နှာခေါင်းစည်းမတပ်သူကို အပြစ်မပေးဘဲ ပညာပေးဖို့ တိုက်တွန်း
2020.05.13
နှာခေါင်းစည်းမတပ်ရင် ကူးစက်ရောဂါများကာကွယ်နှိမ်နှင်းရေးဥပဒေအရ ငွေဒဏ် ငါးထောင်ချမှတ်ခံရမယ်လို့ ရန်ကုန်တိုင်းဒေသကြီး လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်း က ပြောပါတယ်။
နှာခေါင်းစည်းမတပ်တာကို ဥပဒေအရ အရေးယူတာထက် ပညာပေးတာက ပိုသင့်လျော်မယ်လို့လည်း ကျန်းမာရေးကျွမ်းကျင်သူတွေက မှတ်ချက်ပေးပါတယ်။
ကိုရိုနာဗိုင်းရပ်စ်ဟာ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေးတွေကို ထိခိုက်စေနိုင်တဲ့အပြင် အသက်အန္တရာယ် သေဆုံး တဲ့အထိ ဖြစ်နိုင်တဲ့အတွက် နေအိမ်ကနေ အပြင်ကိုထွက်ရင် နှာခေါင်းစည်းတွေတပ်ဖို့၊ လူစုလူဝေးမလုပ်ဖို့၊ တကယ်လို့ စည်းကမ်းမလိုက်နာရင် မေ ၁၃ ရက်ကစပြီး ကူးစက်ရောဂါများကာကွယ်တားဆီးရေး ဥပဒေနဲ့ အရေးယူမယ်လို့ မေ ၁၁ ရက်မှာ မြို့နယ်အုပ်ချုပ်ရေးမှူးတွေက ထုတ်ပြန်လိုက်ပါတယ်။
ရန်ကုန်တိုင်းလူမှုရေးဝန်ကြီးဦးနိုင်ငံလင်းက ပုဒ်မ ၁၅ အရ ငွေဒဏ် ငါးထောင်ချမှတ်ခံရမှာဖြစ်တယ်လို့ RFA ကို ပြောပါတယ်။
“ကျနော်တို့ ငွေဒဏ်ပဲ ပါပါတယ်။ ပုဒ်မ ၁၅ မှာ ငွေဒဏ်ပဲ ပါပါတယ်။”
နှာခေါင်းစည်းတပ်ဖို့ မေတ္တာရပ်ခံပေမဲ့ စည်းကမ်းမလိုက်နာသူတွေရှိတာကြောင့် အစိုးရအနေနဲ့ အခုလိုလုပ်သင့် တယ်လို့ ကိုရိုနာဗိုင်းရပ်ကာကွယ်ရေး ကူညီဆောင်ရွက်ပေးနေတဲ့ အင်းစိန်မြို့နယ် တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးဝေဖြိုးဟန်က ပြောပါတယ်။
“Mask မတပ်ရင် ထုတ်ပြန်ထားတဲ့ ဥပဒေအတိုင်း အရေးယူဆောင်ရွက်မယ်ဆိုတာ ပါပြီးသားပဲလေ။ အဓိကက ဒီလိုဆောင်ရွက်တယ်ဆိုတာ လူတွေကို အသိတရားရစေချင်တာပါ။ နိုင်ငံတော်အစိုးရကတော့ လူတိုင်းကို အရေး ယူချင်လို့လုပ်တာတော့ မဟုတ်ဘူးပေါ့ဗျာ။ ဒါလေးလုပ်ပေးကြပါလို့ မေတ္တာရပ်ခံတာ တချို့လူတွေက မလိုက်နာ ဘူး။ ကိုယ့်ကျန်းမာရေးဆိုတာကို မမြင်ဘဲနဲ့ အစိုးရက ပြောချင်တာပြောတာပဲ။ ငါတို့ကလည်း လုပ်ချင်သလို လုပ်မှာပဲ နေချင်သလိုနေမှာပဲဆိုတဲ့လူတွေ ရှိပါတယ်။ ဒါကြောင့် အစိုးရက လုပ်ထုံးလုပ်နည်းနဲ့အညီလုပ်ရတာပဲ ဖြစ်ပါတယ်။”
