိုဥပဒေ၊ ဘယ်လိုဟာကိုပဲဖြစ်ဖြစ် ကိုယ်က ဆန့်ကျင်ကန့်ကွက်သွားမှာဆိုတော့ စစ်မှုထမ်းဖို့ ဆင့်ခေါ်လာရင်လည်း အဆုံးထိ ကန့်ကွက်ငြင်းဆန်သွားမှာဖြစ်တယ်”
စစ်မျက်နှာအသီးသီးမှာ အဆုံးအရှုံးတွေနဲ့ရင်ဆိုင်နေရသလို၊ ချွတ်ခြုံကျလာတဲ့ နိုင်ငံ့စီးပွားရေးကြောင့် အခက်အခဲပေါင်းစုံနဲ့ ရင်ဆိုင်နေရတဲ့ စစ်ကောင်စီရဲ့ထင်ရာမြင်ရာလုပ်ရပ်တွေကြောင့် နိုင်ငံတစ်ဝန်းက ပြည်သူတွေမှာလည်း တစ်ပူပေါ် နှစ်ပူဆင့်နေရပါတယ်။
မအူပင်မြို့ကမိခင်ဖြစ်သူကတော့ စိုးရိမ်ပူပန်ရပေမဲ့ သမီးဖြစ်သူရဲ့ ဆုံးဖြတ်ချက်ကို လက်ခံပြီး လိုအပ်တာ ဖြည့်ဆည်းပေးသွားမယ်လို့ ပြောပါတယ်။
“နိုင်ငံခြားတိုင်းပြည်ကိုလွှတ်မယ်ဆိုလည်း ပိုက်ဆံကုန်မယ်။ လယ်တွေ ကိုင်းတွေရောင်းရမယ်။ မိဘတွေက အကြွေးတွေဆပ်ရမယ်၊ ဘဝတွေ ပျက်မယ်။ ဒီမှာနေလို့ သူတို့စစ်မှုထမ်းရမယ် ဆိုရင်လည်း ပြင်ပမှာနေတဲ့ မိန်းကလေးတွေတောင်မှ မုဒိမ်းကျင့်၊ စော်ကားသတ်ဖြတ်နေတဲ့စစ်တပ်ဆိုတော့ ကျွန်မတို့ အယုံအကြည် လုံးဝမရှိပါဘူးရှင့်။ အဲဒီတော့ ကိုယ့်အရှက်ဂုဏ်သိက္ခာအတွက် အသေပဲခံမလား၊ သူတို့ဆီကိုပဲ လိုက်သွားမလား မိဘတွေမှာ ဝေခွဲမရဘူးပေါ့နော်။ ကျွန်မသမီးလေးတွေကတော့ ဘယ်လိုပဲဖြစ်ဖြစ် စစ်ကိုင်းဘက်ကိုပဲသွားမယ် တဲ့။ အဲဒီဘက်သွားဖို့လမ်းကြောင်းကလည်း အခက်အခဲရှိတော့ ကျွန်မကတော့ သမီးလေးကို ကိုယ်တိုင်လိုက်ပို့မယ်။ ဒါပေမဲ့ လမ်းမှာပဲသေသေ၊ ဘယ်လိုပဲဖြစ်ဖြစ် သူတို့လက်ထဲမှာတော့ အကျဆုံးမခံဘူး။ ဘဝပျက်မခံဘူး”
စစ်ကောင်စီဟာ ဧပြီလက စပြီး အမှတ်စဉ် (၁) နဲ့ (၂) အတွက် လူတစ်သောင်းကျော် ခေါ်ယူခဲ့ပြီး အဲဒီအထဲမှာတော့ အမျိုးသမီးတွေ မပါပါဘူး။ အခု အမှတ်စဥ် (၃) မစတင်ခင် အမျိုးသမီးတွေကိုပါခေါ်ယူတော့မယ်ဆိုပြီး သတင်းတွေမှာ ဖော်ပြလာကြတာဖြစ်ပါတယ်။
ဒါကိုကြည့်ခြင်းအားဖြင့် စစ်ကောင်စီတပ်ထဲမှာ လူအင်အားအကြီးအကျယ်လိုအပ်နေတယ်ဆိုတာကို သိနိုင်ပါတယ်။ ဒီလို လိုအပ်လာတဲ့အကြောင်းရင်းတွေကို ဝါရှင်တန်အမျိုးသားစစ်တက္ကသိုလ်က အရှေ့တောင်အာရှ နိုင်ငံရေးနဲ့ လုံခြုံရေးဆိုင်ရာပြသနာတွေကို အထူးပြုလေ့လာသူ ပါမောက္ခ ဒေါက်တာ ဇက်ခါရီ အဘူဇာက ဒီသီတင်းပတ်ထဲမှာပဲ ခွဲခြမ်းပြခဲ့ပါတယ်။
အဲဒီအထဲမှာ တိုက်ပွဲတွေမှာ စစ်ကောင်စီတပ်သားတွေ ဆုံးရှုံးမှုနဲ့ လက်နက်ချတာ၊ ဘက်ပြောင်းတာတွေအပြင် ဆုံးရှုံးခဲ့တဲ့နယ်မြေတွေကို ပြန်လည်သိမ်းပိုက်နိုင်ဖို့၊ အရေးပါတဲ့မြို့ကြီးတွေကို ဆက်လက်ထိန်းချုပ်နိုင်ဖို့ အတွက် အင်အားအပိုတွေထပ်ဆောင်း သုံးနေရတာတွေ ပါဝင်ပါတယ်။ တရုတ်နဲ့ ထိုင်းနိုင်ငံတို့နဲ့ကုန်သွယ်ရေးမှာ အဓိကလမ်းကြောင်းဖြစ်တဲ့ မြဝတီ-မူဆယ်လမ်း၊ အမှတ် (၁) အာရှလမ်းမကြီးနဲ့ကို ပြန်ထိန်းချုပ်ဖို့အတွက် အင်အားအများအပြားဖြည့်တင်းဖို့ ကြိုးစားနေတာဖြစ်တယ်လို့ ဒေါက်တာ အဘူဇာက ပြောပါတယ်။
စစ်ကောင်စီရဲ့ အဖက်ဖက်က လူအင်အားလိုအပ်ချက်တွေအတွက် ထုတ်ပြန်တဲ့အမိန့်တွေကြောင့် ပြည်သူ လူထုဟာ ဘေးကျပ်နံကျပ်အခြေအနေတွေ ရင်ဆိုင်နေရပေမဲ့ အမျိုးသမီးငယ်အများစုကတော့ စစ်ကောင်စီရဲ့စစ်မှုထမ်းဆောင်ဖို့အမိန့်ကို ရတဲ့နည်းနဲ့ ဆန့်ကျင်သွားမယ်လို့ ပြောကြပါတယ်။