ဒေါ်အောင်ဆန်းစုကြည်မွေးနေ့မှာ ပန်းပန်တဲ့ အမျိုးသမီး ၁၂ ဦးထက်မနည်းဖမ်းဆီးခံရ

စောဖိုးခွား (ဝါရှင်တန်ဒီစီ)
2023.06.19
ဒေါ်အောင်ဆန်းစုကြည်မွေးနေ့မှာ ပန်းပန်တဲ့ အမျိုးသမီး ၁၂ ဦးထက်မနည်းဖမ်းဆီးခံရ ၂ဝ၂၃ ခုနှစ် ဇွန်လ ၁၉ ရက်နေ့က ကျရောက်သည့် ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ အထိမ်းအမှတ် ပန်းသပိတ် ဆင်နွှဲနေကြသည့် ဝက်လက်မြို့နယ်မှ ဒေသခံများ။
ဝက်လက်မြို့နယ် လူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီ

ဇွန်လ ၁၉ ရက် မနေ့နံနက်ပိုင်းက ရန်ကုန်မြို့ ဂျန်ရှင်းစကွဲစျေးဝယ်စင်တာအနီးမှာ လက်နက်ကိုင်ထားတဲ့ စစ်ကောင်စီတပ်သားတွေဟာ ပန်းဝယ်ပြီးလာတဲ့သူတွေ၊ ပန်းပန်ထားတဲ့သူတွေကို ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။

မနေ့က ကျရောက်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် ၇၈ နှစ်ပြည့်မွေးနေ့ကို ဂုဏ်ပြုတဲ့အနေနဲ့ ဦးခေါင်းထက်မှာ ပန်းတွေဆင်မြန်းကြဖို့ စစ်အာဏာရှင်ဆန့်ကျင်သူတွေဘက်က နှိုးဆော်ခဲ့တာပါ။

တစ်ချိန်တည်းမှာပဲ စစ်ကောင်စီတပ်သားတွေကလည်း ပန်းပန်ထားတဲ့သူ၊ စျေးကနေ ပန်းဝယ်ပြီးပြန်လာတဲ့သူ မှန်သမျှကိုဖမ်းဆီးနေတာကို ဒေသခံတစ်ဦးက လူမှုကွန်ရက်ကနေ ဝေမျှခဲ့တဲ့ ဗီဒီယိုမှာ တွေ့နိုင်ပါတယ်။

ဒီဗီဒီယိုကို လူတော်တော်များများ ပြန်လည်ဝေမျှခဲ့ကြပြီးတော့ "ကျည်ဆန်ကို ခါးပတ်ပတ်ပြီး ပန်းပွင့်လေးကိုင်တဲ့သူကို ကြောက်လန့်နေတဲ့နိုင်ငံ" ပန်းကိုင်တာကအစ လွတ်လပ်မှုမရှိတော့တဲ့ ငါတို့နိုင်ငံ၊ စစ်အုပ်ချုပ်ရေးဆိုတာ ဒီလိုပဲ" စတဲ့မှတ်ချက်တွေလည်း လူတော်တော်များများက ရေးသားခဲ့ကြပါတယ်။

စစ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံမှာ လွတ်လပ်ခွင့်မရှိတော့တဲ့အကြောင်း အဲဒီဗီဒီယိုအောက်က မှတ်ချက်တွေမှာ တွေ့ရပါတယ်။

ရန်ကုန်၊ ဆင်မလိုက်စျေးနားမှာလည်း ဒေါ်အောင်ဆန်းစုကြည် မွေးနေ့အထိမ်းအမှတ် ပန်းပန်တယ်ဆိုပြီး အမျိုးသမီး သုံးယောက်ဖမ်းဆီးခံလိုက်ရတယ်လို့ အဲဒီဖြစ်ရပ်ကို မြင်တွေ့ခဲ့သူတစ်ဦးက RFA ကို ပြောပါတယ်။

ကမာရွတ်၊ ဗိုလ်တထောင် စမ်းချောင်း၊ ကြည့်မြင်တိုင်၊ လှည်းတန်းစတဲ့ဘက်တွေမှာလည်း ဖမ်းဆီးခံရသူတွေ ရှိခဲ့ပေမဲ့ စုစုပေါင်း ဘယ်နှယောက် ဖမ်းဆီးခံထားရလဲဆိုတာ RFA က မသိရသေးပါဘူး။

