ဂျပန်ရောက် ရခိုင်တိုင်းရင်းသားတွေ ဒေါ်အောင်ဆန်းစုကြည်ကို ဆန္ဒပြမည်
2019.10.18

ဂျပန်နိုင်ငံကို မကြာခင်သွားရောက်မယ့် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခရီးစဉ်အတွင်း ဂျပန်ရောက် ရခိုင်တိုင်းရင်းသားတွေက ဒေါ်အောင်ဆန်းစုကြည်ကို ကန့်ကွက်ဆန္ဒပြဖို့ စီစဉ်နေပါတယ်။
ဂျပန်ဘုရင်သစ်နန်းတက်ပွဲကို တက်ရောက်ဖို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ လာမယ့် အပတ်ထဲမှာ ဂျပန်နိုင်ငံကို သွားရောက်မှာဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဂျပန်ခရီးစဉ်အတွင်း ရခိုင်တိုင်းရင်းသားများက ဆန္ဒပြကန့်ကွက်ဖို့ စီစဉ်ထားကြောင်း ဆန္ဒပြပွဲကို ဦးဆောင်စီစဉ်သူဖြစ်တဲ့ ဦးမောင်သန်းက RFA ကို ပြောပါတယ်။
အောက်တိုဘာလ၂၁ ရက်မှာ တိုကျိုမြို့ ရှင်နာဂါဝါမြို့က မြန်မာသံရုံးကို ဒေါ်အောင်ဆန်းစုကြည် လာရောက်ချိန်မှာ ဆန္ဒပြတောင်းဆိုသွားမှာဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်ဟာ ရက္ခိုင့်တပ်တော် ( AA ) ကို အမြစ်ဖြတ်ချေမှုန်းဖို့ အမိန့့်ပေးခဲ့သူဖြစ်ပြီး ပြည်တွင်းစစ်ပိုမိုကြီးမားအောင် ဖန်တီးခဲ့သူဖြစ်တာကြောင့် သူ့ကိုဆန့်ကျင် ဆန္ဒပြကြမှာဖြစ် တယ်လို့ ဆန္ဒပြပွဲ ဦးဆောင်သူတွေက ပြောပါတယ်။
အစိုးရကတော့ AA အဖွဲ့ ရခိုင်ပြည်နယ်မှာ အခြေစိုက် လှုပ်ရှားနေတာကို သဘောမကျပါဘူး။ AA အဖွဲ့ကို အမြစ်ဖြတ်ချေမှုန်းဖို့ အမိန့်ပေးခဲ့ကြောင်း တပ်မတော်ပြောရေးဆိုခွင့်ရှိသူက သတင်းထောက်တွေကို ပြောခဲ့ဖူးပါတယ်။
လက်ရှိအချိန်မှာ ပြည်တွင်းစစ်ကြောင့် ရခိုင်မှာ အရပ်သား (၁၀၀) သတ်ဖြတ်ခံရပြီး ရခိုင်ဦးရေ (၃၀၀) ဝန်းကျင် မတရားဖမ်းဆီးခံနေရကြောင်းနဲ့ တိုက်ပွဲရှောင်ပြည်သူ ၇၀၀၀ဝ ဟာလည်း အစိုးရရဲ့ အကူအညီတွေ မရရှိဘဲ ချို့တဲ့စွာနေထိုင်နေကြရတာကြောင့် ရခိုင်ပြည်သူအချင်းချင်း အထောက်အပံ့ပေးတာကို ပိတ်ပင်တာကို ရပ်တန့်ပေးဖို့နဲ့ အင်တာနက်ပိတ်ထားတာ ပြန်ဖွင့်ပေးဖို့ တောင်းဆိုဆန္ဒပြတာလို့ ဦးမောင်သန်းက ပြောပါတယ်။
"စစ်ဘေးဒုက္ခသည်တွေကို ရိက္ခာမပေးအောင် ငတ်ပြတ်ပြီးသေသွားအောင် လုပ်တယ်ဆိုတာ တိတ်တဆိတ် လူမျိုးတုံးသတ်ဖြတ်တာနဲ့ တူတူပဲ။ စစ်ဖြစ်တာက အစိုးရနဲ့ AA နဲ့စစ်ဖြစ်တာ။ ပြည်သူတွေနဲ့ ဘာမှမဆိုင်ဘူူး။ ဒါပေမဲ့ ပြည်သူတွေကို ရိက္ခာမပေးဖို့ ကိုတားဆီးတာက အဆိုးဆုံးပဲ"
ပြည်သူတွေက လိုအပ်နေတာတွေကို ရင်ဖွင့်တောင်းဆိုတဲ့ သဘောဖြစ်လို့ အရပ်သားအစိုးရ ခေါင်းဆောင်ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ကိုသာ ဆန္ဒပြခြင်းဖြစ်တယ်လို့ သူကဆိုပါတယ်။
ဆန္ဒပြပွဲဟာ ရခိုင်ပြည်သူတွေရဲ့ သဘောထားဆန္ဒကို တစ်စုံတစ်ရာထင်ဟပ်စေတာမို့ အဲဒီဆန္ဒပြပွဲကို ကြိုဆိုပြီး နိုင်ငံ့ခေါင်းဆောင်အနေနဲ့ ပြည်တွင်းစစ်မှာ တစ်စုံတစ်ရာ သဘောထားမှတ်ချက် ပေးသင့်တယ်လို့ မြောက်ဦးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဦးလှစောက ပြောပါတယ်။