နှာခေါင်းစည်းမတပ်တဲ့သူ အများစုက ကိုရိုနာဗိုင်းရပ်စ်ရောဂါအကြောင်း သေချာမသိတာ၊ နှာခေါင်းစည်း ဝယ်တပ်ဖို့ အခက်ခဲရှိတာ၊ ကိုယ်တိုင်ချုပ်ဖို့ မလွယ်ကူတာတွေကြောင့်လည်း ဖြစ်နိုင်တယ်လို့ ကျန်းမာရေး ကျွမ်းကျင်သူတွေက မှတ်ချက်ပြုပါတယ်။
နှာခေါင်းစည်းမတပ်ရင် ဒဏ်ငွေအပါအဝင် ပြစ်ဒဏ်ပေးတာတွေကို တချို့တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာ လုပ်ခဲ့တာတွေရှိပြီး ဝေဖန်တာတွေလည်းရှိကြပါတယ်။
အခုလို ငွေကြေးပြစ်ဒဏ်ဟာ အဆင်မပြေသူတွေအတွက် ဝန်ထုတ်ဝန်ပိုး ဖြစ်နိုင်တယ်လို့ မန္တလေးမြို့ နား၊ နှာခေါင်း၊ လည်ချောင်း အထူးကုဆရာဝန်ကြီး ဒေါက်တာမိုးသီတာလင်းက ပြောပါတယ်။
“အမှန်တော့ Mask တပ်တာက ပြစ်ဒဏ်ဆိုတာထက် လူတိုင်းတစ်ယောက်ချင်းမှာ ငါ့မိသားစုအတွက်၊ ငါ့နိုင်ငံ အတွက် ငါတို့တစ်ယောက်ချင်းစီအတွက် ကာကွယ်သင့်တယ်လို့ အသိစိတ်ဓာတ်ဝင်သွားအောင် လုပ်သင့်တယ် ထင်ပါတယ်။ ဒဏ်ငွေအနေနဲ့ဆိုတော့ အခုချိန်က စီးပွားရေးမကောင်းတော့ သူတို့အတွက် Burden အနေနဲ့ ဖြစ်သွားမလားပေါ့နော်”
စက်ရုံအလုပ်ရုံတွေက တချို့အလုပ်ရှင်တွေဟာ ဝေပေးတာမဟုတ်တဲ့အပြင် အလုပ်သမားတွေကို နှာခေါင်းစည်း ပြန်ရောင်းတဲ့စက်ရုံတွေရှိတယ်လို့ အလုပ်သမားအရေးကူညီပေးနေတဲ့ အနာဂတ်အလင်းတန်းဆုံမှတ်အဖွဲ့ ဥက္ကဋ္ဌ မသက်သက်အောင် က ပြောပါတယ်။
“ခက်တာကလည်းပဲ စက်ရုံအလုပ်ရုံတွေမှာ တစ်ခုကို ၇၀၀ နဲ့ ပြန်ရောင်းနေတယ်။ အမှန်ဆိုလို့ရှိရင် သူတို့ ပေးရမယ့်အစား လုပ်ငန်းရှင်က ပြန်ရောင်းနေတာတွေ ရှိနေတယ်။ တကယ့်လက်တွေမှာတော့ တတ်နိုင်တဲ့ သူတွေက တတ်နိုင်မှာပေါ့လေ။ အခြေခံလူထုမှာတော့ တစ်ခု တစ်ခု ဝယ်တပ်ဖို့က အင်မတန်အခက်ခဲရှိတယ်။ တပ်ရမယ်ဆိုတာ ကပ်ရောဂါအတွက် အင်မတန်အရေးကြီးတယ်ပေါ့။ ဒါဆိုရင် မတပ်နိုင်တဲ့သူတွေကို ဘယ်လို လက်လှမ်းမှီအောင် အစိုးရကနေ ဘယ်လိုပံ့ပိုးပေးမလဲပေါ့။”
