ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ပွဲ ပြည်ပနိုင်ငံတွေမှာ ကျင်းပ
2023.06.18

ဒီနေ့ ဇွန် ၁၉ ရက်နေ့မှာ ကျရောက်တဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၇၈ နှစ်ပြည့်မွေးနေ့ အထိမ်းအမှတ်ဆုတောင်းပွဲတွေကို အမေရိကန်ပြည်ထောင်စု၊ ဂျပန်၊ ကိုရီးယားနဲ့ ထိုင်း အစရှိပြည်ပရောက် မြန်မာအင်အားစုတွေက မနေ့က ကျင်းပပါတယ်။
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ တန်းတူညီမျှခြင်း ပရဟိတက ကြီးမှူးကျင်းပတဲ့ပွဲမှာတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့တကွ နိုင်ငံရေးအကျဉ်းသားတွေအားလုံး လွတ်မြောက်ဖို့ ဆုတောင်းခဲ့ကြပါတယ်။
ဂျပန်ရောက် မြန်မာတွေကလည်း တိုကျိုမြို့မှာ ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ဆုတောင်းပွဲ ကျင်းပပါတယ်။
တောင်ကိုရီးယားနိုင်ငံမှာလည်း စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေးကော်မတီနဲ့ တောင်ကိုရီးယားရောက် မြန်မာ့တော်လှန်ရေး အဖွဲ့အစည်းတွေက ကြီးမှူးပြီး ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေးနဲ့ ငြိမ်းချမ်းရေးဆန္ဒပြပွဲ ကျင်းပပါတယ်။
အမေရိကန်ပြည်ထောင်စုအရှေ့ခြမ်း နယူးယောက်မြို့မှာလည်း မြန်မာနိုင်ငံသားတွေက ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ အကြိုပွဲကို မနေ့က ကျင်းပါတယ်။
ဝါရှင်တန်ဒီစီမြို့တော်တစ်ဝိုက်က မြန်မာတွေကလည်း Maryland ပြည်နယ်မှာ ဇွန် ၁၇ ရက် စနေနေ့က ကျင်းပခဲ့ပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ NUG ပညာရေးဝန်ကြီး ဒေါက်တာဇော်ဝေစိုးနဲ့ လူထုတွေ့ဆုံပွဲနဲ့ ဒေါ်အောင်ဆန်းစုကြည် မွေးနေ့အကြိုပွဲ ကျင်းပတာဖြစ်ပြီး အမေရိကန်ပြည်ထောင်စု ပြည်နယ်တချို့က မြန်မာအင်အားစုတွေလည်း တက်ရောက်ခဲ့ကြပါတယ်။