"သူတို့အယူအဆက ရခိုင်တွေအကုန်လုံး ယေဘူယျယူဆထားတဲ့ အယူအဆတစ်ခုပဲ။ ဒါကတော့ နိုင်ငံတော် ခေါင်းဆောင်ကလည်း ပြည်တွင်းစစ်မှာတော့ တစ်စုံတစ်ရာ သဘောထားမှတ်ချက် ပေးသင့်တယ်။ မပေးဘဲနဲ့ တိတ်ဆိတ်နေတဲ့အတွက်ကြောင့် သဘောထားဆန္ဒကို ဖော်ထုတ်တယ်ဆိုတာက ဒီမိုကရေစီလက္ခဏာ တစ်ခုပဲ။ ကြိုဆိုရမှာပါ"
တပ်မတော်က ရက္ခိုင့်တပ်တော် (AA ) ကိုထိုးစစ်ဆင်တိုက်ခိုက်နေမှုအား ဂျပန်အစိုးရမှ ရှုတ်ချကန့်ကွက်ပေးဖို့နဲ့ ရခိုင်စစ်ဘေးရှောင်ဒုက္ခသည်တွေကို အကူအညီများပေးဖို့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၀ ရက်က ဂျပန်နိုင်ငံ တိုကျိုမြို့ရှိ နိုင်ငံခြားရေးဝန်ကြီးရုံးရှေ့မှာ ဂျပန်ရောက် ရခိုင်လူမျိုးများက တောင်းဆိုပွဲတစ်ခု လုပ်ခဲ့ပါသေးတယ်။
ကရင့်အာဇာနည်နေ့ ကျင်းပသူတွေကို ဖမ်းဆီးအရေးယူတာတွေနဲ့ ပတ်သက်ပြီး ဂျပန်ရောက် ကရင်တိုင်းရင်း သားတွေက အောက်တိုဘာလဆန်းပိုင်းမှာ အစိုးရအဖွဲ့ကို ဆန္ဒပြခဲ့ရာမှာ ဂျပန်ရောက် ရခိုင်တိုင်းရင်းသားတွေလည်း ပူးပေါင်းပါဝင်ခဲ့တာကို တွေ့ရပါတယ်။
ဂျပန်ရောက် ရခိုင်တိုင်းရင်းသားတွေရဲ့ ဆန္ဒပြပွဲကိုလည်း အခြားတိုင်းရင်းသားတွေ ပူးပေါင်းပါဝင်ဖို့ ဆက်သွယ်မှုတွေ ရှိနေပြီး ယခင်ဆန္ဒပြပွဲတွေထက် အင်အားများနိုင်ကြောင်း ယူဆနေကြပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ မျိုးညွှန့်ကတော့ နိုင်ငံသားအားလုံးဟာ လွတ်လပ်စွာဆန္ဒ ထုတ်ဖော်ခွင့်ရှိတဲ့အတွက် ဒီလိုထုတ်ဖော်ရတဲ့အကြောင်းကို လေ့လာပြီး အတတ်နိုင်ဆုံး ပြန်လည်ကူညီသွားမှာဖြစ်တယ်လို့ ပြောပါတယ်။
"ပဋိပက္ခတွေရှိရင်တော့ ဆန္ဒထုတ်ဖော်မှုတွေရှိမှာပါပဲ။ ဒါဒီမိုကရေစီရဲ့ လက္ခဏာတစ်ရပ်ပါပဲ။ သူတို့ဆန္ဒပြတဲ့ အကြောင်းအရင်းကို ကျွန်တော်တို့က သိခွင့်ရတဲ့အတွက် ကောင်းတယ်လို့ပဲ ပြောချင်ပါတယ်"
ဂျပန်ဘုရင်သစ် နာရူဟီတိုရဲ့ ထီးနန်းဆက်ခံပွဲ အခမ်းအနားကို တက်ရောက်ဖို့ ဒေါ်အောင်ဆန်းစုကြည်ကို ဂျပန်အစိုးရက ဖိတ်ကြားထာတာဖြစ်ပြီး အခမ်းအနားကို တက်ရောက်မယ်လို့ နိုင်ငံတော်အတိုင်ပင်ခံရုံးကလည်း ထုတ်ပြန်ထားပါတယ်။
ဂျပန်ခရီးစဉ်ဟာ အောက်တိုဘာလ ၂၁ ရက်ကနေ ၂၃ ရက်ထိ သုံးရက်ကြာမြင့်မှာဖြစ်ပါတယ်။ ဒေါ်အောင်ဆန်း စုကြည်ဟာ နိုင်ငံအကြီးအကဲ တာဝန်ယူပြီးနောက်ပိုင်း ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ်က ဂျပန်နိုင်ငံဝန်ကြီးချုပ်ရဲ့ ဖိတ်ကြား ချက်ကြောင့် ဂျပန်နိုင်ငံကို ချစ်ကြည်ရေးခရီးတစ်ကြိမ်၊ ၂၀၁၈ ခုနှစ် အောက်တိုဘာလ ၅ ရက်က ၁၀ ကြိမ်မြောက် မဲခေါင်- ဂျပန် ထိပ်သီးအစည်းအဝေး တက်ရောက်ဖို့ တစ်ကြိမ် နှစ်ကြိမ်သွားရောက်ဖူးပါတယ်။ ဒါကြောင့် မကြာခင်သွားရောက်မယ့် ဂျပန်နိုင်ငံခရီးစဉ်ဟာ နိုင်ငံ့အကြီးအကဲ တစ်ဦးအနေနဲ့ တတိယအကြိမ်သွားတာလည်း ဖြစ်ပါတယ်။
(RFA သတင်းထောက် မဖြူဖြူခိုင် စုစည်းတင်ပြသည်။)