တဖက်မှာလည်း အဲဒီလိုနှာခေါင်းစည်းတွေကို မတပ်ဘူးဆိုရင် ကိုရိုနာဗိုင်းရပ်စ်ပျံ့နှံ့တာ ပိုများသွားလိမ့်မယ်လို့ အင်တာနက်ကနေ ကျန်းမာရေးအသိပညာတွေ ဖြန့်ဝေပေးနေတဲ့ ဒေါက်တာထက်ဝင်းက ပြောပါတယ်။
“ Mask မတပ်ဘူးဆိုရင် ကိုဗစ်ပျံ့ပွားမှုနှုန်း အရမ်းမြန်သွားနိုင်ပါတယ်။ လက်ကိုဆေးတယ်ဆိုတာက ကိုဗစ်နိုင်တီး ကပ်လာနိုင်တဲ့ အဓိကရင်းမြစ်ဖြစ်လို့ပါ။ ဒါပေမဲ့ ကူးစက်တာက နှာခေါင်းနဲ့ ကူးစက်တာဖြစ်တဲ့အတွက် ရောဂါ ဖြစ်နိုင်ခြေ ပိုများသွားနိုင်ပါတယ်။ ပေါ့စတစ်တွေ့သူတွေ မတပ်ဘူးဆိုရင် ပိုပြီးများသွားနိုင်ပါတယ်။”
အရင်က ခွဲစိတ်ခန်းသုံးနှာခေါင်းစည်းတွေကို သုံးမှသာ ရောဂါကာကွယ်နိုင်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ထုတ်ပြန်ထားပေမဲ့ နောက်ပိုင်းမှာ အဝတ်နဲ့ချုပ်ထားတဲ့ နှာခေါင်းစည်းတွေကိုလည်း လက်ခံလာကြတယ်လို့ ကျန်းမာရေးကျွမ်းကျင်သူတွေက ပြောပါတယ်။
ခွဲစိတ်ခန်းသုံးနှာခေါင်းစည်းတွေက တစ်ခါသုံးတွေဖြစ်တဲ့အပြင် အခြေခံလက်လုပ်လက်စားတွေအတွက် ဝယ်ယူဖို့ အခက်ခဲရှိနိုင်တာကြောင့် ထပ်ခါ ထပ်ခါ လျှော်ဖွတ်သုံးနိုင်တဲ့ အဝတ်ချုပ်နှာခေါင်းစည်းတွေကိုလည်း သုံးလို့ရ တယ်လို့ ပြောပါတယ်။
သင်္ဃကျွန်းမြို့နယ် ကိုရိုနာဗိုင်းရပ်စ် ထိန်းချုပ်ရေးနဲ့ အရေးပေါ်တုံ့ပြန်ရေးကော်မတီဝင်တစ်ယောက်ဖြစ်သူ ဒေါက်တာ ကျော်စွာဦးက ပြစ်ဒဏ်တွေထက် ပညာပေးကာလကို အရင်လုပ်ပေးစေချင်တယ်လို့ ပြောပါတယ်။
“ပြစ်ဒဏ်မလုပ်ခင် ပညာပေးကာလ လုပ်သင့်ပါတယ်။ ဒါမှလည်း အားလုံးအတွက် ညီမျှမှုရှိမှာပါ။ တချို့ ဒီနှာခေါင်းစည်းကို ဝယ်မတပ်နိုင်တဲ့ လူတန်းစားတွေ ရှိပါတယ်။ တတ်နိုင်သည်ဖြစ်စေ၊ မတတ်နိုင်သည်ဖြစ်စေ တစ်ပတ် ဆယ်ရက်လောက် ပညာပေးကာလ သတ်မှတ်ပေးသင့်ပါတယ်။”
မြန်မာနိုင်ငံမှာ ကိုရိုနာကူးစက်ခံရသူ အယောက် ၁၈၀ ထဲမှာ ရန်ကုန်တိုင်းဒေသကြီးအတွင်းက အင်းစိန်၊ မရမ်းကုန်း၊ တောင်ဥက္ကလာ၊ တာမွေ၊ ဗဟန်း၊ ပန်းပဲတန်း၊ မင်္ဂလာတောင်ညွှန့်၊ ဗိုလ်တထောင်၊ လှိုင်သာယာ အပါအဝင် မြို့နယ် ၂၈ ခုမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၁၄၅ ယောက်ရှိပြီး သေဆုံးသူ ငါးယောက်ရှိပါတယ်။