ကမာရွတ်မြို့နယ်ထဲက သတင်းတွေကိုထုတ်ပြန်ပေးနေတဲ့ Kamayut Information အဖွဲ့ တာဝန်ရှိသူတစ်ဦးကတော့ သူတို့မြို့နယ်ထဲက အမျိုးသမီး အနည်းဆုံး ၁၂ ဦးအဖမ်းခံခဲ့ရတယ်လို့ RFA ကိုပြောပါတယ်။

ရန်ကုန်မှာ ဒီလိုဖမ်းဆီးမှုတွေရှိသလို စစ်ကိုင်းတိုင်း ကလေးမြို့မှာလည်း အမျိုးသမီးတွေ တော်တော်များများ အဖမ်းခံခဲ့ရတယ်လို့ ဒေသခံတွေက RFA ကိုပြောပါတယ်။ အရေအတွက်ကိုတော့ လတ်တလော မသိရသေးပါဘူး။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့မှာ ပန်းပန်တဲ့သူတွေကို ဖမ်းတဲ့ကိစ္စကို မေးမြန်းဖို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းဆီကို မေးမြန်းဖို့ RFA ရုံးချုပ်ကနေ ဖုန်းဆက်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။

အပြစ်မဲ့ပြည်သူတွေကို ပန်းပန်ရုံနဲ့ ဖမ်းဆီးတဲ့ လုပ်ရပ်ကို ရန်ကုန်က စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသပိတ်ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ကိုနန်းလင်းက ရှုတ်ချပါတယ်။

image (3).jpeg
၂ဝ၂၃ ခုနှစ် ဇွန်လ ၁၈ ရက်နေ့က ဂျပန်နိုင်ငံတွင် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့အကြို အခမ်းအနား ကျင်းပနေစဉ်။ (Photo: Citizen Jourtnalist)

မနေ့က ကျရောက်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် ၇၈ နှစ်ပြည့်မွေးနေ့တွေကို မြန်မာနိုင်ငံတစ်ဝန်းက မြို့တွေမှာတင်မက ပြည်ပနိုင်ငံရောက် မြန်မာတွေလည်း တခမ်းတနားနဲ့ ကျင်းပခဲ့ကြတာဖြစ်ပါတယ်။

စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ်ထဲက အသက် ၆၅ နှစ်အရွယ် အမျိုးသမီးတစ်ဦးက ဒေါ်အောင်ဆန်းစုကြည် ကျန်းမာစေဖို့နဲ့ အမြန်ဆုံးလွတ်မြောက်ဖို့ ဆုတောင်းနေတယ်လို့ RFA ကိုပြောပါတယ်။

"အမေစု ကျန်းမာပါစေ၊ ချမ်းသာပါစေ၊ အသက်ရာကျော်ရှည်ပါစေ၊ ချုပ်နှောင်ခြင်းမှ အမြန်ဆုံး လွတ်ကင်းပါစေ။ မြန်မြန်လွတ်မြောက်ပါစေ။ မကြာခင် အမေစု လွတ်မြောက်ရမယ်။ သူဟာ မတရားညှဉ်းပန်းခြင်းကို ခံနေရတဲ့သူ။ အဲဒီလို မတရားလုပ်သူတွေဟာ တစ်နေ့ကျရင် မတရားတာကို ပြန်ခံရမယ်။ အမေစုကို နေ့တိုင်းဆုတောင်းပြီး မေတ္တာပို့နေတယ်"

ပြည်သူလူထုတော်တော်များများက ဒီလိုဆုတောင်းမေတ္တာပို့သနေကြပေမဲ့ အဆက်အသွယ်အားလုံး ဖြတ်တောက်ပြီး အကျဉ်းချခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်ကတော့ ကြားနိုင်မှာ မဟုတ်ပါဘူး။

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ အာဏာသိမ်းယူခဲ့ပြီးနောက် ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီးပြီး စွပ်စွဲပုဒ်မပေါင်း ၁၉ ခုနဲ့ ထောင်ဒဏ် ၃၃ ထိ ချမှတ်ထားတာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။